August 12, 2012

အမျိုးသမီးကဗျာဆရာမ (၃၅)ဦးရဲ့ ကြိုးညှိသံနဲ့ ကဗျာက အမျိုးသမီးတစ်ယောက်ကို ရေးထားတယ်



မြန်မာပြည်ကဗျာလောကမှာလိုနေတဲ့ ကွက်လပ်လို့ ကြီးကြီးကျယ်ကျယ်ပြောချလိုက်ရင်ကောင်းမလား..
ဘယ်လိုပဲပြောပြော ဆိုလိုရင်းက..
အမျိုးသမီးကဗျာဆရာမ(၃၅)ဦးရဲ့ ကြိုးညှိခြင်းဆိုတဲ့ ကဗျာစာအုပ်..
ပန်ဒိုရာ မြန်မာပြည်ပြန်သွားကတည်းက အပင်ပမ်းခံ အသည်းအသန် စီစဉ်ခဲ့ရတဲ့စာအုပ် နှစ်ကာလများက ထွက်လာပြီ..
စာအုပ်မှာပါဝင်တဲ့ ကဗျာဆရာမတွေက အောက်မှာပါတဲ့ အတိုင်း 
စာအုပ်မိတ်ဆက်ပွဲအစီအစဉ် အောက်ပါ အစီအစဉ်အတိုင်း

ကဗျာဆရာမ ၃၅ ဦးဆီက တပြိုင်နက်တည်းထွက်လာတဲ့ ဂီတသံ..
အဲဒီ့ ဂီတသံကို နားနဲ့ ဆတ်ဆတ်ကြားခွင့်မသာပေမယ့် ၊ အာရုံကို အစွမ်းကုန်ဖြန့်လွှတ်ကျက်စားထား မည်ဖြစ်ပါကြောင်း..
ငွေကုန်ကြေးကျခံ၊ စိတ်ပင်ပမ်း လူပင်ပမ်းခံပြီး ကြိုးစားအားထုတ်ခဲ့တဲ့ ရဲမေ ပန်ဒိုရာကို လေးလေးစားစား အလေးပြုလိုက်ပါကြောင်း…
အမှတ်တရ ရေးရင်း
စာအုပ်ပရိုမိုးရှင်း………..

++++++++++++++
အမျိုးသမီး(၃၅)ဦးပါတဲ့ ကဗျာစာအုပ်ထဲက အမျိုးသမီးတစ်ယောက်အကြောင်းကိုရေးထားတဲ့ ကဗျာ..
++++++++++++++

ကဗျာက အမျိုးသမီးတစ်ယောက်ကို ရေးထားတယ်


ကဗျာက အမျိုးသမီးတစ်ယောက်ကိုရေးတယ်။ အမျိုးသမီးက မုဆိုးမ
အသစ်စက်စက်မုဆိုးမလို့ ကဗျာက ညွှန်းပြပြီးတဲ့ အခါ ကဗျာဟာ အကြောင်းအရာတွေ ဆက်တိုက်ရေးပြတယ်
အဖြစ်အပျက် ဇာတ်ညွှန်းဆန်ဆန် အရေးအသား မြင်ကွင်း တွေချည်း

ဒီကဗျာပါ ဇာတ်ကောင်ဟာ နိုင်ဂျီးရီးယားမုဆိုးမ ဖြစ်ကြောင်းခေါင်းစဉ်နဲ့ ကဗျာက ပြောပြတယ်..
ဒီကဗျာဟာ  ဒုက္ခထဲ ဖရိုဖရဲကျန်ရစ်ခဲ့တဲ့ မုဆိုးမတွေရဲ့အကြောင်း
အဲဒီ့ဒုက္ခထဲကို နောက်ထပ်ဒုက္ခတွေ ပစ်ထည့်ဖေါက်ခွဲနေကြတဲ့ ရိုးရာဓလေ့တွေ အကြောင်း
သောကရဲ့လောင်မြိုက်မှုနဲ့ ဘ၀တွေ အရေခွံကျွတ်ထွက်ကုန်တဲ့အကြောင်း စသဖြင့်တွေပါလာမယ်

ဒီကဗျာထဲကမုဆိုးမတွေဟာ လင်သားသေဆုံးပြီဆိုတာနဲ့  ဆံပင်တွေ ရိပ်သင်ခံကြရ
ဒီကဗျာထဲကမုဆိုးမတွေဟာ မုဆိုးမဖြစ်တည်မှုအသစ်ကို ရှုံ့ချပြစ်တင်ခံရဖို့ ၀တ်လစ်စလစ်ခန္ဓာနဲ့ မြို့ထဲလှည့်ပြကြရ
ဒီကဗျာထဲကမုဆိုးမတွေဟာ သူ့ခင်ပွန်းမြေမကျခင်အထိ လက်တွေကို ကြိုးနဲ့တုတ်နှောင်ခံထားရ
ဒီကဗျာထဲကမုဆိုးမတွေဟာ အိပ်စက်ခွင့်မရှိတော့တဲ့ မိသားစုအိပ်ရာလေးဘေးမှာ ခြေဆင်းထိုင်နေကြရ
ဒီကဗျာထဲကမုဆိုးမတွေဟာ အလောင်းစင်နဘေးက သူ့ကလေးတွေကို ချော့မြူပိုက်ထွေးခွင့် မရကြရှာဘူး..
အဲဒီ့ မုဆိုးမက "မင်းတို့အဖေကို လုပ်ကြံသတ်ဖြတ်တာမဟုတ်ဘူး " လို့ "သူတို့စွတ်စွဲပြောဆိုနေသလို မဟုတ်ဘူး"လို့
"မဟုတ်ဘူးးးဘာတစ်ခုမှမဟုတ်ဘူး..." လို့  ရင်ကွဲမတတ် တိတ်တဆိတ် ဟစ်အော်လိုက်တဲ့အခါ..
 ကဗျာဟာ ဆက်ဖတ်လို့မရနိုင်လောက်အောင် မှောင်မည်းတိတ်ဆိတ်သွားလိမ့်မယ်..

အဲဒီ့စာကြောင်းပြီးတာနဲ့ နောက်ထပ်ကပ်လျက်စာကြောင်းမှာ
မုဆိုးမဟာ အလောင်းရဲ့ချိုးရေတွေကိုသောက်ပြီးသစ္စာဆိုပြရတာတွေ
(တကယ်လို့သာ ရောဂါကူးစက်သွားခဲ့ပြီး  သေဆုံးသွားခဲ့ရင် သူမဟာ ဧကန်မုချ ကိုယ့်လင်သားကိုယ် လုပ်ကြံသူပါပဲ )
သူမနဲ့ ကျန်ရစ်ခဲ့တဲ့ကိုယ်ဝန်ဟာ  မသင်္ကာစရာ သက်သေခံဖြစ်သွားတော့တာတွေ
အဲဒီ့သန္ဓေရဲ့ဖခင်မျိုးစိတ်ကို အသေးစိတ် စစ်ဆေးကြတော့တာ အဲဒါတွေ ဆက်တိုက်ပါလိမ့်မယ်။

သားယောက်ျားမမွေးဖွားနိုင်ခဲ့ရင်လည်းအပြစ် ၊ မုဆိုးမဖြစ်ရတာလည်း အပြစ် ၊လင်သားထက်အရင် မသေဆုံးခဲ့တာလည်း အပြစ် စသဖြင့်
လူမိန်းမအဖြစ်ကို ဒီ့ထက်ချနင်းစရာမရှိတော့တဲ့ အယူသီးမှုထဲ ဒီအသားနက်မုဆိုးမတွေ လူအခွင့်အရေးဆုံးရှုံးနေကြတယ် စသဖြင့်
မိရိုးဖလာဆိုတာ ရွေးချယ်ခွင့်မရှိတဲ့ အဆိပ်ခွက်တစ်ခွက်ပါပဲ..စသဖြင့်

အဲဒီ့ စသဖြင့်တွေကိုချပြဖို့...ကဗျာကိုဒီလိုစထားတယ်..

နိုင်ဂျီးရီးယား မုဆိုးမ

အဆိပ်မိသလို ဘ၀ဟာ ချက်ချင်း ပြာနှမ်းကွဲအက်သွားခဲ့ပေါ့
ဆောက်တည်ရာမရ ငိုကျွေးသံတွေမှ မစရသေးခင် သူတို့ရောက်လာကြတော့မယ်
မကြာခင် ..ကျွန်မဆံပင်တွေကိုရိပ်သင်ဖို့ သူတို့ရောက်လာကြတော့မယ်
မကြာခင် .ကျွန်မလက်တွေကိုချည်နှောင်ဖို့ သူတို့ရောက်လာကြတော့မယ်
သိပ်မကြာခင်မှာ ကျွန်မကိုဝတ်လစ်စလစ်နဲ့ တစ်မြို့လုံးကို ပတ်ပြဖို့အထိ
အလောင်းကောင်ကို ရေချိုးထားတဲ့ အပုတ်ရည်တွေကို သစ္စာဆိုပြီးသောက်သုံးပြဖို့အထိ ...............သူ..တို့..


အိန္ဒြာ
(၁၇-၁၂-၂၀၁၁)
( ခင်ပွန်းသည် အရင်သေဆုံးသွားခဲ့ရင် အပြစ်တစ်ခုလို ဒဏ်ပေးခံနေကြရတဲ့ နိုင်ဂျီးရီးယားက မုဆိုးမတွေ အတွက် )


May 16, 2012

တစ်ထောက်နားပြီး လှည့်ပြန်




အညောင်းပြေ အညာပြေ ခြေဆန့်လက်ဆန့်ရွှေအိုရောင် မဟုတ်တော့လည်း ဖက်ဖူးရောင်
မဟုတ်တော့လည်း ကြည်ပြာရောင် ညနေခင်း ပန်းနံ့လေညှင်း တသင်းပျံ့ပျံ့ တိမ်တွေပျံလာတာ
မော့ကြည့်လို့ သီချင်းဆို ရေချိုးခန်းထဲ ရေဘုံပိုင်းခေါင်းဖွင့်ပြီးငိုတဲ့အခါတွေလည်း ငို အညောင်းပြေ
အညာပြေ ခြေဆန့်လက်ဆန့်  ဆွဲဆောင်ညှို့ငင်နိုင်မှုအပြည့် ကြော်ငြာဘုတ်ဘီလ် မထီတရီ ပြီတီတီ
အီစီကလီ သုံးဘက်မြင် မူဗွီ အတွေး တစ်ချက်ငေး ဟိုငေး ဒီငေး အစင်းလေး အကွက်ကလေး
မဟုတ်တော့လည်း နှစ်ဆယ့်သုံး နှစ်ပိုင်းတစ်ပိုင်း ဒီဂရီ အစောင်း အစောင်းလေးဖြစ်ဖြစ်ပေါ့
နောက်ဆုံးပေါ်ဆံပင်ပုံပေါ် ဦးထုတ်တစ်လုံးပစ်တင်နောက်တော့ ဂူချီမျက်မှန်သားအောက်မှာ
အကြည့်တွေကို လှောင်ထား နောက်တော့ဂျင်းဘောင်းဘီထဲလက်နှိုက် ပလက်ဖောင်းဘေးကနေ
သွားမလား ကျည်ဆံရထားနဲ့ သွားမလား နှစ်ထပ်ကားနဲ့သွားမလား မရောက်သေးဘူးလား
မရောက်သေးရင်ရောက်အောင်သွား ရောက်ပြီးရင်တစ်ထောက်နား. အသည်းပုံအမြှုတ်လေး
တွေကိုအသည်း တယားယား ကစား အကြည့်ချင်း ၀ိုးဝန်း တိုးတိုက် တလှိုက်လှဲလှဲ အညောင်းပြေ
အညာပြေ ခြေဆန့်လက်ဆန့် အဖန် ဒါမှမဟုတ် ချဉ်တင်တင် မဟုတ်လည်း အခါးလေး ပဲပေါ့ ကွာ

အိန္ဒြာ
(၁၂.၇.၂၀၁၁)

May 12, 2012

သေခြင်းနှင့် ၄င်း၏ဆက်စပ်ပစ္စည်းများ


+++

တပြန့်တပြော ကျယ်လွင့်လှသည့် ကွင်းပြင်ကြီးတစ်ခုဖြစ်နိုင်သလို ကျဉ်းမျောင်းရှည်လျားလွန်းလှသည့် လိုဏ်ဥမင်လည်းဖြစ်နိုင်သည်။
မည်းနက် ပိန်းပိတ်နေနိုင်သလို လင်း ပ ၀င်း တောက်လို့လည်းနေနိုင်သည်။
လွင့်ပါးမြူးထူးဖွယ်ရာ ဂီတသံတစ်မျိုးရှိနေနိုင်သလို ၊ ချောက်ချားဖွယ်ရာ ဆိတ်ငြိမ် တိတ် အ လို့လည်း နေနိုင်သည်။
 စိမ်းညှီလှောင်အက်နေနိုင်သည်။ မွှေးရီသင်းပျံ့နေနိုင်သည်။
အာရုံခံနိုင်စွမ်းငါးပါးစလုံး ပြွန်းတီးရှုပ်ထွေးနေနိုင်သည်]။ ဘာဆိုဘာမှမရှိသည့် ပကတိ အနန္တတရား ဟင်းလင်းပြင်ကြီးလည်းဖြစ်နိုင်ပါသေးသည်။

ဘာပဲဖြစ်ဖြစ် သေခြင်းသည် ရှင်သန်နေထိုင်ခြင်း၏ အဆုံးသတ်နေ့ဖြစ်သည်။
သေခြင်းသည် မ၀တ်ဆင်ရသေးသော ၀တ်စုံတစ်စုံဖြစ်သည်။ မြည်းစွက်ခွင့်မရှိသေးသော အဟာရဖြစ်သည်။
သေခြင်းသည် အသစ်တင်လိုက်သော စွန့်စားခန်းရုပ်ရှင်ဖြစ်သည်။
သေခြင်းသည် တစ်ကိုယ်ရည်ခရီးသွားလက်မှတ်ဖြစ်သည်။
သေခြင်းသည် အနိုင်ပိုင်းခြင်းဖြစ်သည်။
သေခြင်းသည် အချိန်တန်တော့လည်း လက်နက်ချပေးလိုက်ရတဲ့ ရေကုန်ရေခမ်းတိုက်ပွဲတစ်ပွဲသာဖြစ်သည်။

သင်၊ ကျွန်မ၊ သူ၊ သူမ တို့ နောက်ထပ်လှမ်းမည့် ခြေလှမ်းတစ်လှမ်းလှမ်း၏ အလွန်တွင် သင်၊ ကျွန်မ၊ သူ၊သူမ တို့ အရပ်နှင့် တတိုင်းတည်းသော သေဆုံးခြင်း ခေါင်းတလားက မွတ်သိပ်ငံ့လင့်စွာ စောင့်ကြိုလျက်ရှိနေပေပြီ။
( ထိုအခါ သင်သည် နမိတ်မရှိနမာမရှိဟု ဒီစာကို ဆက်မဖတ်လိုတော့အောင် စိတ်ပျက်သွားလိမ့်မည်။ ဆက်ဖတ်ချင်မှလည်း ဖတ်တော့မည်။ သို့သော် ကျွန်မက ထပ်ပြောချင်ပါသည်။ ဖေါ်ပြပါ အားလုံးသည် စကြ်ာဝဠာအမှန်တရားများပင်ဖြစ်၏။)

+++

သေခြင်း၏ နာကျင်မှုများသည် သေလောက်အောင်အထိ ပြင်းပျ စူးရှပါလိမ့်မည်။
သေခြင်း၏ ပူလောင်မှုသည် သေလောက်အောင်အထိ လောင်မြိုက်ပါလိမ့်မည်။
သေခြင်းသည် သေလောက်အောင် မောဟိုက်နွမ်းနယ်စေပါလိမ့်မည်။
တစ်ခါတစ်လေ သေခြင်းသည် စိတ်ကြွရူးသွပ်ဆေးပြားဆန်ဆန်ရှိလိမ့်မည်။
သေခြင်းဆီ ခရီးရောက်အောင်သွားရန် လောင်စာဆီပြည့်ဝသော ရောဂါတစ်ခုကို စီးနင်းသွားရန်လိုအပ်သည်။
တစ်ခါတစ်လေ သေခြင်းဆီ ကြုံရာယာဉ်နှင့် ခရီးကြုံလိုက်ကြသည်လည်းရှိ၏။

သေခြင်း၏ အစတွင် ရုတ်တရက် အလုပ်မှ ပြုတ်သွားသူလို ယောင်ချာချာ ကြောင်အအရှိနေပါလိမ့်မည်။
သေခြင်းထဲမှာ အသားမကျသေးသ၍ ကိုယ့်ဘ၀ဟောင်းကိုယ် ချောင်းမျောင်းကြည့်လို့မဆုံးရှိနေနိုင်သေးသည်။
သေခြင်း၏အစက စင်္ကာပူရောက်စ အချိန်တွေလို အိမ်လွမ်းနာနှင့် မျက်ရည်လည်ရွဲ တစ္ဆေတစ်ကောင် အဖြစ် အရုပ်ဆိုး အကျည်း တန်လွန်းစွာ ရှိနေလိမ့်ဦးမည်။

မည်သည့်နည်းနှင့် ရောက်ရှိသွားစေကာမူ သေခြင်းဆီရောက်ရောက်ခြင်း ကျွန်မက သေမင်း၏မျက်လုံးများကို Today you Die ဇာတ်ကားထဲက Steven Seagal ၏ မျက်ဝန်းတွေလို စိမ့်အေးစူးရှ မှုမရှိမရှိ ခိုးကြည့်ချင်ပါသည်။ နောက်ပြီး သေမင်းဝတ်ထားသော အမည်းရောင်ပိတ်စကို ဘာနဲ့ ယက်လုပ်ထားသည်လည်း စပ်စုကြည့်ချင်သေးသည်။

သေခြင်းတိုင်းပြည်မှာအရင်သေနှင့်ပြီးသူတွေကို တွေ့ခွင့်ရမည်ဆိုလျှင်ကျွန်မက ဖေဖေ့ကိုလို့ဝမ်းသာအားရ အော်ဟစ်လိုက်မိမည် ထင်သည်။
ဖေဖေက ၁၀နှစ်သမီးနှင့် ကျန်ရစ်ခဲ့သည့် ကျွန်မကို မှတ်မိနိုင်ပ့ါမလား။ ဖေဖေသာသေဆုံးသည့်အချိန်က အရွယ်အတိုင်းပဲဆို ရယ်မောချင်ဖွယ်ရာ ဖေဖေနှင့် ကျွန်မက အသက်(၅)နှစ်သာ ကွာနေပါလိမ့်မည်။
ဖေဖေနှင့် ကျွန်မက ရုပ်ရှင်ကားတွေထဲကလို အနှေးပြကွက်နှင့် ပြေးလာမိကြမလား ။ ပြီးတော့ တစ်ယောက်ကိုတစ်ယောက် ပွေ့ပိုက် ငိုကြွေးမိကြမလား ၊ ဒီကိစ္စကတွေးကြည့်ရုံနှင့်ပင် အတော်စိတ်လှုပ်ရှားဖွယ်ရာ ကောင်းလွန်းလှပါသည်။

ဖေဖေက လူပြည်တုန်းကလို မဟုတ်မခံ အားနည်းတဲ့ သူတွေဘက်က ရပ်တည်သူပဲလား။
သေခြင်းတိုင်းပြည်မှာရော အနိုင်ကျင့် တာတွေ အာဏာမက်တာတွေ ၊ မတရားအမှုဆင်တာတွေ ရှိနေမည်လား မပြောတတ်ပါ။ သို့ဆိုလျှင်တော့ ဖေဖေလိုလူက သေခြင်းအရပ်မှာလည်း ၅(ည)ထဲက ထွက်ရမည်မထင်ပေ။

နောက်တစ်ဦးထပ်မံတွေ့ဆုံခွင့်ရှိသည်ဆိုလျှင် ကျွန်မ စာရေးဆရာကိုဆွေကို ရွေးချယ်မည်ဖြစ်သည်။
ကျွန်မတို့ ရသအလင်းက သူ့အတွက် အားတက်သရော လှုပ်ရှားဆောင်ရွက်ခဲ့ကြကြောင်း၊ ဒါပေမယ့်………… ဆိုတဲ့ စကားကြွေးကျန်ကိုပြောရမည်။ ဖြစ်နိုင်လျှင် ဟောင်ကောင် လုပ် ဆွယ်တာ အင်္ကျီအဖြူလေးတစ်ထည်လောက် လက်ဆောင်ပေးချင်ပါသေးသည်။ နောက် ဆရာ ပြည်မှာဆောင်းကို ဘယ်လို အံတုခဲ့လဲဟင်လို့ သူဖြေမည်ဆိုလျှင် ကျွန်မ မေးကြည့်ချင်ပါသေးသည်။

အိုးးးနောက်ကျခြင်းဆိုသည်မှာ သေခြင်းတရားအတွက်ကလွဲလို့ ဘယ်နေရာမှာမှမကောင်းဘူးဆိုကြလေသည်ပဲ။

 +++

Simone De Beauvoir က A Very Easy Death လို့ မှတ်ချက်ပေးပြီး ဆရာမြသန်းတင့်က ရေပွက်ပမာလို့ ဘာသာပြန်ခဲ့သည်။
ထို A Very Easy Death ဆိုသည့်ခေါင်းစဉ်က ရိုးရှင်းပြီး ရေပွက်ပမာက အနုပညာဆန်ပြောင်မြောက်လွန်းလှသည်။ ထို့ကြောင့်သေခြင်းတရားသည် အနညာဆန်ပြီး ပြောင်မြောက်သော ရိုးရှင်းမှုဖြစ်ပါသည်။

ဘာသာတရား ခွက်ပုံသဏ္ဍန်အမျိုးမျိုးထဲမှာ သေခြင်းတရားက ပုံဖေါ်မှုအထွေထွေနှင့် အရောင်စုံလင်လျှက်ရှိခြေသော်လည်း သေခြင်းသည် ရှင်ခြင်း၏ အဆုံးသတ်နေ့သာဖြစ်ပါသည်။

ကျွန်မက ကျွန်မ၏ ရုပ်အလောင်းမှာ မိတ်ကပ်ပြင်ဆင်ထားမှု အဆင်ပြေမှုမှရှိပါ့မလားလို့ စိုးရိမ်ပူပန်မှု ရှိနေနိုင်ပါသည်။ ကျွန်မကိုလောင်ကျွမ်းပြီး ထွက်ကျလာမည့် အရိုးပြာတွေမှာ သူများအရိုးပြာတွေနဲ့ ရောနှောကုန်မည်လားလို့ စိုးရိမ်နေချင်နေနိုင်သည်။ ကျွန်မက ရွံရှာတတ်သည်လေ။
ကျွန်မ၏ ခင်ပွန်းသည် ဘယ်လောက်အထိ ကျွန်မအတွက် ကြေကွဲနေမလဲဆိုတာ ကျွန်မက သိချင်နေနိုင်သည်။ သူ့မျက်ရည်တွေကို သုတ်ပြီး သူ့ကိုချော့မော့နှစ်သိမ့် ဖို့ ကျွန်မကြိုးစားနေမိလိမ့်မည်။
သူရဲ့ မေးရိုးကို ခြေဖျားထောက်ပြီး နမ်းဖို့အထိ ကျွန်မက စိတ်ကူးများ ယဉ်နေလေ ဦးမလား..။

နောက်ထပ်သေချာတာတစ်ခုက ကျွန်မ Facebook ရဲ့ Wall စာမျက်နှာမှာ၊ ကျွန်မ Blogမှာ ကျွန်မရဲ့နာရေးသတင်းတွေအောက်မှာ ၀မ်းနည်း ကြေကွဲကြောင်းတွေ ဘယ်သူတွေဘယ်လောက် လာရေးကြမလဲ ဆိုတာ၊ Comment ဘယ်နှစ်ခုရသလဲဆိုတာမျိုး အလွန်အမင်း သိချင် နေပါလိမ့်မည်။ နာရေးသတင်းတစ်ခုကို Like လုပ်ခြင်းကိုတော့ ကျွန်မသဘောမကျလှပါ။

တစ်ခါတစ်လေ သေဆုံးခြင်းဆိုတာကိုရရှိလိုက်သောသူသည် ချက်ချင်း သူရဲကောင်းတစ်ယောက်လိုလို ရှိသွားတတ်သေး၏။

ကျွန်မက ကိုယ့်ကျ မသေတော့မည့်လူတစ်ယောက်လို သူများတွေ ဥပမာ အိမ်မွေးတိရစ္ဆာန်မှအစ ကိုယ်နှင့်ပတ်သက်ရာတွေ သေဆုံးတိုင်း မျက်ရည်မဆည်နိုင် တစိမ့်စိမ့် ကြွေကွဲတသနေတတ်သူ တစ်ယောက် ဖြစ်သည်။

ကျွန်မမှာ သေခြင်းအတွက် အဆင်သင့်ဖြစ်လောက်အောင်ဘာတွေ ပြင်ဆင်ထားပြီလဲဆို မေးခွန်းထုတ်ဖို့တောင်
မေ့လျော့ နေတတ်ခဲ့သူ တစ်ဥိးဖြစ်သည်။
အချိန်ကာလဆိုတာက လူကို တစ်စက္ကန့်ချင်းသေစေတတ်သော အရာဖြစ်ပေလိမ့်မည်။ အသေမဦးခင် ဉာဏ်ဦးအောင် အားထုတ်ရမည်ဆိုလျှင် ကျွန်မ ဉာဏ်တွေကဖြင့် သိပ်ကို ထုံထိုင်း အ န သည်ဟုဆိုနိုင်သည်။
စိတ်ထားကောင်းရင် ကံကောင်းမယ်ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပေမယ့် ကျွန်မက ဘုရားဝတ်ပြုဖို့ ပျင်းရိနေတတ်သူလည်းဖြစ်သေး၏။

တစ်ဝက်တစ်ပျက်သိခြင်းသည်အဆိပ်ဖြစ်သည်။
ဧဟိပဿိကော ဆိုသည်ကို ကျွန်မက တစ်ဝက်တစ်ပျက်သိရှိသူသာဖြစ်သည်။ ကျွန်မက တစ်ဝက်တစ်ပျက် သိခြင်းများနှင့် အဆိပ်မိခဲ့လေသည်လား။ ရှင်သန်ခြင်း သေဆုံးခြင်းနှင့် အဲဒီဘက်အလွန်က သန္တိသုခအရပ်။ ဖြည့်စွက်ရန် အထပ်ထပ်ကျန်နေသော ပါရမီများ အလုပ်များဖြင့် ကျွန်မနှင့်အတော် အလှမ်းဝေးလို့နေပါလိမ့်မည်။ သို့ဆိုလျှင် စိုးရိမ်တုန်လှုပ်ခြင်းများ တဒီးဒီးဖြင့် သေခြင်းအရပ်မှာ ကျွန်မ မျက်စိသူငယ်နားသူငယ် ရှိနေရဦးမည်ပေါ့။
အပါယ်တံခါးပိတ်အောင် ဒီဘ၀မှာသောတပန်လောက်တော့ ဖြစ်အောင်လုပ်ထား ငါ့တူမ ဆိုသည့် အန်တီဝင်း၏ စကားကို ကြားယောင်မိလာရင်တော့ အပါယ်ဆိုတာကြီးက ကျွန်မနား အနီးကပ်ခွဲလိုက်သည့် ချိန်ကိုက်ဗုံးတစ်လုံးနှယ်ရှိပါလိမ့်မည်။
ခရစ်ယန်ဘာသာဝင်တစ်ယောက်ဆိုလျှင်တော့ ကျွန်မက ပျင်းရိငြီးငွေ့ဖွယ်ရာကောင်းအောင် တရှည်တလျား အိပ်စက်ရပေတော့မည်။

အကယ်၍ ကျွန်မသာ လူတစ်ယောက်ပြန်ဖြစ်ခွင့်ရလျှင်….။
ထိုအခါဆိုသည်က ကျွန်မသည် ကျွန်မမဟုတ်တော့သည့်အတွက် ဒီခေါင်းစဉ်က ချရေးနေရလောက်အောင် ရင်ခုန် လှုပ်ရှားဖွယ်ရာ ရှိမနေပါ။

ဒါပေမယ့် ခဏလေးပြန်ခွင့်ရသည်ဆိုရင်တော့ မေမေ့ဆီပြန်ချင်ပါသည်။ မေမေ့ကို သွေးချိုတိုင်းပေးဖို့ ကိစ္စရှိနေသေးသည်လေ။

+++

သေမည်ဆို ဘာလို့များမွေဖွားနေရသေးသည်လဲ
သေလျှင် အပြီးတိုင် ခွဲခွာကြရဦးမည်ဆိုမှတော့ ဘာလို့ ကျွန်မနဲ့မောင် ဘာလို့များ ခွဲနေမိခဲ့ကြသလဲ
သေလျှင်အားလုံးကိုယ်နဲ့ မသက်ဆိုင်သလို ထားရစ်ခဲ့ရမှာတော့ ဘာလို့ ပစ္စည်းဥစ္စာတွေ လောဘတကြီး ရှာဖွေနေရလေသည်လဲ
သေလျှင်အားလုံးကိုမေ့ခဲ့ရမှတော့ ချစ်ခြင်းတွေ မုန်းခြင်းတွေ အာဃာတတွေ အငြိုးအတေးဆိုတာတွေ ဘာလို့များ ရှိနေခဲ့ရသေးသည်လဲ...
သေတော့မည့်လူတစ်ယောက်အတွက် i Phone 4 (s) ထွက်ခြင်းကို စိတ်ဝင်စားစရာမလို
 NLD လွှတ်တော်တက်ပြီးဆိုပြီးလည်း စိတ်ချနေစရာမလို
ကျွန်မ သမီးလေးတစ်ယောက်လောက်ရရင်လို့ စိတ်ကူးယဉ်နေစရာမလို
ကချင်ဒေသက စစ်ပွဲတွေအတွက် စိတ်မောနေစရာ မလို
ကဗျာအသစ်မရေးနိုင်တာအတွက် စိတ်ပျက်နေစရာမလို...
ကားပါမစ် ဆုံးသွားတာ အတွက် စိတ်မကောင်းဖြစ်နေစရာမလို
ဘာမှကိုမလိုတော့။ ဥပဒေရဲ့အထက်မှာ ဘာမှမရှိသလို ။ သေခြင်းတရားရဲ့ အထက်မှာဘာမှမရှိတာဖြင့် သေချာသည်။

ထိုစာသားများအားလုံးက သေဆုံးပြီးသူတစ်ယောက်ရဲ့ သွေးရူးသွေးတမ်းအတွေးများဖြစ်ကောင်းဖြစ်နေလိမ့်မည်ပေါ့.။

သို့သော်…သင် ကျွန်မ သူ သူမ၏ သေခြင်းလိပ်ပြာသည် သန့်စင်နေရန်တော့ အရေးတကြီးလိုအပ်ပေလိမ့်မည်။

ရေးစရာများကုန်လုပြီထင်သည်။ ကျွန်မကိုယ်တိုင် ဘာကြောင့် ဒီစာသားတွေကို ချရေးနေမိသလဲဆိုတာကတော့ မသေချာပါ။ ၁၃.၅.၂၀၁၂ စင်္ကာပူနိုင်ငံစံတော်ချိန်မနက် ၂နာရီ ၄၅ကျော်သည်အထိ ကျွန်မက သေခြင်းအကြောင်း ဇိမ်ပြေနပြေချရေးနေမိသည်။

ဒီပိုစ့်ကိုတင်လိုက်ရင်တော့ အတော်ရင်းနှီးသော မိတ်ဆွေများက ကျွန်မအတွက် စိုးရိမ်ကြပါလိမ့်မည်။
တစ်ချို့က ဖုန်းဆက်ကောင်းဆက်လိမ့်မည်။
ဒီပိုစ့်ကို TAG မိသူ အယူသည်းသူတစ်ချို့က မသိမသာဖြုတ်ပစ်သည်လည်းရှိလိမ့်မည်။
ကျွန်မ အမျိုးသားဖတ်မိရင် မိန်းမ မင်းဘာတွေ လျှောက်ရေးထားတာလဲလို့ မန်မဲလိမ့်ဦးမယ်။
ကျွန်မအမေဖတ်မိရင်ကတော့ ငိုမှာပါပဲ..။

တစ်ချို့တစ်လေကတော့ နမိတ်မရှိတာတွေလို့ အသေအချာပြောပါလိမ့်မည်။

ဟုတ်ပ ။ ဒီစာသည် နမိတ်ဖတ်သည့် စာတစ်စောင်များဖြစ်နေလေမည်လား။

သေချာတာပေါ့ကွယ်...ကျွန်မ ဘ၀ထဲက ကျွန်မဆီ တည့်တည့်ကို ၀င်ရောက်လာမယ့် နေ့တစ်နေ့ အတွက်..
( ထိုနေ့ကို အခုကနေ နောင်နှစ်ပေါင်း ၅၀ မရှိတောင် နှစ်ပေါင်း  ၃၀ လောက်မှဆို သေပျော်ပါပြီလို့ ကျွန်မက ကိုယ့်စိတ်ကိုယ် ဖြေဖော့ရင်း ဒီစာကို အဆုံးသတ်လိုက်ပြီ…။ အချိန်ကား အာရုဏ်တက်တော့မည်ဖြစ်၏။)




အိန္ဒြာ

(၁၃.၅.၂၀၁၂)


February 26, 2012

ဗုံသံမလိုတော့တဲ့ခေတ်က နီဂရိုးအသစ်တွေ...


ဆောင်းပါးရယ်ဘာရယ်လည်း ရေးလေ့ရေးထမရှိခဲ့ပါဘူး။ အက်ဆေးဆိုကလည်း တော်တော်ရှားရှား...

အခုကလည်း ဘာရယ်ညာရယ်မဟုတ်ဘူးကောက်ရေးလိုက်တာပါ.။

စာမရေးဖြစ်တာကလည်း ကြာပေါ့..။

ကဗျာတွေ စာတွေရေးဖြစ်လားမေးတဲ့သူတွေကိုတော့ ဖြေဖြစ်ပါတယ်၊ ရေးဖြစ်တယ် အလှူပိုစ့်တွေလို့..။

ပြန်ကြည့်လိုက်တော့ရသအလင်း စပြီးဖွဲ့စည်းလိုက်ကတည်းက ကိုယ်ပိုင်အားလပ်ချိန်တွေ တော်တော် များများ အဖွဲ့အတွက်ပေးထားလိုက်ရလေသည်ပဲ။ (တကယ်က မရေးဖြစ်တာအတွက် ဆင်ခြေဆင်လက်ပါး)

ဒီတစ်ပတ်စာရေးချင် စာဖတ်ချင်စိတ်တွေဘာတွေဖြစ်လာတော့...

ဖိုဒါအဟောင်းတွေထဲ ရေးလက်စတွေထွက်လာနိုး....နောက် စာအုပ်စင်ပေါ်က စာအုပ်တွေထဲ...

ဟိုရှာ ဒီရှာ ....


++


လူမည်းစာရေးဆရာကြီး Alex Haley ရေးတဲ့ Roots ကို ဆရာမောင်ထွန်းသူ ဘာသာပြန်တဲ့ ဇစ်မြစ် စာအထူကြီးကို အုပ်စင်ပေါ်ကနေဆွဲချမိပြန်ပါတယ်။ တော်တော်များများတော့ဖတ်ဖူးကြမယ် ထင်ပါတယ်။

ပြန်ဖတ်ရင်း ဆရာတင်မောင်မြင့် ဘာသာပြန်တဲ့ ချစ်လင်းရောင်ခြည်ကွယ်လေပြီကိုသတိရ

Beecher Stowe ရဲ့ Uncle Tom ကိုသတိရ..။

နောက်တော့ ဆရာနရီမင်းရဲ့ နိုင်ငံတကာ ကဗျာခံစားမှု အပိုင်း(၁) ဆောင်းပါးပေါင်းချုပ်ထဲက ကိုဇော်ဝင်းကို ဆိုတဲ့သူ ညွှန်းပြထားတဲ့ မာရီအီဗန်စ်ရဲ့Status Symbol ဆိုတဲ့ကဗျာကို သတိရ။။

ပြန်ဖတ်မိ သတိရမိတဲ့ စာတွေ ကဗျာတွေ အားလုံးက တစ်ချိန်က အာဖရိကန်နီဂရိုးတွေကို ကျွန်ကုန်ကူးရောင်းခဲ့ကြတဲ့၊ ကျွန်ပိုင်ရှင်နဲ့ ကျွန်လူ တန်းစားခွဲခြားမှုမှာ သွေးပျက်ဖွယ်ရာ ဆိုးရွားခဲ့တဲ့

ဘ၀တွေ ဘ၀တွေ အကြောင်း..။

မဖတ်ရဲလောက်အောင်ကို ကြေကွဲစရာကောင်းတဲ့ အဖြစ် ၊ အပျက်၊ တွေ..


+++


Mari Evans ရဲ့ကဗျာကတော့ သရော်ကဗျာတစ်ပုဒ်ပါတဲ့

ငါတို့ဟာ နီဂရိုးအသစ်တွေပါ ။

တော်လှန်ရေးကြီးရဲ့ သပိတ်တွေရဲ့ အနှစ်သာရ ရလဒ်နဲ့ အသစ်ဖြစ်တည်လာတဲ့ နီဂရိုးတွေပါတဲ့ လူမည်း မစီးရ သတ်မှတ် ခံထားရတဲ့စက်ဝိုင်းနီ ကားတွေ ၊ လူမည်းမသောက်ရလို့ တားမြစ်ထားတဲ့ ရေဘုံဘိုင်တွေ မရှိတော့တဲ့ခေတ်က နီဂရိုး အသစ်ပါတဲ့။

အခု အဲဒီ့ ခေတ်အသစ်က နီဂရိုးအသစ်ဟာ လူဖြူတွေသုံးတဲ့ အိမ်သာဆေးလိုက်ပါဦးမယ်လို့ဆိုပါတယ်။

အဲဒီ့နေရာမှာ စိတ်ထဲကို တစ်ခုက အရှိန်နဲ့ စိုက်ဝင်သွားခဲ့ပါတယ်။

ခေတ်ဆိုးတွေ စနစ်ဆိုးတွဟာ မတည်တံ့နိုင်ပါဘူး။

အဖိနှိပ်ခံဆိုတာကလည်း ထာဝရ အဖိအနှိပ်ခံနေကြမှာမဟုတ်ပါဘူး။

အာဏာရှင် ဓနရှင်ဆိုတာကလည်း အချိန်တန်ရင် ကျရှုံးရစမြဲပါပဲ။

နိုင်ငံရေးအတွက် အမျိုးသားရေးအတွက် ဘာသာရေးတွေအတွက် တော်လှန်ရေးတွေဟာ လိုအပ်လို့၊ ဖြစ်သင့်လို့ ဖြစ်ပေါ်ခဲ့ကြပါတယ်။

မတန်တဆ အသက်သွေးခဲ အရင်းအနှီးတွေ၊ စိတ်ဓါတ် အရင်းအနှီးတွေနဲ့ ခေတ်တွေလည်း ပြောင်းသင့်လို့ ပြောင်းလာကြပါတယ်။

ဒါပေမယ့် ခေတ်ပြောင်းပြီ ခေတ်ပြောင်းပြီ သာဆိုတယ် မာရီအီဗန်စ်ရဲ့ နီဂရိုးအသစ်လို လူဖြူတွေ အိမ်သာ ဆေးတဲ့ အလုပ်နဲ့ နီဂရိုးအသစ်ပါ ဆိုခဲ့ပြန်ရင်တော့ နေရာမကျပြန်သေးပါဘူး..။

ရင်းထားခဲ့ရတာတွေ သိပ်များတဲ့အတွက် ဖြစ်သင့်ဖြစ်ထိုက်တာတွေ ဖြစ်လာပါစေလို့ပဲ....

ကဗျာလေးကို ဖတ်ကြည့်ချင်ရင်တော့


Status Symbol


By Mari Evans


i

Have Arrived

i

am the

New Negro

i

am the result of

President Lincoln

World War I

and Paris

the

Red Ball Express

white drinking fountains

sitdowns and

sit-ins

Federal Troops

Marches on Washington

And

prayer meetings

today

They hired me

it

is a status

job . . .

along

with my papers

They

gave me my

Status Symbol

the

key

to the

White . . . Locked . . .

John


( ကဗျာ စီထားပုံစာလုံးအဖြတ်အတောက်အားလုံးကတော့ http://loisleveen.com/digitalportfolio/neeraj_midterm/status_symbol.htm ကနေ ကူးလာတဲ့ မူရင်းအတိုင်းပါပဲ။ )


+++


Roots( ဇစ်မြစ်)ကတော့ (၁၉၇၃)ခုနှစ်ကစပြီး ဘာသာပေါင်းများစွာနဲ့ အုပ်ရေ သန်းပေါင်းမြောက်များစွာ ထုတ်ဝေခဲ့ရတဲ့ ဂန္တ၀င်မြောက် ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ ဆွေစဉ်မျိုးဆက် ကျွန်မျိုးနွယ်စု အာဖရိကန်တွေ အကြောင်းပါ။

စာရေးဆရာရဲ့ ဘိုးဘေးဘီဘင်တွေ အကြောင်းဆိုပါတော့..။

အဲဒီ့မှာ အာဖရိကန်တွေရဲ့ ဓလေ့ အကျင့်စရိုက်တွေ ၊ အယူအဆ အစွဲအလန်းတွေနဲ့ ရိုးသားမှုတွေကို အသေးစိတ်တွေ့နိုင်ပါတယ်။ နာမည်လေးပေးဖို့ကအစ ယောကျာ်းရင့်မကြီးဖြစ်ပြီလို့ အသိအမှတ်ခံကြရဖို့ အထိ ဘယ်လောက်အထိ အလေးအနက် ထားခဲ့ကြလည်း ကိုယ့်မျိုးနွယ်စုတွေကို ဘယ်လို တန်ဖိုးထား ခဲ့ကြလည်းဆိုတာတွေဟာ သူတို့ ကျွန်ပြုခံကြရတဲ့ အချိန်တွေက ဆုံးရှုံးမှုတွေကိုပိုပြီး အရောင်တောက် အောင် လုပ်ပေးခဲ့တာပါ။

ဒီစာအုပ်က မြန်မာပြည်မှာ ၁၉၉၁ လောက်ကတည်းက ထွက်ခဲ့တဲ့ စာအုပ်မို့ စာဖတ်ဝါသနာပါတဲ့သူတိုင်း ဖတ်မိကြမယ့် စာအုပ်မျိုးမို့ သိပ်တော့ပြောစရာလိုမယ်မထင်ပါဘူး..။

ဒီစာအုပ်နဲ့ ပတ်သက်ပြီး ခံစားလိုက်ရတာတွေအများကြီးထဲက ခံစားချက် အစခပ်သေးသေးတစ်ခုကို ပုံကြီး ချဲ့ကြည့်မိပါတယ်။

အဲဒါကတော့ သူတို့ရဲ့ ရိုးရာဗုံသံတွေကိုပါ..

အာဖရိက တောနက်ထဲက ရိုးရာ ဗုံသံတွေကိုပါ။

ဗုံတီးခြင်း အတတ်ဟာ သူတို့တတ်အပ်ရာ အဌာရသတွေထဲကအရေးအကြီးဆုံးနံပါတ်စဉ်မှာရှိတယ်တဲ့

ဗုံသံဟာ သူတို့ဖြစ်တည်မှုအတွက် မရှိမဖြစ်ပါတဲ့။

ဗုံသံဟာ သူတို့ရဲ့ ဘုံ ဘာသာစကားတစ်မျိုးလည်းဖြစ်နေပါတယ်တဲ့။

သူတို့ ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း အောင်နိုင်ခြင်း၊ရှုံးနိမ့်ခြင်း၊ကြည်နူးခြင်း၊လွမ်းဆွတ်ခြင်းတွေဟာ ဗုံသံနဲ့ အတူရှိနေပါတယ်တဲ့…။

ဒါဆို ကျွန်သင်္ဘောပေါ်မှာ သူတို့ရိုးရာဗုံသံကိုကြားနေရမယ့် အကျဉ်းသားတွေရဲ့ စိတ်ခံစားချက်တွေ ဘယ်လို များရှိနေလိမ့်မလဲ။

သူတို့ရဲ့ နာကျည်းမှု မုန်းတီးမှုတွေ၊ ချောက်ချားကြောက်လန့်သမျှတွေ

လွမ်းဆွတ်တမ်းတမှုတွေ

အားမတန်လို့ မာန်လျှော့ထားရပေမယ့် သူတို့ လွတ်မြောက် ရုန်းထွက်လိုမှုတွေ…..

အဲဒီ့အချိန်မှာ သူတို့ချစ်တဲ့ ဗုံသံဆိုတာ သူတို့အတွက် ခွန်အားလည်းဖြစ်ချင်ဖြစ်ကောင်းရဲ့…

မျှော်လင့်ချက်ရောင်ခြည်လည်းဖြစ်ချင်ဖြစ်ကောင်းရဲ့…..

သူတို့တွေအားလုံး အဲဒီ့ဗုံသံမှာ သူတို့ ငိုကြွေးကောင်း ငိုကြွေးနေကြသေးရဲ့...

စသဖြင့် ..အတွေးတွေနဲ့ ကဗျာလေးတစ်ပုဒ်ကောက်ရေးလိုက်မိပါတယ်..


++++


အာဖရိကတောနက်ထဲက ဗုံသံ


ရိုးသားတဲ့ ပြောင်းခင်းထဲကနေ

ပျံ့ လွင့် လာ

အနှိုင်းမရှိတဲ့ ဘုရားသခင်ရဲ့ ကြီးမားတဲ့

ကျေးဇူးတော်

ထွေရာလေးပါး သတင်းစကားလည်း ဖြစ်

တမ်းတလွမ်းဆွတ်ခြင်းစာလွှာလည်း ဖြစ်

အထူးသတိပေးချက် အရေးပေါ်ခေါင်းလောင်းသံလည်း ဖြစ်

သူရဲကောင်းဖြစ် ပွဲတက်အဆင်တန်ဆာလည်း ဖြစ်

စိတ်ခံစားမှုတွေရဲ့ အမှတ်သညာလည်း ဖြစ်

ကောက်သစ်ရိပ်သိမ်းပွဲက အပျိုမရဲ့ ရင်ခုန်ချင်ဖွယ်ရာ စည်းချက်ဝါးချက်တွေလည်း ဖြစ်..

နတ်ဘုရားထက် ယုံကြည်ရိုးကျိုးဖွယ်ရာ ကိုးကွယ်ရာ မရှိ

အဖ ထက်ကြီးကျယ်မြင့်မြတ်သော သူရဲကောင်းမရှိ

ရိုးရာအစွဲအလမ်းထက် ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ ကျိမ်စာ မရှိ

ဗုံသံထက် တက်ကြွရွှင်မြူးဖွယ်ရာ ဂီတ မရှိ

အခု

လူပျောက်လို့တီးခတ်နေတဲ့ ဗုံသံတွေ..

တရွေ့ရွေ့ထွက်ခွာသွားမယ့် ကျွန်သဘောင်္ပေါ်က

မည်းနက်တဲ့နားတွေ ဗုံသံကို နားစွင့်နေကြရော့..။ ။


++++++


အိန္ဒြာ

(၂၅.၂.၂၀၁၂)