ဆောင်းပါးရယ်ဘာရယ်လည်း ရေးလေ့ရေးထမရှိခဲ့ပါဘူး။ အက်ဆေးဆိုကလည်း တော်တော်ရှားရှား...
အခုကလည်း ဘာရယ်ညာရယ်မဟုတ်ဘူးကောက်ရေးလိုက်တာပါ.။
စာမရေးဖြစ်တာကလည်း ကြာပေါ့..။
ကဗျာတွေ စာတွေရေးဖြစ်လားမေးတဲ့သူတွေကိုတော့ ဖြေဖြစ်ပါတယ်၊ ရေးဖြစ်တယ် အလှူပိုစ့်တွေလို့..။
ပြန်ကြည့်လိုက်တော့ရသအလင်း စပြီးဖွဲ့စည်းလိုက်ကတည်းက ကိုယ်ပိုင်အားလပ်ချိန်တွေ တော်တော် များများ အဖွဲ့အတွက်ပေးထားလိုက်ရလေသည်ပဲ။ (တကယ်က မရေးဖြစ်တာအတွက် ဆင်ခြေဆင်လက်ပါး)
ဒီတစ်ပတ်စာရေးချင် စာဖတ်ချင်စိတ်တွေဘာတွေဖြစ်လာတော့...
ဖိုဒါအဟောင်းတွေထဲ ရေးလက်စတွေထွက်လာနိုး....နောက် စာအုပ်စင်ပေါ်က စာအုပ်တွေထဲ...
ဟိုရှာ ဒီရှာ ....
++
လူမည်းစာရေးဆရာကြီး Alex Haley ရေးတဲ့ Roots ကို ဆရာမောင်ထွန်းသူ ဘာသာပြန်တဲ့ ဇစ်မြစ် စာအထူကြီးကို အုပ်စင်ပေါ်ကနေဆွဲချမိပြန်ပါတယ်။ တော်တော်များများတော့ဖတ်ဖူးကြမယ် ထင်ပါတယ်။
ပြန်ဖတ်ရင်း ဆရာတင်မောင်မြင့် ဘာသာပြန်တဲ့ ချစ်လင်းရောင်ခြည်ကွယ်လေပြီကိုသတိရ
Beecher Stowe ရဲ့ Uncle Tom ကိုသတိရ..။
နောက်တော့ ဆရာနရီမင်းရဲ့ နိုင်ငံတကာ ကဗျာခံစားမှု အပိုင်း(၁) ဆောင်းပါးပေါင်းချုပ်ထဲက ကိုဇော်ဝင်းကို ဆိုတဲ့သူ ညွှန်းပြထားတဲ့ မာရီအီဗန်စ်ရဲ့Status Symbol ဆိုတဲ့ကဗျာကို သတိရ။။
ပြန်ဖတ်မိ သတိရမိတဲ့ စာတွေ ကဗျာတွေ အားလုံးက တစ်ချိန်က အာဖရိကန်နီဂရိုးတွေကို ကျွန်ကုန်ကူးရောင်းခဲ့ကြတဲ့၊ ကျွန်ပိုင်ရှင်နဲ့ ကျွန်လူ တန်းစားခွဲခြားမှုမှာ သွေးပျက်ဖွယ်ရာ ဆိုးရွားခဲ့တဲ့
ဘ၀တွေ ဘ၀တွေ အကြောင်း..။
မဖတ်ရဲလောက်အောင်ကို ကြေကွဲစရာကောင်းတဲ့ အဖြစ် ၊ အပျက်၊ တွေ..
+++
Mari Evans ရဲ့ကဗျာကတော့ သရော်ကဗျာတစ်ပုဒ်ပါတဲ့
ငါတို့ဟာ နီဂရိုးအသစ်တွေပါ ။
တော်လှန်ရေးကြီးရဲ့ သပိတ်တွေရဲ့ အနှစ်သာရ ရလဒ်နဲ့ အသစ်ဖြစ်တည်လာတဲ့ နီဂရိုးတွေပါတဲ့ လူမည်း မစီးရ သတ်မှတ် ခံထားရတဲ့စက်ဝိုင်းနီ ကားတွေ ၊ လူမည်းမသောက်ရလို့ တားမြစ်ထားတဲ့ ရေဘုံဘိုင်တွေ မရှိတော့တဲ့ခေတ်က နီဂရိုး အသစ်ပါတဲ့။
အခု အဲဒီ့ ခေတ်အသစ်က နီဂရိုးအသစ်ဟာ လူဖြူတွေသုံးတဲ့ အိမ်သာဆေးလိုက်ပါဦးမယ်လို့ဆိုပါတယ်။
အဲဒီ့နေရာမှာ စိတ်ထဲကို တစ်ခုက အရှိန်နဲ့ စိုက်ဝင်သွားခဲ့ပါတယ်။
ခေတ်ဆိုးတွေ စနစ်ဆိုးတွဟာ မတည်တံ့နိုင်ပါဘူး။
အဖိနှိပ်ခံဆိုတာကလည်း ထာဝရ အဖိအနှိပ်ခံနေကြမှာမဟုတ်ပါဘူး။
အာဏာရှင် ဓနရှင်ဆိုတာကလည်း အချိန်တန်ရင် ကျရှုံးရစမြဲပါပဲ။
နိုင်ငံရေးအတွက် အမျိုးသားရေးအတွက် ဘာသာရေးတွေအတွက် တော်လှန်ရေးတွေဟာ လိုအပ်လို့၊ ဖြစ်သင့်လို့ ဖြစ်ပေါ်ခဲ့ကြပါတယ်။
မတန်တဆ အသက်သွေးခဲ အရင်းအနှီးတွေ၊ စိတ်ဓါတ် အရင်းအနှီးတွေနဲ့ ခေတ်တွေလည်း ပြောင်းသင့်လို့ ပြောင်းလာကြပါတယ်။
ဒါပေမယ့် ခေတ်ပြောင်းပြီ ခေတ်ပြောင်းပြီ သာဆိုတယ် မာရီအီဗန်စ်ရဲ့ နီဂရိုးအသစ်လို လူဖြူတွေ အိမ်သာ ဆေးတဲ့ အလုပ်နဲ့ နီဂရိုးအသစ်ပါ ဆိုခဲ့ပြန်ရင်တော့ နေရာမကျပြန်သေးပါဘူး..။
ရင်းထားခဲ့ရတာတွေ သိပ်များတဲ့အတွက် ဖြစ်သင့်ဖြစ်ထိုက်တာတွေ ဖြစ်လာပါစေလို့ပဲ....
ကဗျာလေးကို ဖတ်ကြည့်ချင်ရင်တော့
Status Symbol
By Mari Evans
i
Have Arrived
i
am the
New Negro
i
am the result of
President Lincoln
World War I
and Paris
the
Red Ball Express
white drinking fountains
sitdowns and
sit-ins
Federal Troops
Marches on Washington
And
prayer meetings
today
They hired me
it
is a status
job . . .
along
with my papers
They
gave me my
Status Symbol
the
key
to the
White . . . Locked . . .
John
( ကဗျာ စီထားပုံစာလုံးအဖြတ်အတောက်အားလုံးကတော့ http://loisleveen.com/digitalportfolio/neeraj_midterm/status_symbol.htm ကနေ ကူးလာတဲ့ မူရင်းအတိုင်းပါပဲ။ )
+++
Roots( ဇစ်မြစ်)ကတော့ (၁၉၇၃)ခုနှစ်ကစပြီး ဘာသာပေါင်းများစွာနဲ့ အုပ်ရေ သန်းပေါင်းမြောက်များစွာ ထုတ်ဝေခဲ့ရတဲ့ ဂန္တ၀င်မြောက် ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ ဆွေစဉ်မျိုးဆက် ကျွန်မျိုးနွယ်စု အာဖရိကန်တွေ အကြောင်းပါ။
စာရေးဆရာရဲ့ ဘိုးဘေးဘီဘင်တွေ အကြောင်းဆိုပါတော့..။
အဲဒီ့မှာ အာဖရိကန်တွေရဲ့ ဓလေ့ အကျင့်စရိုက်တွေ ၊ အယူအဆ အစွဲအလန်းတွေနဲ့ ရိုးသားမှုတွေကို အသေးစိတ်တွေ့နိုင်ပါတယ်။ နာမည်လေးပေးဖို့ကအစ ယောကျာ်းရင့်မကြီးဖြစ်ပြီလို့ အသိအမှတ်ခံကြရဖို့ အထိ ဘယ်လောက်အထိ အလေးအနက် ထားခဲ့ကြလည်း ကိုယ့်မျိုးနွယ်စုတွေကို ဘယ်လို တန်ဖိုးထား ခဲ့ကြလည်းဆိုတာတွေဟာ သူတို့ ကျွန်ပြုခံကြရတဲ့ အချိန်တွေက ဆုံးရှုံးမှုတွေကိုပိုပြီး အရောင်တောက် အောင် လုပ်ပေးခဲ့တာပါ။
ဒီစာအုပ်က မြန်မာပြည်မှာ ၁၉၉၁ လောက်ကတည်းက ထွက်ခဲ့တဲ့ စာအုပ်မို့ စာဖတ်ဝါသနာပါတဲ့သူတိုင်း ဖတ်မိကြမယ့် စာအုပ်မျိုးမို့ သိပ်တော့ပြောစရာလိုမယ်မထင်ပါဘူး..။
ဒီစာအုပ်နဲ့ ပတ်သက်ပြီး ခံစားလိုက်ရတာတွေအများကြီးထဲက ခံစားချက် အစခပ်သေးသေးတစ်ခုကို ပုံကြီး ချဲ့ကြည့်မိပါတယ်။
အဲဒါကတော့ သူတို့ရဲ့ ရိုးရာဗုံသံတွေကိုပါ..
အာဖရိက တောနက်ထဲက ရိုးရာ ဗုံသံတွေကိုပါ။
ဗုံတီးခြင်း အတတ်ဟာ သူတို့တတ်အပ်ရာ အဌာရသတွေထဲကအရေးအကြီးဆုံးနံပါတ်စဉ်မှာရှိတယ်တဲ့
ဗုံသံဟာ သူတို့ဖြစ်တည်မှုအတွက် မရှိမဖြစ်ပါတဲ့။
ဗုံသံဟာ သူတို့ရဲ့ ဘုံ ဘာသာစကားတစ်မျိုးလည်းဖြစ်နေပါတယ်တဲ့။
သူတို့ ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း အောင်နိုင်ခြင်း၊ရှုံးနိမ့်ခြင်း၊ကြည်နူးခြင်း၊လွမ်းဆွတ်ခြင်းတွေဟာ ဗုံသံနဲ့ အတူရှိနေပါတယ်တဲ့…။
ဒါဆို ကျွန်သင်္ဘောပေါ်မှာ သူတို့ရိုးရာဗုံသံကိုကြားနေရမယ့် အကျဉ်းသားတွေရဲ့ စိတ်ခံစားချက်တွေ ဘယ်လို များရှိနေလိမ့်မလဲ။
သူတို့ရဲ့ နာကျည်းမှု မုန်းတီးမှုတွေ၊ ချောက်ချားကြောက်လန့်သမျှတွေ
လွမ်းဆွတ်တမ်းတမှုတွေ
အားမတန်လို့ မာန်လျှော့ထားရပေမယ့် သူတို့ လွတ်မြောက် ရုန်းထွက်လိုမှုတွေ…..
အဲဒီ့အချိန်မှာ သူတို့ချစ်တဲ့ ဗုံသံဆိုတာ သူတို့အတွက် ခွန်အားလည်းဖြစ်ချင်ဖြစ်ကောင်းရဲ့…
မျှော်လင့်ချက်ရောင်ခြည်လည်းဖြစ်ချင်ဖြစ်ကောင်းရဲ့…..
သူတို့တွေအားလုံး အဲဒီ့ဗုံသံမှာ သူတို့ ငိုကြွေးကောင်း ငိုကြွေးနေကြသေးရဲ့...
စသဖြင့် ..အတွေးတွေနဲ့ ကဗျာလေးတစ်ပုဒ်ကောက်ရေးလိုက်မိပါတယ်..
++++
အာဖရိကတောနက်ထဲက ဗုံသံ
ရိုးသားတဲ့ ပြောင်းခင်းထဲကနေ
ပျံ့ လွင့် လာ
အနှိုင်းမရှိတဲ့ ဘုရားသခင်ရဲ့ ကြီးမားတဲ့
ကျေးဇူးတော်
ထွေရာလေးပါး သတင်းစကားလည်း ဖြစ်
တမ်းတလွမ်းဆွတ်ခြင်းစာလွှာလည်း ဖြစ်
အထူးသတိပေးချက် အရေးပေါ်ခေါင်းလောင်းသံလည်း ဖြစ်
သူရဲကောင်းဖြစ် ပွဲတက်အဆင်တန်ဆာလည်း ဖြစ်
စိတ်ခံစားမှုတွေရဲ့ အမှတ်သညာလည်း ဖြစ်
ကောက်သစ်ရိပ်သိမ်းပွဲက အပျိုမရဲ့ ရင်ခုန်ချင်ဖွယ်ရာ စည်းချက်ဝါးချက်တွေလည်း ဖြစ်..
နတ်ဘုရားထက် ယုံကြည်ရိုးကျိုးဖွယ်ရာ ကိုးကွယ်ရာ မရှိ
အဖ ထက်ကြီးကျယ်မြင့်မြတ်သော သူရဲကောင်းမရှိ
ရိုးရာအစွဲအလမ်းထက် ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ ကျိမ်စာ မရှိ
ဗုံသံထက် တက်ကြွရွှင်မြူးဖွယ်ရာ ဂီတ မရှိ
အခု
လူပျောက်လို့တီးခတ်နေတဲ့ ဗုံသံတွေ..
တရွေ့ရွေ့ထွက်ခွာသွားမယ့် ကျွန်သဘောင်္ပေါ်က
မည်းနက်တဲ့နားတွေ ဗုံသံကို နားစွင့်နေကြရော့..။ ။
++++++
အိန္ဒြာ
(၂၅.၂.၂၀၁၂)
2 comments:
ဗုံပေါ်မှာ ဖုံတွေ ချည်းပဲ။း)
အာဖရိက ဆိုလို့ သင်တန်းမှာ ခင်ခဲ့ဖူးတဲ့ အာဖရိကန်တွေကို သတိရသွားပါတယ်...
Post a Comment