-----------------
တစ်စုံတစ်ယောက်ကများ ကိုယ့်ကို ဘယ်အရာတွေကို နှစ်သက်နေတတ် ကြိုက်နေတတ်လဲ ဆိုတဲ့ မေးခွန်းမျိုး မေးလာခဲ့ရင် ဖြေဖို့ေ တ်ာတော်ခက်နေမိလိမ့်မည်။
ကြိုက်နှစ်သက်တဲ့ အရာတွေ ။ တစ်နေ့ချင်းထဲက ၊ ရာသီဥတုတွေတိုင်းက ၊ သဘာဝတရားကြီးဆီက ၊ နှစ်စဉ်အဖြစ်အပျက်တွေထဲက ၊
နောက်..ကိုယ်ဖြတ်သန်းခဲ့ ဘ၀ထဲက ၊ နောက်တော့ အခု လက်ရှိဖြတ်သန်းနေရတဲ့ ဘ၀ထဲက ။
ဘ၀က အမှန်တကယ် ကြိုက်နှစ်သက်သလို အမှန်တကယ်နေထိုင်လုပ်ပိုင်နိုင်ခွင့်ရရှိနေရဲ့လား
နေခွင့်ရ ပြုမူဆောင်ရွက်ခွင့်ရတာလေးအပေါ် ဒီလိုပဲ ကြိုက်ပေးလိုက်ရတော့တာလား၊ ကြိုက်ချင်ယောင်ဆောင်နေရတာလား၊
အလိုက်သင့် ကြိုက်နှစ်သက်ပါတယ်ဆိုတာမျိုးလေးတောင် ပြောမထွက်နိုင်လောက်အောင် ဘ၀နဲ့ ကိုယ်ကသဟဇာတမဖြစ်တော့ပြီလား..
တသီတတန်းမေးခွန်းတွေက မွန်းကြပ်စရာကောင်းလွန်း လှပါသည်။
တကယ် ကြိုက်နှစ်သက် တာတွေကို တကယ်လုပ်ဆောင်ခွင့်ရနေရဲ့လား...
အဲသည့်မေးခွန်း ကို အထပ်ထပ်ရေရွတ်နေမိတော့ ၀မ်းနည်းသလို ရှိလာမိခဲ့သည်.။
ဟုတ်တယ်..။
ကိုယ်က မနက်ခင်းတွေ ဒီလိုနည်းနဲ့ မလင်းပချင်သည်ကတော့ အမှန်ပင်။
----------------------------
အငြိမ့်ညောင်းဆုံး သံစဉ်တစ်ခုကို ရွေးချယ်ထားသည့်တိုင်အောင် နိုးစက်ဆိုသည့်မြည်သံက နားကလောစရာကောင်းလွန်းနေသည်သာ။
ဒီလိုဆိုတော့ ကိုယ်တို့ ဇာတိ တောမြို့လေးမှာ ဘွန်တော်...ဆွမ်းချက်ရန်ထတော်မူကြပါ့ ဆိုသည့် အသံနဲ့နိုးထရသောမနက်ခင်းတွေကို သတိရမိလိုက်သည်။
အထူးသဖြင့် ခုလို နှင်းကြွင်းနေသေးတဲ့ နွေဦး မနက်ခင်းတွေမှာ..ပေါ့..
အာရုဏ်ခြည် အလင်း ဝေရီဝါးဝါးထဲမှာ တန်းစီပြီးကြွလာကြတဲ့ ဘုန်းတော်ကြီးတွေကို မေမေက ဆွမ်းတစ်ဇွန်းချင်းခပ်လောင်းလို့ ကိုယ်က ကျောင်းသားလေး ဖွင့်ပေးတဲ့ ဆွမ်းချိုင့်အံလေးထဲ ဟင်းတွေကို ထည့်လှူလို့ ။
နောက်ဆုံးဘုန်းတော်ကြီးကို ဆွမ်းအားလုံး လောင်းလှူအပြီးမှာ သားအမိနှစ်ယောက်သား မြေပေါ်ပုံ့ပုံ့လေး ထိုင်ပြီးဦးချကန်တော့၊
တရွေ့ရွေ့ဝေးသွားတဲ့ ဘုန်းတော်ကြီးတွေကို မျက်စိတဆုံးငေးမောကြည်နူးနေရတာမျိုးကို သိပ်ကို သဘောကျ နှစ်သက်ခဲ့ရပါသည်..။
အခု ကိုယ်က ကတိုက်ကရိုက်ခြေလှမ်းတွေနဲ့ အေးစက်နေတဲ့ ကျည်ဆန်ရထားတစ်စီးပေါ်မှာ စာအုပ်တစ်အုပ်ကို ဖတ်ချင်ဖတ်မိနေမည် ။ ဖုန်းကနေ Face book ၀င်ချင်ဝင်နေမည်။ ကွန်ပြူတာဂိန်း နှိပ်ချင်နှိပ်နေမည်။
ဒါမှမဟုတ် ခုလို ကိုယ်နှစ်သက်ခဲ့တာတွေကို ပြန်စဉ်းကောင်းစဉ်းစားနေမည်ပေါ့။
မနက်ခင်းစာအဖြစ် ငြုတ်ကောင်းမုန့်ဟင်းခါး အငွေ့တထောင်းထောင်းကို ကြက်သွန်ဥပိုထည့်နော် ငှက်ပျောပင်ပိုထည့်နော်..နံနံပင်ပိုထည့်နော်တွေ ဆက်တိုက်ပြောပြီး ခေါင်းမဖေါ်ပဲစားခဲ့ နှစ်သက်ခဲ့ရတာကို ပြန်တွေးပြီး
မိုင်လို တစ်ခွက်ကို စိတ်မပါလက်မပါ ဖျော်သောက်ရပါလိမ့်ဦးမည်။ ဗမာစာ စစ်စစ်ကလွဲပြီး ဘယ်လို ဘိုစာ တရုတ်စာ မှ နှစ်သက်လို့မရသည့် ကိုယ့်အဖို့ ဒီနိုင်ငံမှာ စားချင်စရာ ကလည်း ရှားပါးလွန်းလှသည်လေ။
အဲဒီ့ခေတ်က ကိုယ်တို့ မောင်နှမနှစ်ယောက်သား မနက်တိုင်းလိုလို မေမေပေးသည့် သုံးဆယ့်ငါးပြားနဲ့ မုန့်ဟင်းခါးတစ်ပွဲနဲ့ နောက် ဆနွင်းမကင်း၊ ဘိန်းမုန့် စတဲ့ အချို မုန့်တစ်ခုခု ၀ယ်စားနိုင်ခဲ့ကြသည်.။
ကိုယ်တို့ မောင်နှမနှစ်ယောက်က မေမေ မသောက်ရလို့ တားမြစ်ထားတဲ့ လှော်စာကိုမှ တက်ညီလက်ညီ ကြိုက်တတ်ခဲ့ကြသေး၏။
တစ်နေ့သား လှော်စာစားနေရင်း မေမေနဲ့ ပက်ပင်းမိကြတော့ မောင်နှမနှစ်ယောက်သား မေမေ့ရှေ့မှာ လက်ကလေးတွေ ပိုက်ပြီး ဒဏ်ပေးခံခဲ့ရဘူးသေးသည်။ မအေက မစားနဲ့ဆိုတာကို စားကြတယ်ဟုတ်လား..။ ဘယ်သူဦးဆောင်တာလဲ ပြော ဆိုတော့ ၊ သားပါ သမီးပါ ဆိုသည့် အသံက ပြိုင်တူထွက်ကျလာခဲ့သည်။
ဖြတ်ကနဲပြုံးယောင်သမ်းသွားတဲ့ မေမေ့က မျက်မှောင်တစ်ချက်ကြုတ်ပြီး မလိမ်နဲ့ ဆိုတော့ မမ...ငါ စ ပြောတာလေ..လို့ ကိုယ့်ကို မန်မဲသလို လှမ်းပြောလိုက်တဲ့ ၊ ချွေးမိတ်တွေနီရဲနေတဲ့၊ မေးဖျားလေး တဆတ်ဆတ်တုန်နေတဲ့ လက်ပိုက်တာကို ရင်ခေါင်းအထက်နား မှာပဲ ပိုက်တတ်တဲ့ ကိုယ့်မောင်လေးကို ကိုယ်က ပိုချစ်သွားမိခဲ့သည်..။
အခုတော့ကိုယ့်မောင်လေးမှာကအဲဒီ့တုန်းကသူ့အရွယ်သားလေးတစ်ယောက်ရှိနေခဲ့လေပြီ။
သူ့သားလေးကလှော်စာသောက်ချင်ပါတယ် ပြောလာရင် မောင်လေး ဘယ်လိုပြောလိမ့်မှာပါလဲ..
မေမေ့ရှေ့မှာ ကိုယ်တို့ လက်ပိုက်နေခဲ့ရသလို သူ့သားလေးကို ဒဏ်ပေးရက်ပါ့မည်လား..
အို ကိုယ့်အဖို့တော့ မေမေ့ကို ကြောက်ချစ်နေရခြင်းကိုလည်း သိပ်ကြိုက်ရတာပါပဲလေ..။
----------------------------
စပယ်နံ့ အနည်းငယ်ပါသည့် Incanto တံဆိပ်ရေးမွှေးနည်းနည်းဆွတ်မိတော့ ကြီးကြီးတို့ အိမ်ရှေ့ က စံပယ်ရုံတွေကို သတိရမိသည်..။
မိုးဦးပေါက်ညနေချမ်းတွေဆို စံပယ်တွေက ခူးလို့ မနိုင်အောင်ဖူးဝေနေကြပြီ ။ ကြီးကြီးကို စံပယ်ဖူးတွေ ကူခူးပေးပြီး အပ်ချည်နဲ့ သီပေးရတာလေးကို သိပ်ကြိုက်နှစ်သက်ခဲ့ရလေသည်ပေါ့။
အိမ်ပြန်တိုင်း ကြီးကြီးက ဘုရားပန်းပေးလိုက်သလို ကိုယ်က မေမေ့အတွက် အရွက်လေး စိမ်းမှောင်နေတဲ့ စံပယ်ခိုင် ထွားထွားကို သေသေချာချာ ရွေးခူးခဲ့သည်သာ။
ရေတွေ တစိမ့်စိမ့် စိမ့်အိုင်ကျနေသည့် သဲသောက်ရေအိုးလေးပေါ်က ငွေသောက်ရေခွက်လေးဘေးမှာ ပန်းခက်ကို တင်ထားပေးလိုက်တော့ ရေတွေရော အိုးရော ခွက်လေးရော စံပယ်နံ့တွေနှင့်သင်းပျံ့လို့နေတော့သည်။
ရေခဲသေတ္တာထဲက ရေခဲ လုလု သောက်ရေဗူးကို ထုတ်သောက်လိုက်တိုင်း နှီးချောနဲ့ ယက်ထားတဲ့ အုပ်ဆောင်းလေးကို ခေါင်းပေါ်တင်ဆောင်းလိုက်ပြီး အေးစက်နေတဲ့ သဲအိုးရေလေးကို တမက်တမော သောက်ခဲ့ရသည်ကို သတိရမိပြန်သည်။
အဖြူအစိမ်းဝတ်စုံနဲ့ဆင်တူ စံပယ်တွေ မခို့တရို့ပန်ထားတဲ့ မေမေ့ကို နှစ်သက်မြတ်နိုးစွာငေးမောနေခဲ့ရပါသည်။ မေမေက ဆရာမတွေ ထဲမှာ အလှဆုံးသိလားလို့ ကိုယ် ဆယ်နှစ်သမီးလောက်က ပြောခဲ့ဖူးသည်..။ အခု အသက် ၃၀ ကျော် အရွယ် မေမေ့ အနား ခဏ လေးပြန်ရောက်ချိန်လေးမှာ ပင်စင်နားနီး မေမေ့ကို မေမေက ဆရာမတွေထဲမှာ အလှဆုံးသိလားလို့ လှိုက်လှိုက်လှဲလှဲပြောမိလိုက်တော့
မေမေက ဟက်ဟက်ပက်ပက်ရယ်မောနေခဲ့သည်..။
အေးစက်စက် ဟင်းတွေကို Micro wave ထဲထည့်ပြီး တိတ်တဆိတ် စားသောက်ရတဲ့ ညနေစာစားနေချိန်မှာတော့ ကိုယ်က ဘာကိုမှ မတွေးတော့ပဲ အတင်းဝင်အောင် မျိုချပစ်လိုက်မိသည်။
ဒီ အချိန်မှာ ကိုယ်က မိသားစု ထမင်းဝိုင်းလေးကို မြင်ယောင်မိလိုက်ရင် မျက်ရည်က သေချာပေါက် ကျရဦးမည်လေ..။
----------------------------
မိုးရွာပြီးခါစ နေရောက်လက်လာသော ရှုမျှော်ခင်းလေးကို သိပ်ကြိုက်ပါသည်။ လန်းဆန်းလတ်ဆတ်သွားသော သစ်ရွက်ပေါ်က ရေသီးလေးတွေဆီ နေရောင်ခြည်ထိုးနေပုံကို ကြိုက်ပါသည်။
ကောင်းကင်ယံဆီမှာ သက်တန့်တစ်စင်းသာ လင်းပွင့်လာခဲ့လျှင် ဘာမှကို ထပ်မလိုတော့တဲ့ ရှုမျှော်ခင်းတစ်ချပ်ဖြစ်နေတော့မည်ပေါ့.။
ဒီအချိန်ဆို သင်္ကြန်ဖက်ဆွတ်မိုးရွာပြီး မြေသင်းနံ့တွေ သင်းပျံ့ကုန်ကြပြီ။ မနက်ဖန်ဆို ခေါင်းရင်းက ပိတောက်ပင်ကြီးပွင့်တော့မလား အဲဒီ့လို ရင်ခုန်မျှော်မောရတာကိုလည်း ကြိုက်ခဲ့ရပါသည်။
ဒီအရပ်မှာတော့ ခုနေပူ ခု မိုးရွာနဲ့ ကြမ်းတမ်းလှတဲ့ အီကွေတာရာသီဥတုထဲမှာ အရွက်တွေ အပွင့်တွေချွေချမိလိုက်တိုင်း ငြူစူခံနေရတဲ့ ပိတောက်ပင်ကြီးတွေက မျက်နှာငယ်နေကြရှာသည်.။
ဒီနိုင်ငံက အထူးပြုလုပ်ချက်တွေနှင့် အတင်းဖန်တီးပြီး ဘယ်လိုမှအနုပညာ မဆန်တဲ့ တိုင်းပြည်လို့ ကိုယ်က လူကြုံတိုင်းပြောနေမိခဲ့သည်။
ကမ်းခြေအတု လှိုင်းအတုတွေနဲ့ ပင်လယ် အတုမှာ ပျော်နေကြတာတွေ့တော့ ကိုယ်က သနားသလိုပင်ဖြစ်နေမိသေးသည်။ ကိုယ်တို့နိုင်ငံက ချောင်းသာလို ငွေဆောင်လို မောင်းမကန်လိုဆို ဘယ်လိုနေကြမလည်းလို့တွေးကြည့်နေမိပြီးမှ
အော..အဲဒီ့တော့လည်း ငါတို့က ဘာလီ နီးနီးလေးပဲလို့ ပြန်ပြောချင်ပြောကြဦးမှာလို့ တွေးရင် ကြိတ်ပြုံးနေရသေးသည်။
ကိုယ်တို့ မြို့လေးဆီမှာက မိုးတွင်းဆို ဗောင်ဗင်ဆန်နေအောင် လျှံနေသော ဧရာဝတီရှိသည်။ နွေရာသီ မြစ်ရေတွေ ကျပြီး ကျန်ရစ်ခဲ့သည့် တပြန့်တပြော ငွေပြာရောင် သဲသောင် ဖွေးလွလွကြီးလည်းရှိသည်။
အဲသည့် သဲသောင်ပြင်ပေါ်မှာ ကိုယ်တို့ မောင်နှမနှစ်ယောက် ခုန်ပေါက်ပြေးလွှားနေခဲ့ကြသည်ကို သိပ်ကြိုက်ခဲ့ပါသည်။
ကိုယ်က ခြေခုံပေါ်ကို သဲတွေ အုပ် ပြန်ထုတ်ပြီး သဲအိမ် လှလှလေးတွေ ဆောက်တော့ မောင်လေးက မြက်ပန်းလေးတွေနှင့် ဥယျာဉ်လေးစိုက်ပေးသည်။ ရေအိုင်လေးထဲမှာ မောင်လေးက သစ်ရွက်စိမ်းလှေလေးကို မျှောတော့ ကိုယ်က လှိုင်းသေးသေးလေးတွေနဲ့ ရွေ့လျားစေခဲ့သည်.။
ဟိုတစ်ဘက်မှာတော့ ဗန်ဂိုးရောင်ဝါနေတဲ့ နေကြာခင်းတွေ..၊ နောက်တော့ ပြောင်းခင်း မြေပဲခင်းတွေကို ဖြတ်တိုက်လာတဲ့ လေ...
အဲဒီ့ အရိုင်းဆန်ဆန်လေထုထဲ ဆံပင်တွေ ထိမ်းသိမ်းမရအောင် ၀ဲလွင့်နေသည်ကိုလည်းကြိုက်ခဲ့ရသည်ပဲလေ..။
ထိုနေရာလေးကနေ မနီးမဝေး အန်တီဝင်းတို့ ကိုင်းကွင်းကို လှမ်းမျှော်ကြည့်နိုင်သေးသည်။
နိုင်သလောက် သယ်သွားကြဆိုတော့ ကိုယ်က သုတ်သခွားလို့ ခေါ်တဲ့ သခွားချဉ် အလုံးထွားထွားကြီးတွေကိုပဲ စွပ်သယ်ချင်နေမိခဲ့၏။
ဒီနိုင်ငံမှာ သခွားသီးတွေကို အချပ်လိုက်လှီးပြီး ပုဇွန်မကျက်တကျက်နှင့်ရောကြော်ထားသည့် ချိုရဲရဲ စိမ်းရွှေရွှေ ဟင်းလျာကို မြင်လိုက်တိုင်း မြေပဲလှော်တွေကို ထောင်း ၊ ပုဇွန်တွေကို သီးတံကြီးနဲ့ဖုတ်ထားတာတွေကို ထောင်း၊ ငရုတ်သီးဆီကြော်နိုင်းချင်းထည့်ပြီး ပင်စိမ်း နံလေး အုပ်ထားသည့် မေမေ့လက်ရာ သခွားသီးသုတ်ကိုချည်း သတိရနေမိခဲ့သည်။
ကိုယ်က သခွားသီးသုတ်ကို စားရတာမပြောနှင့် အနံကိုပင် ကြိုက်လို့ မဆုံးတတ်ခဲ့သူ။
ခုတော့ ကိုယ့်ခမျာက ကိုင်းကွင်းကြီး မရှိဘဲ တိုက်အမြင့်ကြီးတွေ ကြားထဲက ရေစပ်နက်နက်မှာ...တစ်ယောက်တည်း
မျက်နှာတစ်ဝက်လောက်အုပ်တဲ့ မျက်မှန်နက်တစ်လက်နဲ့ မျက်လုံးတွေကို ကာကွယ်ထားပြီး ထိုင်နေ ငေးနေ တွေးနေမိချိန်တိုင်း
ကိုင်းပင်နံ့တွေကို ရလာသလိုလို လေပြည်ရိုင်းတွေ တဟူးဟူး တိုက်လာသလိုလို ၊ ဟေး...ကလေးတွေ ရေလာချိုးကြတော့လို့ မေမေ့အော်ခေါ်သံကို ကြားယောင်လာသလိုလို..
သဲတွင်းတိမ်တိမ်လေးထဲမှာ စိမ့်ထွက်နေတဲ့ ရေကြည် အေးအေးတွေ..
ကိုယ်က တစ်ခါတစ်လေ ရေချိုးခန်းထဲက ရေပူရေအေးစက်ကိုမြင်ပြီး သဲတွင်းရေကို နှစ်သက်ခဲ့ရသည်ကို တမ်းတမိသည်လည်း ရှိခဲ့တော့
ကဲ..ကိုယ်က ဘယ်သီချင်းတစ်ပုဒ်တစ်လေမှ မညည်းရဲလောက်အောင် ခံစားချက်မှာ မရေခွံပါးနေခဲ့လေသည်တဲ့.။
----------------------------
ညဖက် အားလပ်ချိန်လေး အင်တာနက်ပေါ်က ဇော်ဂျီလက်ရေး ၀ိုင်းဝိုင်းစက်စက်နဲ့ စာအုပ်တွေရှာဖွေ ဖတ်နေရချိန်မျိုးမှာတော့ စာအုပ်ပေါင်းစုံ ရှိတဲ့ ဘဘကြီးရဲ့ စာအုပ်စင်ကို သတိရနေမိသည်။ ကိုယ်တို့ သားအမိဖွင့်ခဲ့သည့် တက်လူဆိုသည့် စာအုပ်ဆိုင်လေးကို လွမ်းဆွတ်နေမိသည်။
စာအုပ်တွေ ဖတ်ရတာ သိပ်ကြိုက်တာပဲ ဆိုသည်က ကိုယ်ရဲ့ အချိန်အခါ နေရာဒေသ ရာသီမရွေးဖြေမည့် အဖြေပင်ဖြစ်သည်။
ဇာတ်ကြီးဆယ်ဘွဲ့လို စာအုပ်အထူကြီးကို ၀မ်းလျားမှောက်ပြီးသည်းကြီးမည်းကြီးဖတ်နေတော့ ဘဘကြီးက သဘောတွေ ကျနေခဲ့သည်။
ရွှေသွေး၊တေဇ၊ မိုးသောက်ပန်းတို့နှင့် မေမေက စာဖတ်ဖို့လေ့ကျင့်ပေးခဲ့သည်။ နောက်တော့ ငွေတာရီ ၊ ရူမ၀၊ ပေဖူးလွှာ..နောက်တော့...
စာအုပ်တွေ..စာအုပ်တွေ မေမေက ဒါလေးဖတ် ဟိုဟာလေးဖတ်နှင့်ရွေးဆယ်ပေးတော့ ကိုယ်က အငမ်းမရလို ဖတ်ခဲ့သည်။ ဒီလို ဖတ်ခွင့်ရနေသည်ကို ကြိုက်လိုက်ရတာလေ..။
မေမေက ဦးနု၏ ကာမတဏှာလို ၀တ္ထုမျိုးကို ဒါမျိုးက မဖတ်နဲ့ဦးဆိုပြီး ကိုယ်မမှီနိုင်သည့် အမြင့်မျိုးမှာ တင်ထားတတ်သည်။
ရန်ကုန်ဘဆွေရဲ့ ဗမာပြည်သားကို ဖတ် ၊ စမ်းစမ်းနွဲ့(သာယာဝတီ) ရဲ့ တစ်ကောင်တည်းပဲ ဒါပေမယ့် ခြင်္သေ့ကို ဖတ်။ မိုးမိုးအင်းလျားရဲ့ ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လားကို ဖတ် ၊ ဂျာနယ်ကျော် မမလေးရဲ့ သွေးကိုဖတ်၊ နတ်နွယ်ရဲ့ မြန်မာပြည်မြောက်ပိုင်းကိုဖတ်၊ ခင်ဆွေဦးရဲ့ တို့တိုင်းဌာနီကိုဖတ် မစန္ဒာရဲ့ ဂျီဟောသူကို ဖတ်...ဇော်ဂျီရဲ့ ဗေဒါလမ်း ကဗျာတွေကို ဖတ်
၃တန်းလောက်မှာ ကိုယ်က ၀တ္ထုတိုရေးပြီး ကျောင်းနံရံကပ်စာစောင်ပို့တော့ မေမေနဲ့အတူတူ ဆရာတွေက ရယ်မောနေခဲ့ကြသည်..။
အို လေးတန်းမှာပဲ ကိုယ်က ကဗျာလေးတွေ ရေးနေတတ်ပြီ.ထင်ပါရဲ့။ အဲဒီ့ အချိန်ကတည်းက ကိုယ်က စာရေးခြင်းကို နှစ်သက် စွဲလန်းခဲ့ရသူဖြစ်ကောင်းဖြစ်လိမ့်မည်..။
ချာတိတ်ကလေးက ရေးဖြစ်တဲ့ ကဗျာလေးတစ်ပုဒ်ကို ခုထိသတိရနေမိသည်။ ဒီကဗျာလေးက ကိုယ့် စိတ်ကို ဖေါ်ပြနိုင်ခဲ့သည်လား.
ဒီကဗျာလေး ကပဲ ကိုယ့်ကို တွန်းအားပေးစေခဲ့သည်လား...။ဘယ်အရာတွေ က ကိုယ့်ဦးနှောက်သေးသေးလေးကို ဒီကဗျာမျိုးချရေးဖြစ်အောင် တွန်းအားပေးခဲ့လေသည်လဲ.၊ သေချာတာက ဒီကဗျာလေးကို ဖေဖေဆုံးပြီစ ၁၉၈၄ ခုနှစ်ရဲ့နွေလည်ရဲရဲမှာ ကိုယ်ချရေးဖြစ်ခဲ့ခြင်းပင်.။
ဘဘကြီး မှတ်စုရေးဖို့ပေးထားသော ဗေဒါရောင် စာအုပ်ကလေးထဲမှာ အဲဒီကဗျာလေးက ကိုယ့်ကလေးလက်ရေးလေးတွေနဲ့ ၀ါကျင်ဟောင်းနွမ်းစွာနဲ့ ခုထိ ရှိနေပါသေးသည်။
ကဗျာလေးက
ဘ၀ဆိုတာ ဒီရေလိုပဲ
တက်ရင်တက်မယ် ကျရင်ကျမယ်
တက်ရင်လည်း မမြင့်နဲ့
ကျရင်လည်း မနိမ့်နဲ့
သူဌေးတလှည့် ခွေးတလှည့်တဲ့
သူဌေးဖြစ်လည်း မမြင့်နဲ့ တစ်နေ့ ခွေးဖြစ်ဦးမှာပဲ
ခွေးဖြစ်ရင်လည်း မကျနဲ့ တစ်နေ့ သူဌေးဖြစ်ဦးမှာပဲ .......
ဒီခေါင်းစဉ်မပါ ဘာမပါကဗျာလေးကိုလည်း ကိုယ်က တယုတယနှင့် ချစ်စနိုး ကြိုက်နှစ်သက်နေမိပါသည်ဟု ပြောဦးမည်သာဖြစ်ပါသည်။
----------------------------
စကားပြောဖေါ် မရှိသူတွေရဲ့ ထုံးစံအတိုင်း အွန်လိုင်းမှာ ရှိတဲ့ မိတ်ဆွေတွေနဲ့ စာတွေရိုက်ရင်း စကားဝိုင်းဖွဲ့မိလေတိုင်း ၊ အင်တာနက်ကနေ သတင်းတွေ ဖတ်မိလေတိုင်း
ရှေးဖြစ်နောက်ဖြစ်တွေကို သေသေချာချာ တဖွဲ့တနွဲ့ တိတိကျကျပြောပြနိုင်သော ဘဘကြီး၏ အိပ်ရာဝင်ပုံပြင်တွေကိုသတိရမိရပြန်သည်။
ဘဘကြီးပြောသမျှ မျက်တောင်မခတ်အောင် စိတ်ပါလက်ပါနားထောင်နေခဲ့မိသည်ကိုလည်း သိပ်ကြိုက်ရပါသည်။
ကိုယ့်ထက် အသက် ၇၁ နှစ်တိတိကြီးသော ဘဘကြီးကို အဖိုးတော်စပ်နေရတာ ကိုယ်က ဂုဏ်ယူနေတတ်ခဲ့သေးသည်။
ဘဘကြီးများ အင်္ဂလိပ်စာအုပ်တွေ ဖတ်နေလျှင် ကိုယ်က နေရင်းထိုင်ရင်းမြောက်ကြွကြွ ဖြစ်နေမိခဲ့၏။
ဗြိတိသျှခေတ်၊ဂျပန်ခေတ်၊ ပင်လုံညီလာခံ ၊ ရောင်စုံ ပါတီတွေ ခေတ် ၊ပြည်သူပိုင်တွေသိမ်းတော့၊ ဦးသန့်အရေးအခင်း..၊ ရွှေမန်းတင်မောင်အကြောင်း ၊ အသံတိတ်ခေတ်က ရုပ်ရှင်တွေ..အို..နိုင်ငံရေး ဘာသာရေး ၊ အနုပညာ ပုံတိုပတ်စ ...တွေ မဆုံးနိုင်အောင်..။ နားထောင်လို့ မ၀နိုင်လောက်အောင်....။
ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့ နေ့အကြောင်းပြောတော့ ကိုယ်က မျက်ရည်တွေဝဲလို့ ဘဘကြီးကဂဠုန်ဦးစောမဟုတ်ပါဘူးနော်လို့စိုးရိမ်တကြီး မေးတော့ ဘဘကြီးက သီးအောင်ပင် ရယ်မောနေခဲ့သည်။ဘဘကြီးနာမည် ဦးစောကိုပင် ကိုယ်က ပြောင်းစေ့ချင်ခဲ့တာ ။
ဂဠုန်ဦးစောက သမီးမေမေတို့ မြို့နားကလေ အုတ်ဖိုနားက ကိုင်းကြီးဆိုတဲ့ရွာကပေါ့လို့ပြောသည်ကိုလည်း ကိုယ်က မကြိုက်ခဲ့၊ မဖြစ်စေ့ချင်ခဲ့။
ကိုယ်တို့မောင်နှမ နှစ်ယောက်က ဖေဖေမရှိသည့် နောက်ပိုင်း ဘဘကြီးကို ပိုပြီးတွယ်ကပ်နေမိသလိုဖတဆိုးမြေးလေးနှစ်ယောက် ကိုလည်း သူ့သားရဲ့ ကိုယ်စား ဘဘကြီးက အချစ်ပိုခဲ့သည်ဟု ထင်ပါသည်။ကိုယ် ရှာရှာဖွေဖွေမေးသမျှအားလုံးကို ဘဘကြီးက စိတ်ရှည်လက်ရှည် ဖြေပေးသလို ကိုယ်မသိတာတွေအားလုံး ဘဘကြီးသိနေတာပဲလို့ ကိုယ်က စိတ်ချလက်ချရှိနေခဲ့၏။
ကိုယ်ခုနှစ်တန်းနှစ် ဘဘကြီးက ၈၄ နှစ်နှင့် ဆုံးပါးသွားတော့ ၀မ်းအနည်းဆုံးမြေးက ကိုယ်ပဲဖြစ်နေပါလိမ့်မည်။
ဘဘကြီးက ရှေ့ဖြစ်မှာတွေ ကြိုသိနေသလို မှာကြားလို့ ပူပန်လို့ မဆုံးအောင် ရှိသွားခဲ့ရသည်။ နောက်တော့လည်း ကိုယ်က ၁၉၈၆ မှာ ဆုံးပါးသွားတဲ့ ဘဘကြီးကို ကုသိုလ်ကံကောင်းသည်ဟုပင်ထင်နေမိပါသည်။
ခုချိန်ထိ ဘဘကြီးပြောခဲ့သည့်အထဲက ဘယ်တော့ မှမမေ့နိုင်ဘဲ သွေးထွက်အောင် မှန်ကန်နေတာလေးကို အထပ်ထပ်ကြားယောင် သတိရနေမိခဲ့သည်.။
ဘဘကြီးပြောခဲ့တာ တဘောင်တဲ့ အတိတ်တဘောင်တဲ့ တဘောင်ဆိုတာ ရှေးဖြစ်မယ့်ဟာတွေအတွက် ကြိုတင်ဟောကိန်းတစ်ခုနဲ့ ထားရစ်တဲ့ စကားပုံတွေပေါ့
ရှစ်ခုရှစ်ခု တရုရု
ကိုးခုမှာဆူ အိုးလိုပူ
ဆယ်ခုမှာ လူမတရား
ယဲ့သဲ့ကြား ငါးတင် တင်တဲ့ငါး ကြောင်စားတဲ့
ကိုယ်က ဘဘကြီးရွတ်ပြသည့် အဲဒီ့ တစ်ဘောင်လေးကို ကြားယောင်တိုင်း တွေးမိလေသည်က
ရှစ်ခုရှစ်ခု တရုရု ဆိုတာက ၁၉၈၇၈လား ၁၉၈၈ လား ၁၉၉၈လား ၂၀၀၈လား ၂၀၁၈များလား...
နောက် ဒီလိုပဲ
ဆယ်ခုမှာလူမတရား
၁၉၁၀ လား ၂၀၁၀ လား.....၂၁၁၀လား...၂၂၁၀လား...
အဲသလို မဆုံးနိုင်သည့် အတွေးတွေတစ်ပုံတစ်ပင်နှင့် နားကလောလွန်းလှသည့်နာရီကို ၀တ္တရားမပျက် နိုးစက်ပေးလိုက်ရပြန်သည်။
ဒီလိုနဲ့... ဒီနေ့လည်း အိပ်ယာဝင်ရပြန်ပြီလေ ။ ။
----------------------------
အိန္ဒြာ
(၉.၄.၂၀၁၁)
(ပန်ဒိုရာနဲ့ ကရေတွန် ရေးခိုင်းထားတဲ့ TAG ပါ။ ဒီစာလေးရေးဖြစ်သွားတဲ့ အတွက်ကျေးဇူးတင်ရှိပါကြောင်း)