October 26, 2009

နီကိုရဲအတွက် လွမ်းသူ့ပန်းခွေ

အရေးပေါ်အချက်ပေးသံနဲ့
အထိတ်တလန့် လူနာတင်ယဉ်ပေါ်..
နီကိုရဲ ပါလာတယ်
သူ့အလွဲတွေ ပါလာတယ်
သူ့အနုပညာတွေ ပါလာတယ်
သူ့ပရိတ်သတ်တွေ ပါတယ်..
မကြည်ပြာနဲ့ နိုင်နိုင်ဝင်းလည်း..ပါ..ပါတယ်...။

ချစ်သူများ ၊ မုန်းသူများ
ရန်သူများ၊ မိတ်ဆွေများ.
အားလုံးကို
ပြတ်ပြတ်သားသား..
အနိုင်ပိုင်းချနိုင်တာဟာ..
သေခြင်းတရားပါပဲ..။

တကယ်က
၂၁ရာစုထဲမှာ
အနုပညာသမားတွေ
ကိုယ့်ကိုယ်ကို တရိုတသေသိမ်းဆည်းဖို့လိုအပ်တယ်
ခဏလေးနဲ့ ပျက်စီးယိုယွင်းသွားလောက်အောင်
ဘ၀ကို
အကိုင်အတွယ် မကြမ်းတမ်းသင့်ပေဘူး..

အခု
မောင်ချောနွယ်လို
ထူးအိမ်သင်လို
တာရာမင်းဝေလို
ဖေါ်မြူလာဆန်ဆန်
လူ့အဖိုးတန်နောက်တစ်ယောက်
ဆိုက်ရောက် ထွက်ခွာသွားပြန်ပြီ....။

သူက
သူ့အနုပညာနဲ့ကော့ပျံစေတဲ့နှုတ်ခမ်းတွေကို
သူ့အသက်နဲ့ ဆွဲကွေးချခဲ့တာ။

အဲဒီ့နေ့..
ပူပင်သောကတွေနဲ့
တရှိန်ရှိန် တံလျှပ်ထနေမယ့်
သုဿန်မြေပေါ်မှာ..
နီကိုရဲ အခိုးအငွေ့တွေ
တိမ်တိုက်ထဲ တိုးဝင်နေပုံက..
ဘယ်လောက် ကြေကွဲဖွယ်ရာကောင်းနေလိမ့်မလဲ...

သေခြင်းတရားတဲ့.....
တံခါးလေးတွန်းဖွင့်ထွက်သွားသလို
လွယ်ကူမြန်ဆန်လွန်းလှတော့....

"ကိုရဲ..ရေ.."
နောက်ဘ၀ဆိုတာမှာ
လိုအင်ဆန္ဒအားလုံးပြည့်ပါစေ..။


အိန္ဒြာ
(၂၁.၁၀.၂၀၀၉)

15 comments:

စည်သူ said...

ဟေ......
ပျော်ရွှင်ချမ်းမြေ့ပါစေ..

စည်သူ said...

အသိတွေပဲ တိုးလာတယ်.. ကိုလည်း ဒီလိုအချိန်ကို စောင့်နေတယ်ဆိုတာကိုပေါ့..

လေးစားစွာဖြင့်
စည်သူ။

အရုပ်ကလေး said...

နီကိုရဲ စာပေတွေ သိပ်မဖတ်ဖူးပေမယ့်
သေခြင်းတရားတွေအကြောင်း ခဏဏ တွေးမိလာတယ်
လူ့ဘ၀ခဏတာမှာ ဘာတွေ လုပ်မလဲ တွေးရင်း
ကဗျာလေး ဖတ်သွားတယ် .. မကြီး ..။



idulize (အရုပ်ကလေး)

ကိုလူထွေး said...

တမလွန်ရောက်နှင့်နေတဲ့သူတွေ ပျော်ရအောင်လို့နဲ့ တူပါရဲ့...

း´(

ကိုချစ်ဖေ said...

အနုပညာနဲ့လူတွေရဲ့နှုတ်ခမ်းကို ကော့ပြန်စေတဲ့သူ.
မြန်မာပြည်သူတွေရဲ့ စုန်းကိုက်ခံဘ၀တွေကို ခဏတာ
လေးဖြစ်ဖြစ် အိပ်မွေ့ချထားနိုင်တဲ့သူ...
အခေါ်အဝေါ်ကအစပြီး အမြဲမှားနေတဲ့သေမင်းကို
ခုလောက်ဆို.ခင်ဗျားဟားနေလောက်ပြီ..
ကျနော်တို့လွမ်းဆွတ်နေကျ အရက်ဖြူလေးတစ်လုံးကို
နေညိုညိုမှာ ခင်ဗျားအတွက်လက်ဆောင်ပို့လိုက်ပါတယ်
ကိုနီကိုရဲ..

MANORHARY said...

ဘာမှမပြောချင်တော့ဘူး
ဘာမှလည်းမရေးချင်တော့ဘူး
အမှန်တရားတွေလိုအပ်နေတဲ့လောကကြီးမှာ
ငါတကောကောနေတဲ့လူတွေကြားထဲမှာ
အမှန်တွေကိုအမှားလုပ် အမှားတွေကိုအမှန်လုပ်
ခုထိ ကိုယ်ရည်သွေးတီးလုံးတွေနဲ့
လုပ်ချင်ရာလုပ်ကျန်ခဲ့တဲ့လူတွေကို
ဒီတစ်ခါလည်းလွဲတာပါပဲ လို့
ရယ်မောပစ်လိုက်စမ်းပါကိုရဲရေ

ဒဏ္ဍာရီ said...

မမပြောသလိုပဲ အားလုံးကို ပြတ်ပြတ်သားသား အနိုင်ပိုင်းချ နိုင်တာဟာ သေခြင်းတရားပါပဲ။ အဲလို ငါတကော ကောနေတဲ့သူတွေကိုလည်း ဒီသေခြင်းတရားကပဲ အနိုင်ယူသွားမှာပါ။ မကြာသော ကာလမှာလည်း သူတို့အလှည့် ညီမတို့ အလှည့်ပေါ့ မမရယ်။

ခင်မင်လေးစားလျှက်

မယ့်ကိုး said...

မမနဲ့ အတူ ဆရာနီကိုရဲကို နှင်းဆီပန်းစည်းလေး ပေးချင်ပါတယ်။

emayarKhin said...

ဆရာနီကိုရဲအတွက်...
မမအိန္ဒြာနှင့်ထပ်တူတပ်မျှ....


ချစ်တဲ့

ဇေဇော် said...

တကယ်တော့ ဆရာဟာ ကျနော်တို့နှလုံးသားထဲမှာ အမြစ်တွယ်နေတဲ့ ဆွဲနှုတ်လို့မရနိုင်တဲ့ ပျော်စရာသစ်ပင်ပါ…။ ပျော်စရာသစ်သီးတွေ မသီးပွင့်နိုင်တော့တဲ့ ပျော်စရာသစ်ပင်ကို ကဗျာသစ်သီးတွေ သီးပွင့်နေတဲ့ ကဗျာသစ်ပင်နဲ့အတူ လွမ်းသူ့ပန်းခွေချ ဦးညွှတ်ခဲ့ပါတယ်…။ ဆရာ တမလွန်၌ အေးငြိမ်းပါစေ…။

လင်းဒီပ said...

ဆရာနီကိုရဲ ကောင်းရာသုဂတိလားပါစေ...။

Moe Cho Thinn said...

'အနုပညာသမားတွေ
ကိုယ့်ကိုယ်ကို တရိုတသေသိမ်းဆည်းဖို့လိုအပ်တယ်' အနုပညာသမားတွေကို ချစ်ခင် တန်ဖိုးထားတဲ့သူတိုင်း အဲဒီလို ပြောမိတာပဲနော်။ ဒါပေမဲ့ သူတို့ကလဲ ဘုန်းကြီးတစ္ဆေ ဖြစ်နေတာ ခက်တယ်။ အဲဒီလို တိမ်းပါးရတဲ့ အနုပညာသမားတွေကို တကယ် နှမြောတယ်။

Mogok Thar said...

ဘာမှ စကားမဆိုနိုင်လောက်အောင် ကြေ.. ကွဲ...

အလွဲတွေ လုပ်မိသမျှ.. လက်ညှိုးထိုးပြစရာ အဖော်

အော်.. သူ သွားနှင့်ရှာပြီ...။

SoeKyawHtinHtun said...

ဝမ်းနည်းစရာတွေကိုစာကားလုံးအနုအလှလေးတွေနဲ့ဖော်ကျူးရမှာချစ်သူရဲ့အလောင်းဘေးမှာမိတ်ကပ်အဖွေးသားနဲ့ထိုင်ငိုနေတဲ့မိန်းမနဲ့သွားတူနေမယ်ထင်တယ်ဗျာကျွန်တော်ကတော့တကယ်ဝမ်းနည်းတယ်လို့ပဲပြောချင်တယ်

SoeKyawHtinHtun said...
This comment has been removed by the author.