February 20, 2009

မျက်ဝန်းတစ္ဆေ


ဒီဝတ္ထုတိုလေးအတွက် ကိုယ်တို့မိန်းခလေးတွေစည်းရုံးကြဖို့လိုပါလိမ့်မယ်..
နယ်ကနေဘွဲ့ရပြီး ရန်ကုန်အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်တဲ့ညီအစ်မ၀မ်းကွဲလေး..ကို လှိုင်သာယာစက်မှုဇုံမှာ သွားတွေ့မိတဲ့တစ်နေ့က၀င်လာခဲ့တဲ့ အတွေးစကနေ ရေးဖြစ်တဲ့ဝတ္ထုလေးပါ.။
ကြောက်စရာကောင်းတဲ့ မျက်ဝန်းအကြည့်တွေ...အကြောင်းပေါ့...
အခုကျတော့လဲ အတွေးတစ်ခုက၀င်လာပြန်ပါတယ်..။
ကိုယ်တို့လို မိဘ၊ ချစ်သူ ၊ခင်ပွန်းသည်တွေနဲ့ ခွဲခွာပြီး နိုင်ငံရပ်ခြားကိုရောက်နေကြတဲ့ မိန်းခလေးတွေကိုရော..ဘယ်လိုကြည့်ကြသလဲ..
ဖျတ်ကနဲ ယေဘုယျအတွေးတစ်ချို့နဲ့
လွယ်လွယ်ကူကူကြည့်တတ်တဲ့မျက်ဝန်းတွေ ရှိကြတာကတော့ အသေအချာပါ..။

" မိန်းမဆိုတာ လှောင်ဟားရယ်ဖွဲ့ချင်စရာလူအမျိုးအစားတစ်မျိုးလို မခိုးမခန့်ရှိနေတတ်လွန်းတဲ့ သရော်ကမော်မျက်ဝန်းမျိုးတွေ..။
မိန်းမဆိုတာ သူလို့စိတ်ရော၊ကိုယ်ရောရဲ့ အဆာပြေစရာ သရေစာတစ်ခုခုလိုမျိုးအထက်အောက်အစုန်အဆန် စိမ်းစိမ်းဝင်းဝင်းကြည့်တတ်တဲ့ အမနာပမျက်ဝန်းမျိုးတွေ..။
ခပ်တြွားကြွားလို့ဆိုနိုင်င်တဲ့စကားစု တွေကို ခပ်ကျယ်ကျယ်လေး အော်အော်ပြောပြီး၊ကြားမကြား ဝေ့ဝေ့အကဲခတ်တတ်တဲ့ဆောင့်ကြွားကြွား မျက်ဝန်းမျိုးတွေ။
တမင် မဆိုင်ဆိုင်အောင် စောင့်ကြည့်ပြီး မလိုအပ်ပါဘဲ ရီဝေရွှန်းလဲ့ပြနေတတ်တဲ့ ကြာ မျက်ဝန်းမျိုးတွေ။ "





.......၁။......
လေးလံပျစ်ခဲနေတဲ့ လူစီးကြောင်းကြီးရဲ့အကြားမှာ သူမဟာ တလိမ့်လိမ့်မျောပါနေတဲ့
ကျောက်ခဲတစ်လုံးလိုပေါ့ ။

ဘယ်တော့မှ ရေညှိတက်မှာမဟုတ်ပေမယ့်၊ တဖြည်းဖြည်းတော့ လုံးပါးပါးချင်နေခဲ့တယ်..။
ဒီလိုညနေခင်းတွေဟာလည်း သူမအတွက် ပျင်းဝေညစ်ညူးစရာ အညိုရောင်ရင့်ရင့် ရှုမျှော်
ခင်းပါပဲ။

တကယ်ဆို နွေဦးရဲ့ညနေခင်းတွေဟာ အ၀ါပြေပြေနဲ့ စိတ်လေလွင့်ချင်စရာဆွတ်ပျံ့သိမ်မွေ့
နေတတ်တာ။ တစ်ခါတစ်လေတွေမှာတော့ ရဲရင့်တက်ကြွ ချင်စရာ လတ်ဆတ်ပေါ့ပါးလို့။

အဲဒီ့လိုနွေဦးညနေတစ်ခင်းက သူမကို သွေးပျက်ပေါက်ကွဲပစ်ချင်စရာ ချောက်ချားခက်ထန် စေဖူးခဲ့တဲ့အကြောင်း ဘယ်သူ့ကိုမှ စိတ်လိုလက်ရ ပြောမပြခဲ့ဖူးဘူး။

..........၂။..........

ဒီလောက်များပြားနေတဲ့ လူအုပ်ကြီးထဲမှာ သူမကိုလာကြိုတဲ့သူ တစ်ယောက်မှမပါတာလည်း ၀မ်းမနည်း တတ်ပါဘူး။
သမီးကိုလာကြိုတဲ့အဖေတွေ၊ နှမတွေကိုလာကြိုကြတဲ့ မောင်ဘွားတွေ ၊ ချစ်သူကိုလာကြိုကြတဲ့ချစ်သူ
တွေ...။
နောက်ပုံစံ မျိုးစုံနဲ့ရောထွေး ပါလာကြတဲ့သူတွေ ။
သေချာတာက ယောက်ျားတွေ သိပ်များလွန်းနေတယ် ဆိုတာပါပဲ။
မျက်လုံးတွေရဲ့ အကြည့်တွေကို စိတ်ပျက်လက်ပျက် သရုပ်ခွဲမိရင်တော့ သူမနည်းနည်းမူး ဝေလာတတ်
တယ်။
လက်ဖ၀ါးမှာ ချွေးစေးတွေနဲ့ပျစ်ချွဲလာပြီး၊လက်ထဲက စတီးချိုင့်ကိုလွင့်ပစ်ချင်လောက်အောင်ဖြစ်လာခဲ့
ရင်တော့ စတီးချိုင့်ဒါမှမဟုတ် ပလပ်စတစ်လက်ဆွဲခြင်း ကို ဆွဲကူရတာကတစ်ဖက် ၊ လက်ဖ၀ါး
ဒါမှမ
ဟုတ် ပုခုန်းကို တွဲဖက်ချင်နေရတက တစ်ဖက် အလုပ်ရှုပ်နေ တတ်တဲ့ ယောက်ျားတစ်ယောက်ယောက်
ကို ငေးလိုက်မိသေးတယ်။ ပြီး.. သူမဘာသာ ကြိတ်ပြီး ရယ်မောပေါ့။
ကြည့်စမ်း အဲဒီ့လိုငေးမိရအောင်သူမက ချစ်သူနဲ အချစ်ဆိုတာအပေါ်မှာ ဘယ်လောက်များ ယုံကြည်
သက်ဝင်ခဲ့လို့ လည်း။
သူမနဲ့မှ အချစ်ကို ချို ချင်ပါတယ်ဆိုတဲ့ ကဗျာဆရာ့ကိုဖျတ်ကနဲသတိရလိုက်မိရင်တော့
ရင်ဘတ်ကကျဉ်ကနဲဖြစ် ချင်နေတတ်တယ်။
ယောက်ျား၊ မိန်းမအစွဲကင်းတဲ့၊ ဘယ်လလိုမြူရိပ်မှ ငွေ့ငွေ့ထင်မနေတဲ့ မျက်ဝန်းအကြည့်မျိုးအောက်မှာ
တစ်ကြိမ် တစ်ခါလောက်ဖြစ်ဖြစ် မိန်းမောလိုက်ချင်သေးတဲ့အကြောင်း
သူမ ခပ်ရှက်ရှက်နဲ့ပေမယ့် ၀န်ခံရဲပါတယ်။
ဟင့်အင်း သူမဟာဘယ်တုန်းကမှ မလွမ်းတတ်တာကတော့လည်း သေချာပါတယ်လေ..။

........၃။.......

မျက်ဝန်းတွေ..မျက်ဝန်းတွေ..ရဲ့အကြည့်ကို သရုပ်။မခွဲမိခင် လောလောလတ်လတ် သူမ အပူတပြင်း သိ
ချင်သွားတတ်တာက
ယောက်ျားတွေဟာမိန်းမတွေကိုယေဘူယအားဖြင့်ဘယ်လိုမျိုးသဘောထားနေ
ကြသလည်းဆိုတာမျိုးပေါ့။
အထူးသဖြင့်သူမလို နယ်ကလာ၊အဆောင်နေပြီးအလုပ်လာလုပ်ကြတဲ့မိန်းမတွေကို။ အထူးသဖြင့် သူမ
လို အထည်ချုပ်စက်ရုံမှာ နေကုန်နေခမ်း အလုပ်လုပ်ကြပြီး ၊နေ၀င်ဖျိုးဖျ ဒါမှမဟုတ် ညဥ့်နက်မှပြန်လာ
ကြရတဲ့မိန်းမတွေကို...
အထူးသဖြင့်သူမလို ချို့ချို့ငဲ့ငဲ့ နွမ်းပါးပုံပေါ်နေတဲ့၊ ယုံကြည်ချက် ရည်ရွယ်ချက်တစ်ခုကိုရောက်အောင်
ခဲရာခဲဆစ် သွားနေကြရတဲ့ မိန်းမတွေကိုလေ။
မိန်းမဆိုတာ လှောင်ဟားရယ်ဖွဲ့ချင်စရာလူအမျိုးအစားတစ်မျိုးလို မခိုးမခန့်ရှိနေတတ်လွန်းတဲ့ သရော်
ကမော်မျက်ဝန်းမျိုးတွေ..။
မိန်းမဆိုတာ သူလို့စိတ်ရော၊ကိုယ်ရောရဲ့ အဆာပြေစရာ သရေစာတစ်ခုခုလိုမျိုးအထက်အောက်အစုန်
အဆန် စိမ်းစိမ်းဝင်းဝင်းကြည့်တတ်တဲ့ အမနာပမျက်ဝန်းမျိုးတွေ..။
ခပ်ကြွားကြွားလို့ ဆိုနိုင်တဲ့စကားစု တွေကို ခပ်ကျယ်ကျယ်လေး အော်အော်ပြောပြီး၊ ကြားမကြား ဝေ့
ဝေ့အကဲခတ်တတ်တဲ့ဆောင့်ကြွားကြွား မျက်ဝန်းမျိုးတွေ။
တမင် မဆိုင်ဆိုင်အောင် စောင့်ကြည့်ပြီး မလိုအပ်ပါဘဲ ရီဝေရွှန်းလဲ့ပြနေတတ်တဲ့ ကြာ မျက်ဝန်းမျိုးတွေ။
အဲဒီလို မျက်ဝန်းရောင်စုံ တွေရဲ့အောက်မှာ သူမ အော်ဂလီဆန် ညစ်ညူးနေခဲ့ရတာလည်းကြာပြီပဲ၊
အထူးသဖြင့် ယဉ်သီရီဝေနေတဲ့ သွေးနီကြောတွေ အစိပ်စိပ်မွှာနေတဲ့၊ တစ်စုံတစ်ရာတွေ တလက်လက်
ဖြာထွက် နေတယယ်လို့ထင်ရအောင် စူးရှ ရုန်းကြွနေတဲ့ မျက်ဝန်းမျိုး......။

အိုး.....။
သူမဟာ တစိမ့်စိမ့်တွေးပြီး တမြည့်မြည့်ကျဆုံးတတ်တဲ့ မိန်းမမျိုးလည်းမဟုတ်ဘူး။

......၄။.....

အမေ.. အကြည့်တွေဟာ အဆိပ်လူးထားတြဲ့မားတွေလိုပဲလို့တိုင်တည်လိုက်ရင် အမေ့ခမျာ မအူမလည်
ကြီး စိုးရိမ်သွားဦးတော့မှာပဲ။
သမီးရယ် မသွားပါနဲ့ ၊ ရွာမှာကျောင်းဆရာမလေးပဲလုပ်ပါလို့ ပြောချင်နေမှာ သေချာနေပေမယ့်အံကို
တင်းတင်းကြိတ်ပြီး မျက်ရည်စက်လက် ကျန်ရစ်ရစ်ခဲ့တဲ့အမေ့ကိုသူမ မလွမ်းဆွတ်အောင်နေတတ်တာ
ကလဲကြာပြီ..လေ..။
တစ်လတစ်လ ခြစ်ချုပ်စုထားရတဲ့ ငွေလေးငါးထောင်ကိုပို့ပေးတိုင်း အမေ နေကောင်းအောင်နေပါ ။
သမီး ဒီ့ထက်တိုးတက်အောင်ကြိုးစားနေပါတယ်။ နေကောင်းပါတယ်၊ သတိရလျက် ဆိုတာမျိုး ၊စာကို
မတို တို အောင်မပြတ်ပြတ်အောင်
အားထုတ်ပြီးရေးနေရတဲ့ အချိန်တွေမှာတော့မထိမ်းနိုင်မသိမ်းနိုင်
မျက်ရည်က၀ဲချင် ခဲ့ပြန်တယ်။
တကယ်ဆို သူမ မငိုတတ်တော့တာတောင်ကြာပြီပဲ။ အမေ နောက်အိမ်ထောင်ပြုပြီးတဲ့နောက်ပိုင်း
ထူးအိမ်သင် ဆုံးတုန်းကပဲ ပါးပြင်စိုလောက်အောင် မျက်ရည်ကျခဲ့တာ။
သူ မှတ်ချက်ပေးခဲ့တဲ့ အကြောတင်းဆိုတဲ့ ပညတ်နဲ့ လိုက်လျောညီထွေ ရှိနေပြီလားလို့သူမ ကို သူမ လေးလေးနက်နက် ဆန်းစစ်ကြည့်ရဦးမယ်။
သမီး.. အမေချောင်းတွေ အရမ်းဆိုးနေလို့ ရွာကဆရာဝန်က ဟင်္သာတမှာ ဆေးစစ်ခိုင်းထားတယ်ဆို
တာဟာ တစ်ဝက် မကလျော့ရေးထားမှာက ရာနှုန်းပြည့်သေချာနေပြီး လောလောလတ်လတ် သူမ
ရင်ထဲမှာငုံမျိုထားရတဲ့ မီးကျည်းမီးခဲပေါ့။
ဘ၀ဆိုတာ မကျေနပ်စရာတစ်ခုခု ၊အဆင်မပြေတာတစ်ခုခုနဲ့ အမြဲတမ်းဖြေရှုင်းရင်ဆိုင်နေရမှအဓိ
ပ္ပာယ်ရှိ အသက် ၀င်တော့မှာပေါ့လို့ သူမဘာသာကြီးကြီးကျယ်ကျယ်တွေးပြီး အားတင်မာန်တင်း ရ
သေးတယ်။
အမေက ဦးဘသော် ဘယ်လို မူးတုန်း ရမ်းတုန်း ဆိုတာမျိုးနဲ့ ၊ သမီးပြန်လာခဲ့ပါလားဆိုတာမျိုး က
ိုတော့ ဘယ်တော့မှ ထည့်ရေးလိမ့်မှာမဟုတ်ဘူး။
အမေ.. အမေ့မှာ အားကိုးမရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ယူခဲ့တဲ့ အမေ့ရဲ့ချစ်ခင်ပွန်း ကြီးက ကုမပေး
ဘူးလားလို့ သူမ စကားနာထိုးတတ်တာပေါ့။
ကိုဘသော်က အရက်သောက်ပေမယ့် ၊သမီးကိုတော့သံယောဇဉ်ကြီးရှာပါတယ်ဆိုတဲ့စကားစုမျိုးကို သူ
မက အကြည့်စူးစူး တစ်ချက်နဲ့ ဖြတ်ချပစ်လိုက်ဖူးတယ်။ ခပ်စေ့စေ့ကြည့်နေတဲ့ သူမရဲ့အကြည့်စူးစူးကို
အမေ ရင်မဆိုင်ရဲခဲ့ဘူး။
အဲဒီ့ကစပြီး အမေဟာ ဘယ်လိုဖြောင့်ချက်မျိုးနဲ့မှ သူမကိုစည်းရုံးဖျောင်းဖျဖို့ မကြိုးစားရှာတော့ဘူး။
အတန်းပညာနည်းရှာတဲ့၊ ရိုးလွန်းလို့ အ တယ်အပြောခံရတဲ့ အမေဟာသူမမျက်ဝန်းတွေကို ကျွမ်းကျွမ်း
ကျင်ကျင် ကြီးကို ဖတ်ရှုနားလည်တတ်ခဲ့သလိုမျိုး၊
သမီးအပြင် ဘာကိုမှ ထပ်မဆုံးရှုံးစေချင်တော့တဲ့ ကရုဏာနဲ့ သူမ ထိမ်ချန် ကွယ်ဝှက်ထား ခဲ့တာတွေ
ကိုရော အမေ ရိပ်မိသိရှိနေခဲ့ပြီလား...။
သူ့အဖေလို သိပ်ခေါင်းမာတာဘဲလို့ သူမကို လွမ်းဆွတ်တိုင်း အမေရေရွတ်နေမှာကတော့ သေချာပါ
တယ်လေ။

.......၅။.......

အဲဒီ့ညနေဟာ ကော်ဖီအိုရောင် အေးစက်ရင့်ရော် နေခဲ့တာကိုလည်းသူမ သတိပြုမိခဲ့တယ်။ အမေ့အတွက်ဆိုတာ တစ်ခု တည်းနဲ့ သူမ အဲဒီ့နေရာကို ရောက်ခဲ့ရတာပါလို့ဆိုရင်ရော အမေသူမကို
ခွင့်လွတ်နိုင်ပါ့မလား။
စက်ရုံအသွားအပြန် ဒီကြော်ငြာကိုတွေ့ကတည်းက သူမရဲ့အာရုံတွေ တဖျတ်ဖျတ်နိုးကြွနေခဲ့တာ။
သူမ ကိုယ်ခန္ဓာထဲက အဖေ့သွေးတွေ တဒီးဒီး ဆူပွက်သွားခဲ့တာ။သူမရဲ့ ကြမ်းရှ မာခဲနေခဲ့တဲ့ ၊ စက်ရုံမှာ ချည်စတွေနဲ့ညိညိပြီး ပြသနာခဏခဏဖြစ်ရတဲ့ ၀ဲဘက် လက်ချောင်းတွေ ရဲ့ထိပ်ကို တရွရွ ပွတ်သပ်
ကြည့်နေမိတာ..။
အမေ... မိုင်ထောင် ချီနေတဲ့ ခရီးတစ်ခုရဲ့ ပထမဆုံးခြေလှမ်းလည်းဖြစ်နေနိုင်ပါတယ်လို့ ဆင်ခြေပေး
လိုက်ရင်တော့ အမေ သက်ပြင်းချနေမလား.။
ရုပ်ရှင်တွေထဲကလိုမျိုး နင့်အဖေကိုစိတ်နာတယ်၊ နင့်အဖေရဲ့ အရိပ်အငွေ့တွေကို မတွေ့ချင်၊ မမြင်
ချင်ဘူးလို့ သူမကို မတားမြစ် မပိတ်ပင်မိခဲ့တာကိုတော့ နောင်တရမှာသေချာပါတယ်။
မှတ်မှတ်ရရ အဲဒီ့ကြော်ငြာကိုတွေ့တဲ့ညက ဖုန်သုတ်ပြီးပြန်ပြန်ထောင်ထားပစ်ခဲ့တဲ့ အဖေ့ရဲ့ဂစ်တာအို
လေးကို တီးခဲ့မိ သေးတယ်။
အဆောင်သူတွေ သူမ အနားမှာဝိုင်အုံလာပေမယ့်
ကိုယ်ခန္တာကျွေမှာကိုစိုး ၊နင်းထားတဲ့ကြမ်းပြင်ကျွံသွားမလားဆိုတဲ့ စာသားတွေနဲ့
သူမအသံ ကြီးကြီးသြသြကိုတော့ သြဘာပေးချင်ကြပုံ မပေါ်ဘူး။
အငဲကို အကြိုက်ဆုံးလို့ပြောတဲ့သူမကို တအံ့တသြမျက်လုံးပြူးကြည့်နေတဲ့..၊
စုန်းမလို့သူမအော်ဆို နေတာကိုတွေ့တော့ ချာကနဲလှည့်ပြန်သွာတဲ့ ကျောင်းဆရာလေးကို ဖျတ်ကနဲ သတိရမိလိုက်တော့ သူမခပ်ယဲ့ယဲ့လေးဖြစ်ဖြစ် ပြုံးလိုက်မိသေးသလား။
အို.. ကဗျာဆရာကတော့ သူရဲ့ ကဗျာလေးတွေကို အသံထည့်ပေးဖို့ တက်တက်ကြွကြွကြီး ကမ်းလှမ်းခဲ့ဖူး သားပဲလေ။

.......၆။.........

အချစ်နတ်သမီးဆိုတဲ့ဆိုင်းဘုတ်က သူမကို ကြက်သီးဖျမ်းကနဲ ထသွားစေခဲ့တယ်။ ရောက်နှင့်နေတဲ့
သုံး-လေး ယောက် ကိုကြည့်မိမှ အခြေအနေ အချိန်အခါကို သတိရပြီးသူမကိုယ်သူမ နည်းနည်းတော့
စိတ်ပျက်သွားခဲ့မိတယ်။
ရက်မှန်ကြေး အဖြတ်ခံရမှာစိုးလို့ အလုပ်ကို အချိန်ပြည့်ဆင်းပြီး ကတိုက်ကရိုက် ပြေးချလာခဲ့ရတဲ့ သူမ
ဟာ တော် တော်လေး ညံ့ဖျင်းညှိုးမှိန်နေမှာ သေချာတာပေါ့။
တကယ်ဆို ဆံပင်လောက်ကိုတော့ သပ်သပ်ရပ်ရပ်ဖြစ်အောင် ဖီးလာခဲ့မိဖို့တော့ ကောင်းတယ်လို့ သူမ နောင်တရချင်သလိုလိုဖြစ်သွားခဲ့တယ်။
နောက်ထပ်ဝင်လာတဲ့ ရိုးရိုးညံ့ညံ့ မိန်းကလေး နှစ်ယောက်ကိုမြင်မှ သူမ အား တက်သလိုရှိလာပြီး သူမ
ကပဲ ပြုံးပြနှုတ်ဆက်ခဲ့ပါတယ်။ငါတကယ်လို့ ဒီမှာ အလုပ်ရရင်တော့ သူတို့နဲ့ပဲပေါင်းမယ်လို့ ကြိတ်ပြီး
တွေးလိုက်မိသေးရဲ့။
အုံထွေးလှုပ်ရှားနေတဲ့ဝန်းကျင်ဟာ သူမအတွက် သီးခြားကမ္ဘာတစ်ခုလို့ အနေရခက်ကျဉ်းမျောင်းနေခဲ့
တယ်။ ဘုရားရေ....။ မျက်ဝန်းတွေ.. မျက်ဝန်းတွေမှ အများကြီးပါလား...။ သူမမူးဝေချင်လာပြန်တယ်။
တုန်ယင်လှုပ်ခတ်သွားမှုကို နေသာမေ့ပျောက်အောင် လက်ထဲမှာပါလာခဲ့တဲ့စာအုပ်ကို ငုံ့ဖတ်လိုက်
တော့ ကဗျာဆရာ လက်ဆောက်ပေးထားတဲ့ ဆရာဇေယျာလင်းရဲ့ ဆောင်းပါးပေါင်းချုပ်စာအုပ်ပဲ။
ဒီစာအုပ်ဟာ သဘောမတူ ရင်ဆက်မဖတ်ပါနဲ့လို့ ရေးထားတဲ့ ဆရာ့ရဲ့အမှာစာကြောင့် သူမဆက်မဖတ်
ဖြစ်တဲ့ စာအုပ်လေးပဲ။
လူတစ်ယောက်ခြင်းစီမှာ ရုပ်ဆင်းသဏ္ဍန်တစ်မျိုးစီပိုင်ဆိုင်ထားကြသလိုမျိုး တစ်ဟောက်စီရဲ့ အတွင်း
စိတ်နဲ့ အကြိုက် တွေဟာလည်း ဘယ်တူနိုင်ကြပါ့မလည်း။
လွပ်လပ်စွာ ကွဲလွဲနေကြသူခြင်း ချစ်ကြည်ရင်းနှီးနိုင်ကြဖို့နဲ့ ရိုးသားမြတ်နိုး တတ်ကြဖို့ပဲ လိုတာလို့ သူမ
ဘာသာ တွေးမိခဲ့တဲ့အတွေးကို ကဗျာဆရာနဲ့တွေ့ရင် ကဗျာတစ်ပုဒ်လောက်ရေးခိုင်းဖို့ တေးမှတ်ထား လိုက်တယ်။
သူမဟာ ကဗျာဖတ်ရတာ ကို အဟာရတစ်ခုလို စွဲမက်သလောက် ကဗျာရေးကြည့်ရင်တော့ ရယ်စရာ
ကောင်း လောက်အောင် နုံချာလွန်းတယ်လေ။
ံHip Hop ဂီတကို အခုထက်ထိ ထဲထဲဝင်ဝင် ခံစားရင်ခုန်လို့မရသေးတဲ့သူမဟာ စိုင်းစိုင်းခမ်းလှိုင်ရဲ့ မင်း
ရင်ခွင်မှာ ခေါင်းချမလို့ ဆိုတဲ့စာသားမျိုးကို မျက်ရည်ဝဲလောက်အောင်ကြည်နူးတတ်ပြီး ၊
ကျိုးပျက်သွား
တဲ့အိမ်ထောင် သီချင်းကို ကြားရာ အရပ်က ထွက် ပြေးရလောက်အောင် နာကျင်ခံစားနေရတာမျိုးပေါ့ ။ သူမအတွေးကိုသူမဘာသာ သဘောကျ သွားခဲ့တယ်။
သူမကြိုက်လွန်း၊ကြောက်လွန်းလို့ အထပ်ထပ်ဖတ်မိခဲ့တဲ့ ဆစ်လ်ဗီယာပလာ့သ်လို ကဗျာစာအုပ်မျိုး အတွက် ဆရာကို ကျေးဇူးတင်လေးစားလိုက်ရတာ။
အကောင်းဆုံးမဆလာတွေနဲ့နယ်ထားတဲ့ အသားတုံးကြီးလိုဆိုတဲ့ စကားလုံးမျိုးကို သူမ ကြက်သီးဖျမ်း
ဖျမ်း ထနေမိခဲ့ရတာ။
သူမစိတ်အစာကျေဖြစ်နေချိန်တွေမှာ ( မျက်ဝန်းတွေရဲ့အောက်မှာ သူမ သေးငယ် ကျုံလှီနေရ ချိန်မျိုး
ပေါ့။)
ယောက်ျား အားလုံးဟာ အဲဒီ့ ကဗျာဆရာမရဲ့ ယောက်ျားလိုပဲနေမှာလို့ ပက်ပက်စက်စက် တွေးပစ်ခဲ့ဖူး
တာကို သတိရပြီး သူမရယ်ချင်သွားခဲ့တယ်။
ဒါပေမယ့် လွပ်လပ်စွာကွဲလွဲခွင့်ဆိုတာကို ကျောင်းဆရာလေးက လက်မခံဘူးတဲ့ကွယ်။

......၇။......

သူမ ဘယ်လိုမှ လက်ခံကြည်မွေ့လို့မရတဲ့ ပတ်ဝန်းကျင်ကိုတော့ ဘယ်လိုမှ ကွဲလွဲမနေချင်တော့ပါဘူး။ အစွမ်းကုန် လင်းပြက်တောက်ပမှုတွေကြားမှာ သူမဟာ ကျီးအတစ်ကောင် ဖြစ်နေခဲ့တာ လုံးဝသေချာနေခဲ့တယ်။
သူမရဲ့ ဂီတအပေါ်မှာ ကျွမ်းကျင်ပိုင်နိုင်မှု၊ အဆိုပညာပေါ်ပါးနပ်လိမ္မာမှုတွေထက် သူမရဲ့ရုပ်ခန္တာ အပေါ်
ကိုပိုပြီး စိတ် ၀င်စားမှန်း အရမ်းသိသာလွန်းနေတဲ့ မန်နေဂျာဆိုသူရဲ့မျက်ဝန်းတွေကို သူမ စေ့စေ့မကြည့်
ဝံ့ခဲ့ဘူး။
ဘေးနားမှာ ဆိုင်ပိုင်ရှင်လို့ထင်ရတဲ့ Hand Phone ကို မချတမ်း နားမှာကပ်ထားတဲ့ မမ ရဲ့ စီးစီးပိုးပိုး မျက်ဝန်းအကြည့်တွေက သူမကို တဖျင်းဖျင်း တောက်လောင်စေခဲ့တယ်။ တကယ်ဆို ရန်ကုန်ရောက်က
တည်းက သူမချေငံသေ၀ပ်သွားခဲ့တာပါ..။
ဆံပင်အနီရဲရဲနဲ့ ဘာတွေမှန်းမသိဘဲရှုပ်ရှက်ခတ်နေတဲ့ ခပ်နွဲ့နွဲ့လူကတော့ ဆိုင်က၀ယ်တော့မယ့် ပစ္စည်းတစ်ခုခုကို စစ်ဆေးနေသလိုမျိုး ၊ မဆိုးပါဘူး ကောင်းကောင်းလေး ၀တ်ဆင်ပေးလိုက်ရင် မိုက်
သွားမှာပါ စသဖြင့် ..။
ဆံပင်လေးတွေက အညိုပျော့ပျော့လေးတွေနော် ချစ်စရာလေး၊ ဆေးဆိုးထားတာလားဆိုတဲ့အမေးကို
ကျွန်မ ဂစ်တာ ကျွမ်းကျွမ်းတီးတတ်ပါတယ်။ သီချင်းလည်းဆိုခိုင်းကြည့်ပါ။
ကျွန်မအဖေက တီးဝိုင်းခေါင်းဆောင်ပါ။
ကျွန်မ ဆယ်နှစ်သမီး လောက်ကတည်း ဂစ်တာတီးလာတာပါလို့ မဆီမဆိုင်ဖြေချပစ်လိုက်ရမှ
သူမနည်းနည်း နေသာထိုင်သာ ရှိသွားခဲ့တယ်။
သူမ ချက်ချင်း ရဲရင့်တက်ကြွသွားလိုက်တာ။ သူမဟာအဖေ့သမီး၊ ဟုတ်တယ် ၊ သူမဟာ အဖေ့ သမီးပဲ...။ ဆတ်ကနဲ ဆံပင်တွေကိုတစ်ချက် ပင့်တင်လိုက်ပြီး သူမထွက်လာခဲ့လိုက်တယ်။
ဒီဆံပင်တွေ..ဒီဂီတတွေပေါ့ အဖေ့ဆီက ခုထိ သူမဆက်လက်ပိုင်ဆိုင်ခွင့်ရရှိထားခဲ့တာ။
သြော်.. ကျန်သေး တယ်၊ အဆောင် မှာ ထားရစ်ခဲ့တဲ့ ဂစ်တာအဟောင်းလေး..။
အဖေ.. အဖေ အမေ့ပေါ်မှာတင်နေတဲ့ အကျွေးတွေကိုလည်း အဖေသမီးကိုပေးခဲ့တဲ့အမွေနဲ့ သမီးနှစ်ဆ
တိုးပြီး ဆပ်လိုက် ပါ့မယ်လို့ ခပ်ငေါ့ငေါ့ တွေးလိုက်ပြီး သူမငိုချင်သွားခဲ့တယ်။

........၈။.......

တစ်စတစ်စ အရောင်ရင့်လာတဲ့ညနေခင်းမိုးမှာ တစ်စီးနဲ့တစ်စီးကျဲပါးလွန်းတဲ့ လိုင်းကားကိုစောင့်ရတာ
လောက် စိတ် ပင်ပမ်းရတာမရှိလောက်တော့ဘူး။
ဖျမ်းကနဲ ဆွဲမွှေ့သွားတဲ့လေပြည်ကြမ်းကြမ်းမှာ သူမရဲ့ဆံပင်တွေ တလွင့်လွင့်ဝဲပျံနေတော့မှာ။ ကားမှတ်
တိုင်ရဲ့ ထိုင်ခုံသေးသေးလေးမှာ ပူးကပ်ထိုင်နေကြတဲ့ စုံတွဲလေးကို သူမ မကြည့်မိအောင်ထိမ်းနေရတာ
ကတော့ ရယ်စရာပဲ။
ဒီအချိန်မှာ သူမဘေးမှာ တစ်ယောက်ယောက် ။ သူမ ဟက်ကနဲ ရယ်ချပစ်လိုက်တယ်။
ဒီဆံပင်တွေပေါ့ ကဗျာဆရာက အရိုင်းဆန်လွပ်လပ်လိုက်တာလို့တင်စားခဲ့ဖူးသလို ၊ မိန်းမတန်မဲ့ သပ်
သပ်ရပ်ရပ် ကိုမရှိဘူးလို့ ကျောင်းဆရာလေးက ကဲ့ရဲ့ဝေဖန်ခဲ့ဖူးတာလေ..။
အချစ်ဆိုတာကဟာ မရတာကိုမှ လိုချင်တတ်မက်နေတတ်တဲ့ အာခံခေါင်းမာတဲ့စိတ်မျိုးလား။
တကယ်ဆို သူမဟာ အထင်ကြီး မြတ်နိုးးမှုတွေနဲ့ ညိုရီဝင်းလဲ့နေတဲ့ ကဗျာဆရာရဲ့မျက်ဝန်းမျိုးအောက်
မှာ သက်တောင့် သက်သာ စီးမျောသွားသင့်တာ။
ဒါ.. အသစ် ပြောင်းလာတဲ့ဆရာလေ..၊ သူကဒီကျောင်းမှာ လုပ်အားပေးနေတဲ့ဆရာမဆိုတဲ့ မိတ်ဆက်
ပေးမှုမှာ ဟုတ်ကဲ့ ထက်မပိုတဲ့..၊
သူမ တအံ့တသြတွေ့လိုက်ရတဲ့ ယောက်ျား မိန်းမအစွဲကင်းတဲ့ ၊ ဘယ်လိုမြူရိတ်မှ ငွေ့ငွေ့ထင်မနေတဲ့ မျက်ဝန်းအကြည့်မျိုး......။
နောက်မှ အဲဒီ့အကြည့်ထဲမှာ အထင်သေးရှုံ့ချလိုမှုတွေ ၊ ကရုဏာဒေါသောအငွေ့တွေ ၊ ခပ်မဲ့မဲပြုံး
ယောင် ယောင်တွေ စွန်းထင်းသွားခဲ့တာကတော့ သူမရဲ့ညံ့ဖျင်းမှုလို့ပဲ ထားပါတော့။ သူမက အဲဒီ့မျက်
ဝန်းနက်နက်လေးမှာမှ...။
အိုး .....။ တကယ့်တကယ်တော့ သူမဟာဘယ်တော့မှ မျက်နှာသာမပေး၊ ချောမွေ့မနေတတ်တဲ့ သူမရဲ့ ကံကြမ္မာကို မေ့လျော့နေခဲ့မိတာကိုက သူမရဲ့ မှားယွင်းရူးသွပ်မှုတစ်ခုပါကွယ်။
အစကတည်းက ဘယ်လိုနီးစပ်ပတ်သက်မှုမျိုးမှရှိမနေခဲ့ကြလို့ လုံးဝဥဿုံ ဝေးကွာသွားကြပြီဆိုတဲ့ အသိ
ကိုလည်း သူမထူးထူး ထွေထွေ နာကျင်ကြေကွဲမနေခဲ့တော့ပါဘူး။
သူပြောသလို ခပ်ပေါ့ပေါ့ပဲ နေတတ်စားတတ်တဲ့ မိန်းမတစ်ယောက်ဟာ စားသောက်ဆိုင်မှာသီချင်းဆိုဖို့ ကြိုးစားအားထုတ် နေတယ်ဆိုတာကိုသိရင်ရော... ၊
ကျောင်းဆရာရဲ့မျက်ဝန်းတွေ ဘယ်လိုတွေများရှိသွားလိုက်ကြမလည်း။ စိတ်အနာတွေမြောက်များစွာနဲ့ လေးလံပင်ပမ်းလွန်းလှတဲ့ ဘ၀ကို ဘာတွေနဲ့များ .. ထပ်ပြီး... ဖိနှောင်ချုပ်တည်း ထားရဦးမှာလည်း ကျောင်းဆရာရယ်..။
အို.. ကဗျာဆရာကတော့ Hotel California ကို သားချော့တေးအဖြစ်နားထောင်လာခဲ့တဲ့ သူမနဲ့ အသင့်တော်အလိုက် ဖက်ဆုံးပဲလို့ အားပေးနှစ်သိမ့်ဦးမှာသေချာတယ်။ သူမ ပျော်ရွှင်သလိုရှိသွားခဲ့ပြန်
တယ်။
နေပါဦး ။ အချစ်ဆိုတာကရော ဘယ်လောက်များ လေးနက်တည်တံ့တဲ့အရာမလို့လဲ..။
မိဘတွေ သဘောမတူ၊ ရိုက်နှက် ဆုံးမနေတဲ့ကြားက ဘာသာမတူ အသွင်စရိုက်လုံးဝမတူတဲ့သူနောက်
ကို ကောက်ကောက် ပါအောင်လိုက်သွားတာဟာ အချစ်ဆိုရင် ရူးသွပ်မိုက်မဲမှုပဲ..။
ကိုယ်ပျော်သလိုနေ..၊ ကိုယ်ဝါသနာပါရာနဲ့ပဲ မွေ့လျော်ဖက်တွယ်နေတတ်ပြီး သားမယားကို မေ့လျော့နေ
တတ် တာဟာ အချစ်ဆိုရင် တစ်ကိုယ်ကောင်းဆန်အတ္တကြီးမှု ..။
ဒါပေမယ့် အဖေနဲ့အမေဟာ သိပ်ကိုချစ်ခဲ့ကြသတဲ့လေ..။
အချစ်ဆိုတာ ဆယ်နှစ်ကျော်ကျော် ပေါင်းဖက်လာရခြင်းအပေါ်မှာ ငြီးငွေ့ပျင်းရိလာခြင်းလား..။ နောက်
ထပ်နုပျိုမှု တစ်ခုကို အလွယ်တကူ တွယ်ညိသွားခြင်းမျိုးလား..။
အချစ်ဆိုတာ နာကျည်းမှုတွေနဲ့ ခမ်းခြောက်တိမ်ကောသွားတတ်တဲ့အရာမျိုးလာ..။ တရင်းတနှီး ဆက်ဆံဖေးမမှုမျိုးမှာ တိမ်းညွှတ် ရောယောင်သွားတတ်ခြင်းမျိုးလား..။
သေချာတာဟာ အဖေနဲ့အမေ့ဆီမှာ အပြန်အလှန် ချစ်ခင် မြတ်နိုးခြင်းဆို တဲ့ကိစ္ဓဟာ ရှိမနေကြတော့
ဘူး။
အခု ဦးဘသော်လိုလူမျိုးကိုမှ အမေချစ်ခင်ကိုးကွယ်နေတာဟာ ဘယ်လောက်အံ့သြပြီး မခံချိမခံသာ
ဖြစ်စရာ ကောင်း လိုက်လဲ။ အဖေကရော ဘယ်လို အမျိုးသမီးမျိုးကို ချစ်ခင်နေဦးမှာလဲ။
သူမကတော့ အဖေ့ရဲ့ သမီးဆိုတဲ့ဘ၀မျိုးကို စင်မြင့်ပေါ်က အဖေ့ဘေးမှာ ဂစ်တာသေးသေးလေးပိုက်ပြီး
ရယ်မော နေခဲ့တဲ့ ဓါတ်ပုံအဟောင်းလေးထဲမှာပဲ ရရှိနိုင်တော့တာ။
အဖေကို မခံနိုင်အောင်လွမ်းဆွတ်လာတိုင်း အဖေသိပ်ကြိုက်တဲ့ Blaze of Glory သီချင်းကိုတိုးတိုးဖွဖွ
လေးတီးပြီး သံစဉ်တွေထဲမှာပဲ ရှာဖွေကြည့်ရတော့တာ..။
တကယ်တော့
အချစ်ဆိုတာအလကားပဲ..။
အချစ်ဆိုတာအလကားပဲ။
အချစ်ဆိုတာအလကားပဲလို့
သုံး၊လေးခွန်း လောက် ရေရွတ်လိုက်ရတော့ သူမနေပျော်သွားခဲ့တယ်။
ဟုတ်တယ် အချစ်ဆိုတာ အလကားပဲ..။
အဲဒီ့လိုပြောလိုက်ရတာအတွက် ကဗျာဆရာ့ကိုတော့ နည်းနည်း အားနာသွားမိတယ်။

........၉။........

အ၀ါကျင်ကျင်လင်းလဲ့နေတဲ့ လမ်းမီတွေကို သတိပြုမိမှ အချိန်တောင် တော်တော်လင့်နေပြီလို့ သူမသ
တိထားလိုက်မိတယ်။ သူမနဲ့မနီးမဝေးက စုံတွဲလေးတောင် ဘယ်အချိန်က ကားရသွာခဲ့တာလဲ။
သူတို့အတွက်တော့ အချစ်ဆိုတာ တွတ်ထိုးပူးကပ်နေမှုပဲလို့ တွေးမိပြီး သူမ ပြုံးချင်သွားမိတယ်။
လူတွေတောင်နည်းနည်းကျဲပါးသွားပြီလား..။
ကားတစ်စီးရောက်လာလိုက် ၊ပြေးလိုက်လိုက်ကြ ၊ တိုးဝှေ့လုယက် တက် လိုက်ကြ ၊ ကျန်နေရစ်လိုက်ကြ ။
အမြဲတမ်း အလေ့အကျင့်ရကြ ပြီးသား အဖြစ်အပျက်တွေမို့
ဘယ်သူမှ ထူးထူးထွေထွေ ညစ်ညူး မနေနိုင်ကြတော့ဘူး။
သူမတောင်ဒီလိုယဉ်ကျေးမှုမှာ ဘယ်လောက်အသားကျနေခဲ့ပြီလည်း..။
ဟင်........
သူမရင်ဟာတစ်ဒိုင်းဒိုင်းဆောင့်ခုန်သွားခဲ့တယ်။
သူမရဲ့ လက်ဖျားခြေဖျားတွေဟာ ရုတ်ချည်းအေးစက်သွားကြတယ်။
ဓါတ် တိုင်ကိုမှီပြီးရပ်နေတဲ့ ၊တော်တော်လေးမူးယစ်ရီဝေနေပုံပေါ်နေတဲ့..
သူမကို မမှိတ်မသုံ ကြည့်နေတဲ့ ။
ကြည့်စမ်း အတွေးတွေနောက်မှာ လေလွင့်မျောပါနေတဲ့ သူမကို ဘယ်အချိန်ကတည်းကများ ကျူးကျော်စော်ကားနေခဲ့လဲ..။
ဘုရား...။ဘုရား...။ အဲဒီ့ မျက်ဝန်းမျိုး၊ အဲဒီ့မျက်ဝန်းမျိုး...ပေါ့။
ယစ်သီရီဝေနေတဲ့ ၊ သွေးနီကြောတွေ အစိပ်စိပ်မွှာ နေတဲ့၊
တစ်စုံတစ်ရာတွေ တလက်လက်ဖြာထွက် နေတယ်လို့ထင်ရအောင် စူးရှရုန်းကြွနေတဲ့ ၊
သူမ ဘ၀ကိုတစ်ဆစ်ချိုး ပြောင်းလဲသွားစေခဲ့တဲ့ ၊
သူမရဲ့ အရှက်ကို ဘယ်လောက်အထိ ဘယ်အချိန်ကတည်းက ခိုးဝှက်ဖဲ့ချွေထားခဲ့မှန်းမသိတဲ့ မျက်ဝန်းမျိုး....။
ဟင့်အင်း.. အဲဒီ့လိုထွင်းဖေါက်တော့မတတ် စူးရှနေတဲ့မျက်ဝန်းမျိုး၊
သူမအရေပြားတွေ လောင်ကျွမ်းလုမတတ် ပြင်းထန် လွန်းတဲ့ မျက်ဝန်းမျိုးကို
သူမနောက်တကြိမ် ရင်မဆိုင်ပါရစေနဲ့တော့ ...။
သူမ ရပ်လာတဲ့ကားတစ်စီးပေါ်ကိုအတင်းတိုးဝှေ့တက်ပစ်လိုက်မိတယ်..။
အမေ...။
အမေမသိအောင်သမီးမျိုသိပ်ထားခဲ့ရတဲ့၊ ရွာကနေ သမီးကိုရှက်လန့်တကြားထွက်ပြေးအောင်လုပ်လိုက်တဲ့ ၊ အမေနဲ့ သမီးကိုရှင်ခွဲ ခွဲလိုက်တဲ့မျက်ဝန်းလေ..။
သမီးအိပ်ခန်းနံရံရဲ့ အပေါက်သေးသေးလေးကနေ ခိုးကြောင်ခိုးဝှက် စူးရှရူန်းကြွ နေခဲ့တဲ့.....။
သမီး ကြောက်ရွံ့ ရွံရှာခဲ့ရတဲ့ ၊ သမီး ကိုအခါခါကျဆုံးစေခဲ့တဲ့...။
သူမ မောဟိုက်မူးဝေနေခဲ့ပြီ။
စပါယ်ယာရဲ့မှတ်တိုင်အော်သံကြောင့် တွေ့ရာကားပေါ် တက်လိုက်လာခဲ့မိတာကို
အလန့်တကြား သူမ သတိရသွားခဲ့တယ်။ အို ....အဆောင်က ကိုးနာရီတိုးရင်ပိတ်မှာ..။
ဆင်းမယ် ဆင်းမယ် ၊ စပါယ်ယာ ရှေ့မှတ်တိုင်ဆင်းမယ်။
ပူးကပ်ကြပ်ပိတ်နေတဲ့လူတွေကြားထဲက သူမအတင်းတိုးဝှေ့ထွက်လိုက်တယ်။ ဆင်းမယ်.။
သူမ ဆင်းရမှဖြစ်မယ်။
ယောက်ျားတစ်ယောက်ရဲ့ တစ်တောင်ကွေးကြားထဲမှာ ညပ်နေတဲ့ သူမမျက်နှာမှာ ဇောချွေးတွေနဲ့ ရွှဲနစ်ပူလောင်လွန်းလှပြီ။
စပါယ်ယာကမ်းပေးတဲ့ လက်ကိုလှမ်းဆွဲပြီး အားကုန်တိုးထွက်လိုက်တဲ့အချိန်မှာပဲ...။
ချဉ်စုပ်စုပ်စူးရှနေတဲ့ အနံ့ပြင်းပြင်းနဲ့အတူ သူမပါးပြင် တစ်ဖက်ဟာပူနွေးသွားခဲ့တယ်။
တစ်စုံတစ်ရာတွေ ပေကျံသွားသလို မျိုး ၊ ပါးပြင်တစ်ခုလုံး တင်းကြပ်ပူလောင်သွားလိုက်တာ....။
သူမမြေကြီးကိုခြေတစ်ဖက်ချလိုက်ရုံမှာပဲ ကားကမောင်းထွက်သွားပြီ။
ဒါ..ဒါ သူမ ...၊ သူမ..ကို
မဟုတ်ဘူး၊ မဟုတ်ဘူး၊
ဒါခွေးရူးအကိုက်ခံလိုက်ရတာ..။ခွေးရူး..၊ ခွေးရူးမှ ဘယ်ဘ၀မှာမှ လူပြန်မဖြစ်တော့မယ့် ခွေးတဏှာရူး..။
ပူပြင်းလောင်မြိုက်မှုတွေနဲ့စီးကျလာတဲ့မျက်ရည်တွေကိုဒီပါးပြင်ပေါ်ကိုဖြတ်မစီးစေရဘူး..။ ဖြစ်နိုင်ရင်ဓါးတစ်လက်နဲ့ လှီးထုတ်ပစ်လိုက်တာဟာ အကောင်းဆုံး..။
သူမဒူးတွေညွှတ်ကျသွားခဲ့တယ်။
သူမ ဘယ်လို နာကျင်ကြေကွဲရမှန်းတောင် မသိတော့ဘူး..။
အမေ .............။ သူမ ဘာတွေဗလုံးဗထွေးရေရွတ်နေမိလဲ...။
သူမ တစ်ခဏတော့ သတိလစ်ရူးနှမ်းသွားခဲ့လိမ့်မယ်။

.......၁၀။.......

ဟေ့.. ဘာရပ်လုပ်နေတာလဲ..။ သွားကြမယ်လေ ဆိုတဲ့အသံနဲ့ မလှမ်းမကမ်းမှာ ကားဘရိတ်ကို ကျွီက
နဲဆွဲအုပ် လိုက်တဲ့အသံဟာ သူမမျက်နှာကိုဖျမ်းကနဲ ရိုက်ချလိုက်သလိုမျိုး ဆတ်ဆတ်ခါအောင် နာကျင်
လှုပ်ရှားသွားမိတယ်။
လာပြန်ပြီလား..။ နင်တို့က ငါ့ကိုဘာမှတ်နေကြတာလည်း..။
နင်တို့ကမိန်းမတွေကို ဘယ်လိုထင်နေကြတာလည်း..။
နင်တို့မှာ နှမမရှိတောင်အမေတော့ရှိကြမှာ...။
သူမရဲ့စိတ်ဝိဥာဉ်တွေ အစွမ်းကုန် လောင်ကျွမ်းပေါက်ကွဲသွားခဲ့တယ်။
အားကုန်လွှဲပစ်လိုက်တဲ့ အုတ်ခဲ ကျိုးဟာ ကားရဲ့နောက်မှန်ကိုထိပြီး အစိပ်စိပ်အမွှာမွှာ..။
သူမရဲ့လက်တွေဟာ စေးပိုင် နေလိုက်တာ..။
သူမရဲ့ခန္တာကိုယ်ထဲကို သူမ မသိတဲ့ အင်အားတွေ တိုးဝင်လာလိုက်တာ....။
ဟာ..ခဲနဲ့ပစ်တယ်။
ဟေ့ကောင် ကားမှန်ကွဲသွားပြီ.။
တောက် ကောင်မ လူပါးဝလို့..။
တဂျိမ်းဂျိမ်းနဲ့ ကားတံခါး ကိုဆောင့်ပိတ်ပြီး သူမဆီပြေးလာနေကြတဲ့ ခြေသံတွေ..။
သူမ နောက်ထပ်ခဲကျိုး တစ်ခုကို ကောက်ကိုင်ပြီး၊ ခြေနှစ်ဖက်ကိုခွဲရပ်ပြီး စောင့်နေလိုက် တယ်။
ဝင်းဝင်းတောက်ပြီးဒေါသနဲ့ ပွက်ပွက်ဆူနေကြတဲ့ မျက်ဝန်းတွေ..။
လာလေ သူမကိုရော ဘာလုပ်ကြဦးမလဲ..။
သူမရုတ်ချည်း တည်ငြိမ်သွားခဲ့တယ်။
အခု သူမဘေးမှာ အဖေရော ၊ အမေရော ၊ ကျောင်းဆရာလေးရော.၊ ကဗျာဆရာရော
ဘယ်သူမှ ရှိမနေကြဘူး၊
ယုတ်စွအဆုံး လမ်းသွားလမ်းလာတွေတောင်ရှိမနေကြဘူး..။
သူမ တစ်ယောက်တည်း..။
အဲဒီ့မျက်ဝန်းတွေကိုစေ့စေ့ရင်ဆိုင်ပြီး ပြန်ကြည့်ပစ်လိုက်တဲ့ အချိန်ကစပြီး.
သူမဘယ်မျက်ဝန်းမျိုးကိုမှ မကြောက်ရွံ့တော့ဘူး။
ဟုတ်တယ်။
လက်ထဲက ခဲကျိုးကို တစ်ချက်ဆရင်း....
ဒီအခြေအနေကို ကျော်ဖြတ်နိုင်ခဲ့ရင်တော့ သူမ အချစ်နတ်သမီးမှာ အလုပ်ဝင်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်..။



အိန္ဒြာ
(ပန်းအလင်္ကာမဂ္ဂဇင်း)

ပုံလေးကို ကိုမိုးကြယ်(ယိမ်းနွဲ့ပါး)က ဒီဇိုင်းလုပ်ပေးပါတယ်..။

မှတ်ချက်။ ။ ( Blog တွင်တင်ထားသော ၀တ္ထု ၊ ကဗျာ များကို ခွင့်ပြုချက်မရရှိပဲ မဂ္ဂဇင်းများတွင်သုံးခြင်းမပြုလုပ်ရ။)

11 comments:

Mhu Darye said...

မကြီးရေ...လာဖတ်သွားပါတယ်။
ဆောင်းပါးတိုလေးထဲက မိန်းကလေးရဲ့  စိတ်ဓာတ်ကို ကြိုက်တယ်။ အားပေးတယ်။ ရပ်တည်ချက် ကွဲပြားတာကလွဲလို့၊ ခံစားချက်တိုင်းလိုလို လာပြီးတူနေတယ်။
သူ့လိုပဲ.. တစ်ခါတစ်လေ အချစ်က အလကားပဲလို့ ၃ခါထက်မနည်း အော်နေတတ်တာလည်း တူတယ်..။
^-^

အိုင်လွယ်ပန် said...

ကွန်မကောင်းဘူး
သုံးခါရှိပြီ
ဘယ်လိုရေးရေးကွန့်လိုက်ရင်မတက်ဘူးအစ်မရေ..

တိုတိုပဲဗျာ.....
ဖတ်ရတာစီးစီးပိုင်ပိုင်နဲ့
ထိထိခတ်ခတ်ရှိလှပါကြောင်း ...

ဆောင်းယွန်းလ said...

မိန်းမပီသပြီး လူပီသလှတဲ့ မိန်းကလေးတစ်ယောက်ရဲ့
အသွင်အပြင်နဲ့ စိတ်ဓာတ်ကို ပီပီပြင်ပြင်နဲ့ သရုပ်ပေါ်အောင် ရေးနိုင်ပါပေတယ် ညီမရေ..
ဒါတကယ့် လက်တွေ့လောကထဲက ဘဝစစ်စစ်တွေပေါ့။။

သူမ ဘယ်လိုမှ လက်ခံကြည်မွေ့လို့မရတဲ့ ပတ်ဝန်းကျင်ကိုတော့ ဘယ်လိုမှ ကွဲလွဲမနေချင်တော့ပါဘူး။ သိပ်ကိုမှန်တာပေါ့ ညီမရေ....
အစအဆုံး ၂ခေါက်ပြန်ဖတ်သွားပါတယ်...

pandora said...

အချစ်ဆိုတာအလကားပဲ..။
အချစ်ဆိုတာအလကားပဲ။
အချစ်ဆိုတာအလကားပဲလို့
သုံး၊လေးခွန်း လောက် ရေရွတ်လိုက်ရတော့ သူမနေပျော်သွားခဲ့တယ်။
ဟုတ်တယ် အချစ်ဆိုတာ အလကားပဲ..။
အဲဒီ့လိုပြောလိုက်ရတာအတွက် ကဗျာဆရာ့ကိုတော့ နည်းနည်း အားနာသွားမိတယ်။.....



ဒီနေရာကို သဘောအကျဆုံး။ လိုက်ရွတ်ကြည့်လိုက်တယ်။ ရွတ်ပြီးမှ အားတော့အားနာသွားတယ်။ အင်း.. ဘယ်သူ့ကိုပါလိမ့်.. :)

ကိုရင်နော်ခင်လေးငယ် said...

မကြီးရေ....

အဲ့လို အမျိုးသမီးလေး ထားတတ်တဲ့ စိတ်ကို
အရမ်းသဘောကျမိတယ်..

မျက်ဝန်းတွေ...
မျက်ဝန်းအကြည့်တွေ...
အင်း...............................

လေးစားချစ်ခင်စွာဖြင့်...

Minn said...

မတ်တပ်ရပ်နေတဲ့ အင်ဂျင်တစ်စုံအတွက် ကြိုက်တဲ့ဂီယာ ထိုးနိုင်တဲ့ ဇတ်သိမ်းလေး
မနက်ခင်းကို ဆွဲခွာချလိုက်သလိုပဲ လတ်လတ်ဆပ်ဆပ်
မျှော်လင့်ချက်တွေ...
ဘာသာ အစားထိုးပြီး ဇတ်ကိုအမျိုးမျိုး အဆုံးသတ်ကြည့်တယ်...ကျွန်တော်အကျင့်ကိုက
မကောင်းတာ သူများရေးထားသလို ပါးပါးလေးဖတ်လိုက်တာမဟုတ်ဘူး ဒီလိုလေးလုပ်လိုက်ရင်..ဟိုလိုလေးလုပ်လိုက်ရင်..ဆိုပြီးဝင်ခံစားတတ်တယ်....ဒီလို ထောင့်ချွန်းလေးကနေ ထိုးဆင်းလာတဲ့ အလင်းစက်အတွက် အရိပ်အဖြစ် ဝင်ခံစားစရာ ဇတ်ရုပ်
ရွေးစရာမရှိတော့ ဇတ်ရဲ့အမြင့်ဆုံးနေရာကို ကိုယ့်စိတ်းကူးနဲ့ကိုယ် ဖြိုချပြီး မျှော်စင်ဆောက် တက်ရပ်ကြည့် မိတယ်....
အင်း...ဆရာမ ရေးထားတဲ့ဇတ်သိမ်းက
"ပြီးပါပြီ "မှမဟုတ်တာ...
အမျိုးသမီးတစ်ယောက်ရဲ့ ရှိသင့်တဲ့မာနတွေ
လက်လက်ထနေတဲ့ ဆက်ရန်ရှိသေးသည် ဆိုတဲ့ စာတန်းလေးလိုပဲ....
ဒီပြဇတ်..ကန့်လန့်ကာ က ပန်ချီကားလေး
အကြိုက်ဆုးံပါ.....ဂုဏ်ယူပါတယ်ညီမလေး

HAPPYCLOUD said...

အမ...
ဒီစာတွေကို ဖတ်နေတဲ့အချိန်မှာ.. ကျနော့် သွေးတွေဆူဝေလာတယ်.. လူယုတ်မာတချို့ကိုလဲ ကိုယ်တိုင်ကိုယ်ကျ တွေ့ခဲ့ဖူးတော့.. မျက်စိထဲ ကွက်ကွက်ကွင်းကွင်းကို မြင်နေတယ်ဗျ။ ကျနော်တို့ ဒီလိုအဖြစ်ဆိုးမျိုးတွေကို လောကကြီးမှ မရှိစေချင်တော့ပေမယ့် လောကရဲ့ ယဇ်ကောင်တွေအဖြစ် သူမလို လူသားတွေ အစတေးခံနေရတာ မနည်းတော့ဘူး။
ဒါဘယ်ဘ၀က ၀ဋ်ကြွေးလဲ ???
ဘယ်သူ့အလိုတော်အတိုင်းလဲ...????

“အရှက်ကို အကြောက်တရားနဲ့ လဲမလား... အသက်နဲ့လဲမလား” ဒါဟာ မိန်းကလေးတိုင်းအတွက် သိပ်အရေးကြီးတဲ့ ဆုံးဖြတ်မှုတွေပဲ.. ဘ၀မှာ ဆိုးညစ်တဲ့ အမဲစက်တွေဟာ ဖြေဖျောက်ဖို့ သိပ်ခက်တယ်ဆိုတာ မိန်းကလေးတိုင်း သိသင့်တယ်။ ကြောက်တတ်တဲ့ စိတ်တခုအတွက်နဲ့ အရှက်တရားကို လဲမလား (((((အသက်အသေခံမလား)))))

ရင်နဲ့ရင်းပြီး ဖတ်သွားတယ်...
မိုးမောင်

ညီဇေ said...

ရွှီး.... ဖြောင်း...ဖြောင်း....ဖြောင်း......

Moe Cho Thinn said...

ဒီလို ဇာတ်ကောင်မိန်းကလေးတွေမျိုး အများကြီးပဲ။ အလိုရမက်ကြီးနေတဲ့ လူမိုက်ရိုင်းတွေကို သူများ သားသမီး နှမ ကို မစော်ကားဖို့ ပညာလေးနည်းနည်း ခေါင်းထဲ မထည့်ပေးနိုင်လို့ ဒီလို ယောကျာင်္းတွေ ပေါများနေတာလဲ အများကြီးပဲ။
အဲဒါ အားလုံးအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ လို့ပဲ တွေးနေမိတယ် ညီမရေ။

ညီအကိုများ said...

အစ်မရေ သေသေခြာခြာဖတ်ပြီးခံစားသွားတယ်..
အရေးအသားကိုတော့လေးစားအားကျရပါတယ်။



ခင်မင်လေးစားလျက်
မိုးကြယ်

အမရာ said...

အမရယ်ရေးချက်ကတော့တော်တော်
ကိုမှလွှတ်ကောင်းပါပဲ.....ဖတ်ရင်းနဲ့တချို့အပိုဒ်
တွေဆိုရင်တွေတောင်တဒိန်းဒိန်းခုန်တယ်.....
ဒေါသတွေလဲတအားထွက်တယ်.......
ပေါများလိုက်တဲ့တဏှာရူးတွေ......