May 12, 2012

သေခြင်းနှင့် ၄င်း၏ဆက်စပ်ပစ္စည်းများ


+++

တပြန့်တပြော ကျယ်လွင့်လှသည့် ကွင်းပြင်ကြီးတစ်ခုဖြစ်နိုင်သလို ကျဉ်းမျောင်းရှည်လျားလွန်းလှသည့် လိုဏ်ဥမင်လည်းဖြစ်နိုင်သည်။
မည်းနက် ပိန်းပိတ်နေနိုင်သလို လင်း ပ ၀င်း တောက်လို့လည်းနေနိုင်သည်။
လွင့်ပါးမြူးထူးဖွယ်ရာ ဂီတသံတစ်မျိုးရှိနေနိုင်သလို ၊ ချောက်ချားဖွယ်ရာ ဆိတ်ငြိမ် တိတ် အ လို့လည်း နေနိုင်သည်။
 စိမ်းညှီလှောင်အက်နေနိုင်သည်။ မွှေးရီသင်းပျံ့နေနိုင်သည်။
အာရုံခံနိုင်စွမ်းငါးပါးစလုံး ပြွန်းတီးရှုပ်ထွေးနေနိုင်သည်]။ ဘာဆိုဘာမှမရှိသည့် ပကတိ အနန္တတရား ဟင်းလင်းပြင်ကြီးလည်းဖြစ်နိုင်ပါသေးသည်။

ဘာပဲဖြစ်ဖြစ် သေခြင်းသည် ရှင်သန်နေထိုင်ခြင်း၏ အဆုံးသတ်နေ့ဖြစ်သည်။
သေခြင်းသည် မ၀တ်ဆင်ရသေးသော ၀တ်စုံတစ်စုံဖြစ်သည်။ မြည်းစွက်ခွင့်မရှိသေးသော အဟာရဖြစ်သည်။
သေခြင်းသည် အသစ်တင်လိုက်သော စွန့်စားခန်းရုပ်ရှင်ဖြစ်သည်။
သေခြင်းသည် တစ်ကိုယ်ရည်ခရီးသွားလက်မှတ်ဖြစ်သည်။
သေခြင်းသည် အနိုင်ပိုင်းခြင်းဖြစ်သည်။
သေခြင်းသည် အချိန်တန်တော့လည်း လက်နက်ချပေးလိုက်ရတဲ့ ရေကုန်ရေခမ်းတိုက်ပွဲတစ်ပွဲသာဖြစ်သည်။

သင်၊ ကျွန်မ၊ သူ၊ သူမ တို့ နောက်ထပ်လှမ်းမည့် ခြေလှမ်းတစ်လှမ်းလှမ်း၏ အလွန်တွင် သင်၊ ကျွန်မ၊ သူ၊သူမ တို့ အရပ်နှင့် တတိုင်းတည်းသော သေဆုံးခြင်း ခေါင်းတလားက မွတ်သိပ်ငံ့လင့်စွာ စောင့်ကြိုလျက်ရှိနေပေပြီ။
( ထိုအခါ သင်သည် နမိတ်မရှိနမာမရှိဟု ဒီစာကို ဆက်မဖတ်လိုတော့အောင် စိတ်ပျက်သွားလိမ့်မည်။ ဆက်ဖတ်ချင်မှလည်း ဖတ်တော့မည်။ သို့သော် ကျွန်မက ထပ်ပြောချင်ပါသည်။ ဖေါ်ပြပါ အားလုံးသည် စကြ်ာဝဠာအမှန်တရားများပင်ဖြစ်၏။)

+++

သေခြင်း၏ နာကျင်မှုများသည် သေလောက်အောင်အထိ ပြင်းပျ စူးရှပါလိမ့်မည်။
သေခြင်း၏ ပူလောင်မှုသည် သေလောက်အောင်အထိ လောင်မြိုက်ပါလိမ့်မည်။
သေခြင်းသည် သေလောက်အောင် မောဟိုက်နွမ်းနယ်စေပါလိမ့်မည်။
တစ်ခါတစ်လေ သေခြင်းသည် စိတ်ကြွရူးသွပ်ဆေးပြားဆန်ဆန်ရှိလိမ့်မည်။
သေခြင်းဆီ ခရီးရောက်အောင်သွားရန် လောင်စာဆီပြည့်ဝသော ရောဂါတစ်ခုကို စီးနင်းသွားရန်လိုအပ်သည်။
တစ်ခါတစ်လေ သေခြင်းဆီ ကြုံရာယာဉ်နှင့် ခရီးကြုံလိုက်ကြသည်လည်းရှိ၏။

သေခြင်း၏ အစတွင် ရုတ်တရက် အလုပ်မှ ပြုတ်သွားသူလို ယောင်ချာချာ ကြောင်အအရှိနေပါလိမ့်မည်။
သေခြင်းထဲမှာ အသားမကျသေးသ၍ ကိုယ့်ဘ၀ဟောင်းကိုယ် ချောင်းမျောင်းကြည့်လို့မဆုံးရှိနေနိုင်သေးသည်။
သေခြင်း၏အစက စင်္ကာပူရောက်စ အချိန်တွေလို အိမ်လွမ်းနာနှင့် မျက်ရည်လည်ရွဲ တစ္ဆေတစ်ကောင် အဖြစ် အရုပ်ဆိုး အကျည်း တန်လွန်းစွာ ရှိနေလိမ့်ဦးမည်။

မည်သည့်နည်းနှင့် ရောက်ရှိသွားစေကာမူ သေခြင်းဆီရောက်ရောက်ခြင်း ကျွန်မက သေမင်း၏မျက်လုံးများကို Today you Die ဇာတ်ကားထဲက Steven Seagal ၏ မျက်ဝန်းတွေလို စိမ့်အေးစူးရှ မှုမရှိမရှိ ခိုးကြည့်ချင်ပါသည်။ နောက်ပြီး သေမင်းဝတ်ထားသော အမည်းရောင်ပိတ်စကို ဘာနဲ့ ယက်လုပ်ထားသည်လည်း စပ်စုကြည့်ချင်သေးသည်။

သေခြင်းတိုင်းပြည်မှာအရင်သေနှင့်ပြီးသူတွေကို တွေ့ခွင့်ရမည်ဆိုလျှင်ကျွန်မက ဖေဖေ့ကိုလို့ဝမ်းသာအားရ အော်ဟစ်လိုက်မိမည် ထင်သည်။
ဖေဖေက ၁၀နှစ်သမီးနှင့် ကျန်ရစ်ခဲ့သည့် ကျွန်မကို မှတ်မိနိုင်ပ့ါမလား။ ဖေဖေသာသေဆုံးသည့်အချိန်က အရွယ်အတိုင်းပဲဆို ရယ်မောချင်ဖွယ်ရာ ဖေဖေနှင့် ကျွန်မက အသက်(၅)နှစ်သာ ကွာနေပါလိမ့်မည်။
ဖေဖေနှင့် ကျွန်မက ရုပ်ရှင်ကားတွေထဲကလို အနှေးပြကွက်နှင့် ပြေးလာမိကြမလား ။ ပြီးတော့ တစ်ယောက်ကိုတစ်ယောက် ပွေ့ပိုက် ငိုကြွေးမိကြမလား ၊ ဒီကိစ္စကတွေးကြည့်ရုံနှင့်ပင် အတော်စိတ်လှုပ်ရှားဖွယ်ရာ ကောင်းလွန်းလှပါသည်။

ဖေဖေက လူပြည်တုန်းကလို မဟုတ်မခံ အားနည်းတဲ့ သူတွေဘက်က ရပ်တည်သူပဲလား။
သေခြင်းတိုင်းပြည်မှာရော အနိုင်ကျင့် တာတွေ အာဏာမက်တာတွေ ၊ မတရားအမှုဆင်တာတွေ ရှိနေမည်လား မပြောတတ်ပါ။ သို့ဆိုလျှင်တော့ ဖေဖေလိုလူက သေခြင်းအရပ်မှာလည်း ၅(ည)ထဲက ထွက်ရမည်မထင်ပေ။

နောက်တစ်ဦးထပ်မံတွေ့ဆုံခွင့်ရှိသည်ဆိုလျှင် ကျွန်မ စာရေးဆရာကိုဆွေကို ရွေးချယ်မည်ဖြစ်သည်။
ကျွန်မတို့ ရသအလင်းက သူ့အတွက် အားတက်သရော လှုပ်ရှားဆောင်ရွက်ခဲ့ကြကြောင်း၊ ဒါပေမယ့်………… ဆိုတဲ့ စကားကြွေးကျန်ကိုပြောရမည်။ ဖြစ်နိုင်လျှင် ဟောင်ကောင် လုပ် ဆွယ်တာ အင်္ကျီအဖြူလေးတစ်ထည်လောက် လက်ဆောင်ပေးချင်ပါသေးသည်။ နောက် ဆရာ ပြည်မှာဆောင်းကို ဘယ်လို အံတုခဲ့လဲဟင်လို့ သူဖြေမည်ဆိုလျှင် ကျွန်မ မေးကြည့်ချင်ပါသေးသည်။

အိုးးးနောက်ကျခြင်းဆိုသည်မှာ သေခြင်းတရားအတွက်ကလွဲလို့ ဘယ်နေရာမှာမှမကောင်းဘူးဆိုကြလေသည်ပဲ။

 +++

Simone De Beauvoir က A Very Easy Death လို့ မှတ်ချက်ပေးပြီး ဆရာမြသန်းတင့်က ရေပွက်ပမာလို့ ဘာသာပြန်ခဲ့သည်။
ထို A Very Easy Death ဆိုသည့်ခေါင်းစဉ်က ရိုးရှင်းပြီး ရေပွက်ပမာက အနုပညာဆန်ပြောင်မြောက်လွန်းလှသည်။ ထို့ကြောင့်သေခြင်းတရားသည် အနညာဆန်ပြီး ပြောင်မြောက်သော ရိုးရှင်းမှုဖြစ်ပါသည်။

ဘာသာတရား ခွက်ပုံသဏ္ဍန်အမျိုးမျိုးထဲမှာ သေခြင်းတရားက ပုံဖေါ်မှုအထွေထွေနှင့် အရောင်စုံလင်လျှက်ရှိခြေသော်လည်း သေခြင်းသည် ရှင်ခြင်း၏ အဆုံးသတ်နေ့သာဖြစ်ပါသည်။

ကျွန်မက ကျွန်မ၏ ရုပ်အလောင်းမှာ မိတ်ကပ်ပြင်ဆင်ထားမှု အဆင်ပြေမှုမှရှိပါ့မလားလို့ စိုးရိမ်ပူပန်မှု ရှိနေနိုင်ပါသည်။ ကျွန်မကိုလောင်ကျွမ်းပြီး ထွက်ကျလာမည့် အရိုးပြာတွေမှာ သူများအရိုးပြာတွေနဲ့ ရောနှောကုန်မည်လားလို့ စိုးရိမ်နေချင်နေနိုင်သည်။ ကျွန်မက ရွံရှာတတ်သည်လေ။
ကျွန်မ၏ ခင်ပွန်းသည် ဘယ်လောက်အထိ ကျွန်မအတွက် ကြေကွဲနေမလဲဆိုတာ ကျွန်မက သိချင်နေနိုင်သည်။ သူ့မျက်ရည်တွေကို သုတ်ပြီး သူ့ကိုချော့မော့နှစ်သိမ့် ဖို့ ကျွန်မကြိုးစားနေမိလိမ့်မည်။
သူရဲ့ မေးရိုးကို ခြေဖျားထောက်ပြီး နမ်းဖို့အထိ ကျွန်မက စိတ်ကူးများ ယဉ်နေလေ ဦးမလား..။

နောက်ထပ်သေချာတာတစ်ခုက ကျွန်မ Facebook ရဲ့ Wall စာမျက်နှာမှာ၊ ကျွန်မ Blogမှာ ကျွန်မရဲ့နာရေးသတင်းတွေအောက်မှာ ၀မ်းနည်း ကြေကွဲကြောင်းတွေ ဘယ်သူတွေဘယ်လောက် လာရေးကြမလဲ ဆိုတာ၊ Comment ဘယ်နှစ်ခုရသလဲဆိုတာမျိုး အလွန်အမင်း သိချင် နေပါလိမ့်မည်။ နာရေးသတင်းတစ်ခုကို Like လုပ်ခြင်းကိုတော့ ကျွန်မသဘောမကျလှပါ။

တစ်ခါတစ်လေ သေဆုံးခြင်းဆိုတာကိုရရှိလိုက်သောသူသည် ချက်ချင်း သူရဲကောင်းတစ်ယောက်လိုလို ရှိသွားတတ်သေး၏။

ကျွန်မက ကိုယ့်ကျ မသေတော့မည့်လူတစ်ယောက်လို သူများတွေ ဥပမာ အိမ်မွေးတိရစ္ဆာန်မှအစ ကိုယ်နှင့်ပတ်သက်ရာတွေ သေဆုံးတိုင်း မျက်ရည်မဆည်နိုင် တစိမ့်စိမ့် ကြွေကွဲတသနေတတ်သူ တစ်ယောက် ဖြစ်သည်။

ကျွန်မမှာ သေခြင်းအတွက် အဆင်သင့်ဖြစ်လောက်အောင်ဘာတွေ ပြင်ဆင်ထားပြီလဲဆို မေးခွန်းထုတ်ဖို့တောင်
မေ့လျော့ နေတတ်ခဲ့သူ တစ်ဥိးဖြစ်သည်။
အချိန်ကာလဆိုတာက လူကို တစ်စက္ကန့်ချင်းသေစေတတ်သော အရာဖြစ်ပေလိမ့်မည်။ အသေမဦးခင် ဉာဏ်ဦးအောင် အားထုတ်ရမည်ဆိုလျှင် ကျွန်မ ဉာဏ်တွေကဖြင့် သိပ်ကို ထုံထိုင်း အ န သည်ဟုဆိုနိုင်သည်။
စိတ်ထားကောင်းရင် ကံကောင်းမယ်ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပေမယ့် ကျွန်မက ဘုရားဝတ်ပြုဖို့ ပျင်းရိနေတတ်သူလည်းဖြစ်သေး၏။

တစ်ဝက်တစ်ပျက်သိခြင်းသည်အဆိပ်ဖြစ်သည်။
ဧဟိပဿိကော ဆိုသည်ကို ကျွန်မက တစ်ဝက်တစ်ပျက်သိရှိသူသာဖြစ်သည်။ ကျွန်မက တစ်ဝက်တစ်ပျက် သိခြင်းများနှင့် အဆိပ်မိခဲ့လေသည်လား။ ရှင်သန်ခြင်း သေဆုံးခြင်းနှင့် အဲဒီဘက်အလွန်က သန္တိသုခအရပ်။ ဖြည့်စွက်ရန် အထပ်ထပ်ကျန်နေသော ပါရမီများ အလုပ်များဖြင့် ကျွန်မနှင့်အတော် အလှမ်းဝေးလို့နေပါလိမ့်မည်။ သို့ဆိုလျှင် စိုးရိမ်တုန်လှုပ်ခြင်းများ တဒီးဒီးဖြင့် သေခြင်းအရပ်မှာ ကျွန်မ မျက်စိသူငယ်နားသူငယ် ရှိနေရဦးမည်ပေါ့။
အပါယ်တံခါးပိတ်အောင် ဒီဘ၀မှာသောတပန်လောက်တော့ ဖြစ်အောင်လုပ်ထား ငါ့တူမ ဆိုသည့် အန်တီဝင်း၏ စကားကို ကြားယောင်မိလာရင်တော့ အပါယ်ဆိုတာကြီးက ကျွန်မနား အနီးကပ်ခွဲလိုက်သည့် ချိန်ကိုက်ဗုံးတစ်လုံးနှယ်ရှိပါလိမ့်မည်။
ခရစ်ယန်ဘာသာဝင်တစ်ယောက်ဆိုလျှင်တော့ ကျွန်မက ပျင်းရိငြီးငွေ့ဖွယ်ရာကောင်းအောင် တရှည်တလျား အိပ်စက်ရပေတော့မည်။

အကယ်၍ ကျွန်မသာ လူတစ်ယောက်ပြန်ဖြစ်ခွင့်ရလျှင်….။
ထိုအခါဆိုသည်က ကျွန်မသည် ကျွန်မမဟုတ်တော့သည့်အတွက် ဒီခေါင်းစဉ်က ချရေးနေရလောက်အောင် ရင်ခုန် လှုပ်ရှားဖွယ်ရာ ရှိမနေပါ။

ဒါပေမယ့် ခဏလေးပြန်ခွင့်ရသည်ဆိုရင်တော့ မေမေ့ဆီပြန်ချင်ပါသည်။ မေမေ့ကို သွေးချိုတိုင်းပေးဖို့ ကိစ္စရှိနေသေးသည်လေ။

+++

သေမည်ဆို ဘာလို့များမွေဖွားနေရသေးသည်လဲ
သေလျှင် အပြီးတိုင် ခွဲခွာကြရဦးမည်ဆိုမှတော့ ဘာလို့ ကျွန်မနဲ့မောင် ဘာလို့များ ခွဲနေမိခဲ့ကြသလဲ
သေလျှင်အားလုံးကိုယ်နဲ့ မသက်ဆိုင်သလို ထားရစ်ခဲ့ရမှာတော့ ဘာလို့ ပစ္စည်းဥစ္စာတွေ လောဘတကြီး ရှာဖွေနေရလေသည်လဲ
သေလျှင်အားလုံးကိုမေ့ခဲ့ရမှတော့ ချစ်ခြင်းတွေ မုန်းခြင်းတွေ အာဃာတတွေ အငြိုးအတေးဆိုတာတွေ ဘာလို့များ ရှိနေခဲ့ရသေးသည်လဲ...
သေတော့မည့်လူတစ်ယောက်အတွက် i Phone 4 (s) ထွက်ခြင်းကို စိတ်ဝင်စားစရာမလို
 NLD လွှတ်တော်တက်ပြီးဆိုပြီးလည်း စိတ်ချနေစရာမလို
ကျွန်မ သမီးလေးတစ်ယောက်လောက်ရရင်လို့ စိတ်ကူးယဉ်နေစရာမလို
ကချင်ဒေသက စစ်ပွဲတွေအတွက် စိတ်မောနေစရာ မလို
ကဗျာအသစ်မရေးနိုင်တာအတွက် စိတ်ပျက်နေစရာမလို...
ကားပါမစ် ဆုံးသွားတာ အတွက် စိတ်မကောင်းဖြစ်နေစရာမလို
ဘာမှကိုမလိုတော့။ ဥပဒေရဲ့အထက်မှာ ဘာမှမရှိသလို ။ သေခြင်းတရားရဲ့ အထက်မှာဘာမှမရှိတာဖြင့် သေချာသည်။

ထိုစာသားများအားလုံးက သေဆုံးပြီးသူတစ်ယောက်ရဲ့ သွေးရူးသွေးတမ်းအတွေးများဖြစ်ကောင်းဖြစ်နေလိမ့်မည်ပေါ့.။

သို့သော်…သင် ကျွန်မ သူ သူမ၏ သေခြင်းလိပ်ပြာသည် သန့်စင်နေရန်တော့ အရေးတကြီးလိုအပ်ပေလိမ့်မည်။

ရေးစရာများကုန်လုပြီထင်သည်။ ကျွန်မကိုယ်တိုင် ဘာကြောင့် ဒီစာသားတွေကို ချရေးနေမိသလဲဆိုတာကတော့ မသေချာပါ။ ၁၃.၅.၂၀၁၂ စင်္ကာပူနိုင်ငံစံတော်ချိန်မနက် ၂နာရီ ၄၅ကျော်သည်အထိ ကျွန်မက သေခြင်းအကြောင်း ဇိမ်ပြေနပြေချရေးနေမိသည်။

ဒီပိုစ့်ကိုတင်လိုက်ရင်တော့ အတော်ရင်းနှီးသော မိတ်ဆွေများက ကျွန်မအတွက် စိုးရိမ်ကြပါလိမ့်မည်။
တစ်ချို့က ဖုန်းဆက်ကောင်းဆက်လိမ့်မည်။
ဒီပိုစ့်ကို TAG မိသူ အယူသည်းသူတစ်ချို့က မသိမသာဖြုတ်ပစ်သည်လည်းရှိလိမ့်မည်။
ကျွန်မ အမျိုးသားဖတ်မိရင် မိန်းမ မင်းဘာတွေ လျှောက်ရေးထားတာလဲလို့ မန်မဲလိမ့်ဦးမယ်။
ကျွန်မအမေဖတ်မိရင်ကတော့ ငိုမှာပါပဲ..။

တစ်ချို့တစ်လေကတော့ နမိတ်မရှိတာတွေလို့ အသေအချာပြောပါလိမ့်မည်။

ဟုတ်ပ ။ ဒီစာသည် နမိတ်ဖတ်သည့် စာတစ်စောင်များဖြစ်နေလေမည်လား။

သေချာတာပေါ့ကွယ်...ကျွန်မ ဘ၀ထဲက ကျွန်မဆီ တည့်တည့်ကို ၀င်ရောက်လာမယ့် နေ့တစ်နေ့ အတွက်..
( ထိုနေ့ကို အခုကနေ နောင်နှစ်ပေါင်း ၅၀ မရှိတောင် နှစ်ပေါင်း  ၃၀ လောက်မှဆို သေပျော်ပါပြီလို့ ကျွန်မက ကိုယ့်စိတ်ကိုယ် ဖြေဖော့ရင်း ဒီစာကို အဆုံးသတ်လိုက်ပြီ…။ အချိန်ကား အာရုဏ်တက်တော့မည်ဖြစ်၏။)




အိန္ဒြာ

(၁၃.၅.၂၀၁၂)


8 comments:

သော်ဇင်အုန်း said...

သေခြင်းတရားရဲ့အထက်မှာဘယ်သူမှမရှိ

သော်ဇင်အုန်း said...

သေခြင်းတရားရဲ့အထက်မှာဘယ်သူမှမရှိ

သော်ဇင်အုန်း said...

သေခြင်းတရားရဲ့အထက်မှာဘယ်သူမှမရှိ

သော်ဇင်အုန်း said...

သေခြင်းတရားရဲ့အထက်မှာဘယ်သူမှမရှိ

သော်ဇင်အုန်း said...

သေခြင်းတရားရဲ့အထက်မှာဘယ်သူမှမရှိ

သော်ဇင်အုန်း said...

သေခြင်းတရားရဲ့အထက်မှာဘယ်သူမှမရှိ

Maribel Artaste said...

Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog

Mary Grace said...

Hi your blogs looks so impormative and interesting.would you come and visit us back too
http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog