November 26, 2009

အပြာရောင် လင့်ခ်ဝေး



++++++

စူးစူးရွာရွား တစ်တစ်ချင်ချင် အော်သံကဥသြငှက်တစ်ကောင်ရဲ့မြည်သံပါလို့ထင်မကြည့်ရက်စရာ..
ဆိုးဝါးနေလိုက်တာလေ..။
ဒီနိုင်ငံမှာ ဥသြတောင်ကဗျာဆန်ဆန်ချွဲချွဲနွဲ့နွဲ့မတွန်ကျူးနိုင်ဘူးထင်ပါရဲ့..။
ကြည့်ပါဦး..အလောတကြီးရှိနေလိုက်တာ ၀တ်ကျေတမ်းကျေဆန်လွန်းလိုက်တာ..။
မချိမဆန့် တာဝန်တစ်ခုကို မနိုင်ဝန်ထမ်းပိုးထားရသလိုပါပဲ.။
ဥသြက တစ်စုံတစ်ရာကိုမကျေနိုင်မချမ်းနိုင်တွေဖြစ်နေလို့များလား..။
ဥသြက ချစ်သူနဲ့ရောနှစ်ရှည်လများရောခွဲခွာနေရသေးလို့လား....။
အဲဒီ့ဥသြသံကြားတိုင်းကိုယ်က ဟက်ကနဲရယ်ချပစ်နေကျ ။
ဒီနေ့ရော ရယ်မိလိုက်သေးသလား..၊
ရယ်ရင်း မျက်ရည်တွေဝိုင်းတက်လာခဲ့သေးသလား..။
တစ်ခါတစ်လေ..ကိုယ့်တေးညည်းသံဟာအဲဒီ့ဥသြအော်နေသံနဲ့ထပ်တူထပ်မျှဖြစ်နေလိမ့်မယ်ထင်ပါရဲ့။
အို အဲဒီ့ဥသြသံနဲ့နိုးထလာတဲ့ မနက်ခင်းတိုင်းက နောက်ကျိထိုင်းမှိုင်းလွန်းလိုက်တာလေ..။
ဦးခေါင်းက နည်းနည်းလေးမှ နေရာရွေ့မကြည့်ချင်လောက်အောင် လေးလံမှုန်ဝေလို့
ကိုယ် ညက ဘယ်အချိန်အိပ်ခဲ့မိသလဲ ။ ဒါဟာလည်း ကိုယ်နိုးထလာတဲ့ မနက်ခင်းတိုင်းရဲ့ နိစ္စဓူဝမေးခွန်း တစ်ခုပေါ့မောင်ရယ်....။
ဗြုန်းကနဲ အပြာရောင်လင့်ခ်ဝေးလေးဆီအာရုံရောက်သွားတော့ အိပ်ရာက လူးလဲထလိုက်မိတယ်..။
ဟုတ်တယ်..ဒီနေ့ ကိုယ်စောစောသွားဖို့လိုအပ်တယ်..။

++++++

ဘတ်စ်ကားထိုင်စောင့်တိုင်းကိုယ်ကဒီနေရာကသံပန်းကနုပ်ထိုင်ခုံလေးကိုပဲစိတ်လိုလက်ရရွေးချယ်လေ့ရှိတယ်.။
ရှေ့တည့်တည့်မြေကြီးကုန်းမို့မို့လေးမှာပေါက်နေတဲ့မြက်ခင်းအရောင်ဟာကတ္တီပါလိုစိမ်းမြနေလိုက်တာ
ခရေပင်ပုပုဝိုင်းဝိုင်းလေးအောက်မှာ ကိုယ်ခရေပွင့်ကောက်နေမိရင်တော့ အမြဲဆုံနေကျ ဖိလစ်ပိုင်သူက မေးနေကျမေးခွန်းအတိုင်း "ဘာအတွက်လဲ" လို့မေးပေလိမ့်ဦးမယ်..။
ကိုယ်ကဖြေနေကျအတိုင်း "ပန်းလေးတွေကို သနားလို့ပါ" လို့ ဖြေဖို့အဆင်သင့်ပါပဲ..။
နူးညံ့ဝါလွင်နေတဲ့ နေရောင်အောက်မှာ မြက်ခင်းပြင်က စိုလက်လာသလိုလို..
ခရေရနံ့တွေလည်း သင်းသင်းရီရီ ပျံ့မွှေးလာသလိုလို
အို အဲဒီ့မြင်ခင်းပြင်ပေါ်မှာ ကလေးလေးနှစ်ယောက်က ဆော့ကစားလို့ ၊
ခွေးစုတ်ဖွားပုပုလေးတစ်ကောင်နဲ့ရောင်စုံဘောလုံးလေးတစ်လုံးကလည်းတိုးတိုးဝှေ့ဝှေ့ပြေးလွှားလို့
ဒီနေရာလေးမှာ ကိုယ်တို့က ထိုင်တော့ မောင်က ကိုယ့်ပုခုန်စွန်းကို ညင်ညင်သာသာလေး ထွေးဖက်ထားချင် ထားလိမ့်မပေါ့ ။
"အို...ချော်လဲမယ်လေ "လို့ မောင်က ကလေးတွေကို သတိပေးသလိုပြောခဲ့ရင် "နေပစေ လဲပစေ ဒါမှ သူတို့ ဒဏ်ရာဆိုတာသိမှာ"ဆိုတာဖြစ်ဖြစ် "အို လဲဖူးမှ ထူဖူးမှာ" လို့ပဲဖြစ်ဖြစ် ကိုယ်ဖြစ်အောင်ပြောမိဦးမယ်ထင်ပါရဲ့..။ ကြယ်နူးမှုအတိ ရယ်မောသံတွေကတော့ နေရောင်ခြည်နုနုထဲမှာ လှိုင်းတစ်လှိုင်းလို တစ်စုတစ်ဝေး တည်းပေါင်းစီးပဲ့တင်နေလိမ့်မှာပေါ့ကွယ်..။
"အဟက်......"
ကိုယ်က ဝေ့ကျလာတဲ့မျက်ရည်ကြည်ကို ကတိမ်းကပါးသိမ်းရင်း အသံထွက်အောင်ရယ်မိလည်း
ပတ်ဝန်းကျင် ဆိုတာကို သိပ်အလေးဂရုရှိမနေတော့ပါဘူး..။
စိတ်ကူးယဉ်တယ်ဆိုတာ ဘ၀တွေက ရိုင်းလွန်းလို့ပေါ့ကွယ်....။
ဟော...အဲဒီ့ နှစ်ထပ်ကားဟာ..ကိုယ်စီးရဦးမယ့်ကားပါပဲ..။
ဖျမ်းကနဲဆွဲပက်လိုက်တဲ့ အအေးဓါတ်တစ်ခုနဲ့ တီကနဲ လက်မှတ်ဖြတ်သံဟာ ချက်ချင်း ကိုယ်စိတ်နှလုံးကို တင်းမာအေးခဲသွားစေတယ်..။
ထိုင်ခုံဘယ်နှစ်ခုံက အဆင်သင့်ရှိနေပါတယ်ဆိုတဲ့ စာတမ်းကို တွေ့တိုင်း ဗမာပြည်ကို
ဆွေးဆွေး မြေ့မြေ့မြင်ယောင် လာပြန်တော့ ခေါင်းကို သိသိသာသာယမ်းလိုက်မိပြန်ရဲ့
မျက်ဝန်းတွေက မနက်ခင်းတီဗွီသတင်းအစီအစဉ်ဆီ အမှတ်တမဲ့ရောက်သွားပေမယ့် စိတ်က
အပြာရောင် လင်ခ့်ဝေး လေးဆီမှာ....
သူတို့ ဒီအချိန်ဆိုရောက်နေတတ်ကြပြီ..။ ဟုတ်ပါတယ်..ဒီနေ့တော့ သူတို့လာကြမှာပါ.လေ.။

++++++

ကျားခေါင်းပုံစဥ့်သားပန်းဆွဲတွေနဲ့ အ၀ါတောက်တောက် အနီရင့်ရင့် ဘုရားကျောင်းကြီးက စိတ်ခြောက်ချား ချင်စရာလိုပဲ၊ အဲဒီ့ဘုရားကျောင်းကြီးနဲ့ ကပ်ရက်မှာ အပြာရောင် လင့်ခ်ဝေးလေးကရှိနေတယ်.။
နောက် နီညိုရောင်ဘက်စကက်ဘောကွင်း အဲဒီ့နောက်မှာတော့ Community Center လို့ နာမည်တပ်ထားတဲ့ အဆောက်အဦးကြီးတစ်လုံးပေါ့..။
တကယ်ဆို ကိုယ့်ရုံးကိုသွားတဲ့ ဖြတ်လမ်းတစ်ခုရှိနေပေမယ့် ကိုယ်က ဒီလမ်းလေးကိုပဲ စိတ်ရှည် လက်ရှည်ရွေးမိခဲ့တယ်..။
အဲဒီ့အပြာရောင်လင့်ခ်ဝေးလေးဟာ ကိုယ်ရဲ့ဒီတစ်နေ့တာ ရှင်သန်ရပ်တည်နိုင်ဖို့ အင်အားတွေပေးနေခဲ့တဲ့ ကိုယ့်ရဲ့ စိတ်နှလုံးအေးခဲနာကျဉ်နေမှုကို နွေးထွေးလှိုက်လှဲလာစေတဲ့ နေရာလေးဆိုလဲ ဘယ်မှားလိမ့်မလဲ မောင်ရဲ့..။
အဲဒီ့ဘက်စကက်ဘောကွင်းထဲမှာ အမျိုးသမီးကြီးတွေက တစ်ခါတစ်လေ ယပ်တောင် တစ်ခါတစ်လေ မီးပုံး များသောအားဖြင့် ပုဝါစတွေကို ဝှေ့ရမ်းပြီး.ကခုန်လို့။
ရှေ့ကယဉ်ကျေးမှုဆရာမရဲ့စည်းချက်အချအတိုင်း..ညီညီညာညာလိုက်ကနေကြပုံဟာ သူတို့မှာဘာပူပင်သောကမှမရှိကြသလိုပါပဲ..။
မေမေတို့ အရွယ်လောက်ပေါ့လို့ ကိုယ်က ယောင်လို့မှ တွေးမကြည့်ချင်ဘူး..။
ကိုယ်က ဘယ်အလွမ်းနဲ့မှ မျက်နှာသာမပေး လက်ပွန်းတတီးမနေဖြစ်ခဲ့တာကြာပြီလေ..။
အလွမ်းဆိုတာ နှလုံးသားအရေပြားတွေ မာကျောခြောက်သွေ့လာအောင် တဖြည်းဖြည်းလောင်မြိုက်ပေးနေတဲ့ အပူအရှိန်မျိုးပဲ..။
သိပ်စောနေသေးရင် ကိုယ်က လင့်ခ်ဝေးက ထိုင်ခုံလေးမှာဝင်ထိုင်လို့
"ဟိုးးးးးးအဝေးမှာနေတဲ့ အခါ မျက်ဝန်းတွေပဲမင်းပဲမြင် ပြန်ဆုံနိုင်ဖို့ နေ့ရက်လေးတွေ မရောက်သေးခင် "ဆိုတဲ့ သီချင်းသံစဉ်တီးလုံးနဲ့ ကကြ ရင်တော့ ကိုယ်က အသံထွက်ပြီးရယ်မောပစ်လိုက်တယ်.။
ခံစားချက်အပြည့် မျက်ရည်အ၀ိုင်းသားဖွင့်နားထောင်နေတဲ့ အဲဒီ့သီချင်းလေးတွေကို တရုတ်မတွေ လိုက်ညည်းကြကတည်းက ကိုယ်မဖွင့်ခဲ့တာ ကြာပါရောလားကွယ်..။
အဲဒီ့မှာ ကိုယ်သူတို့ကို စတွေ့ခဲ့တာပါပဲ ။ အဲဒီ့ အပြာရောင်လင့်ခ်ဝေးလေးအောက်မှာပေါ့..။
ကိုယ်...ဘယ်အချိန်အ ထိ စိတ်လွတ်လက်လွတ်ငေးရီနေမိသလဲ အသိမှတ်မဲ့ ဖြစ်သွားတဲ့ အထိ ။
ကိုယ့်နှလုံးသွေးတွေဟာ..နွေးနွေးမြမြ စီးဆင်းလို့ ၊
ကိုယ့်မျက်ဝန်းအိမ်မှာ မျက်ရည်ကြည်တွေ ဝေ့လို့ဝဲလို့ပေါ့..။
ကြည်နူးမှုတွေနဲ့ စိတ်က အလိုလိုရွှင်ပြနေသာလာပုံက အဲဒီ့တစ်နေ့တာကို လှပနူးညံ့သွားစေခဲ့လိုက်တာ..။


++++++

သူတို့ဟာ ဘယ်တုန်းကမှ စိတ်ကသိကအောက်လေးနဲ့ ငြိုငြင်မိတာမျိုးလေးတောင်
မဖြစ်ခဲ့ဖူးကြသလိုပဲ..။
သူတို့ဟာ..ဘယ်လမ်းကိုသွားသွားလက်တွဲမဖြုတ်ခဲ့ကြဖူးသလိုပဲ..။
အမျိုးသမီးကြီးရဲ့ တကယ့်ကို မလိုင်ရောင်လို အသားနှစ်နှစ်က ပိုပြီးချစ်စဖွယ်ရာဖြစ်နေခဲ့တာပေါ့.။
ဆံပင်လှိုင်းတွန့်တွေက မီးခိုးနဲ့ အဖြူကို စနစ်တကျ တစ်ပင်ချင်းသေသေသပ်သပ်စိုက်ထားသလို မွမွရွရွ လေးဖြစ်နေပုံက မသိမသာလေးထိကိုင်ကြည့်ချင်စရာပါပဲ..။
သိပ်ကိုနူးညံ့ညင်သာတဲ့အပြုံးချိုချိုတစ်ခုလည်းသူမဆီမှာရှိနေခဲ့သေးတယ်..။
တီးလုံးအတိုင်းကကွက်အတိုင်းသူမကနေတဲ့အခါအနုပညာမြောက်နေတာထက်
ချစ်စရာကောင်းတာကပိုနေတယ်.။
အဲဒီ့အမျိုးသမီးကြီးက ဘယ်တုန်းကမှအယူအဆပြင်းထန်အငြင်းအခုန်သန်တဲ့ပုံမျိုးလည်းမရှိဘူးမောင်ရဲ့..။
မာရေကျောရေနဲ့ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးတဲ့မိန်းမမျိုးမဟုတ်ပဲ ချစ်သူလင်ယောက်ျားရဲ့ အရိပ်အောက်မှာ အေးအေးချမ်းချမ်း နူးနူးညံ့ညံ့နေတတ်မယ့်ပုံပေါ့..။
သိပ်ကို မိန်းမပီသချေငံမယ့်သူမျိုး မိခင်ကောင်းပီသမယ့်ပုံစံမျိုး ဘာသာတရားကိုင်းရှိုင်းပြီး အရာရာကို သည်းခံခွင့်လွှတ်နိုင်စွမ်းရှိတဲ့ပုံစံမျိုး...။
ကိုယ်က သူမကို နှစ်လိုအားကျစိတ်တွေနဲ့ ချစ်ခင်လွန်းစွာငေးကြည့်နေမိခဲ့တာ..
သူမနဲ့အနီးဆုံး အပြာရောင် လင့်ခ်ဝေးလေးရဲ့အောက်က ထိုင်ခုံတန်းလေးမှာတော့ သူ ရှိနေခဲ့တယ်..။
အမျိုးသမီးကြီးက က တာနားပြီးတိုင်း လင့်ခ့်ဝေးလေးဆီလျှောက်လာတော့
အမျိုးသားကြီးက အပြုံးတွေနဲ့ကြိုလို့ ..။
သူက သူမကို ယပ်တောင်လေးတဖျတ်ဖျတ်ခပ်ပေးပြီး ခုံပေါ်မှာတင်ထားတဲ့ ကော်ဖီဖေါ့ဗူးအဖြူလေးကို ကမ်းပေးလိုက်တဲ့ မြင်ကွင်း..၊
နောက်သူ့ဇနီးသည်ရဲ့ဆံစပ်က ချွေးကို တစ်ရူးဖြူဖြူနဲ့တို့သုတ်ပေးလိုက်ချိန်မှာတော့ကိုယ့်ရင်တွေ ဆတ်ကနဲ အခုန်မြန်သွားစေခဲ့တယ်.။
သေသေသပ်သပ် ဖီးထားတဲ့ ဆံပင်ကျဲကျဲနဲ့ပေမယ့် ထူထဲတဲ့ မျက်ခုံးတွေအောက်မှာ အမျိုးသားကြီး ရဲ့မျက်ဝန်းတွေက လှိုက်လှဲရွှန်းမြလို့၊အမျိုးသမီးကြီးကို ငေးစိုက်ကြည့်နေပုံကလည်း မျက်စိအောက်ကပျောက်သွားမှာစိုးရိမ်တယ်ဆိုသလိုမျိုးထင်ရဲ့
သူဟာ အနုပညာဝါသနာပါတဲ့ သူ့ဇနီးကို ချွင်းချက်မရှိ နားလည်သိရှိထားပုံပဲ..။
သူဟာ သူ့ဇနီးအတွက်ဂုဏ်ယူဝံ့ကြွားတတ်ပုံပဲ..
သူဟာဇနီးသည်ကို တစ်ခါလေးတောင်မအော်မငေါက်ခဲ့ဖူးသလို။
အမြဲတမ်းကြင်နာဖို့အဆင်သင့်စောင့်နေသလို..
သူမ ကကြိုးကကွက်တွေကို ကြည့်နေတဲ့ သူရဲ့မျက်ဝန်းအစုံဟာ မြတ်နိုးမှုတွေနဲ့ရီလဲ့နွေးထွေးလို့ရယ်လေ..။
သူမက သူမခင်ပွန်းရှိရာကို လှမ်းကြည့်လို့ အကြည့်တွေ ဆုံတိုင်း ပြိုင်တူပြုံးလိုက်ကြတာဟာ..သိပ်လှတဲ့ ပန်းပွင့်နှစ်ပွင့် တစ်ပြိုင်နက်ပွင့်ပြလိုက်သလိုပါပဲကွယ်..။
သိလားမောင် သူတို့ဟာ ဘယ်တုန်းကမှ မခွဲဖူးကြသလိုပဲ..။
သူတို့ဟာ အခုအချိန်ကလေးကိုတောင် လွမ်းဆွတ်နေကြသလိုပဲ..။
သူတို့ဟာ ဘယ်လို စိတ်အခန့်မသင့်မှုလေးမှာ မရှိခဲ့ကြသလိုပဲ..။
တစ်ခြား ဘယ်အမျိုးသားကြီးတစ်ဦးတစ်လေကို မှ မတွေ့ရတဲ့ အပြာရောင်လင့်ခ်ဝေးလေးမှာ
သူက မနက်တိုင်းပုံမှန်ထိုင်လို့ ၊
သူ့အမျိုးသမီးကြီးကို စိတ်ရှည်လက်ရှည်စောင့်ကြိုလို့
နောက်တော့တစ်ယောက်လက် တစ်ယောက်ဆုတ်ကိုင်ဖေးမပြီး ပြန်သွားကြပုံကို
ကိုယ်ဘယ်လောက်ကြာအောင် ငေးမောနေဖြစ်ခဲ့ပါလိမ့်ကွယ်.။

++++++

ကိုယ်ခံစားချက်တွေအားလုံး နူးရီညွှတ်ပျောင်းသွားလိုက်တာ...
ကိုယ့်လက်ဖ၀ါးအစုံကနွေးထွေးလာသလိုလို အို...နှလုံးသားတွေပါ နွေးထွေးသွားခဲ့တာ..။
ကိုယ် အထီးကျန်မဟုတ်တော့သလိုမျိုး ..သိလားမောင် ကိုယ့်ဘေးနားမှာ ချက်ချင်းဆိုသလို မောင်ရောက်လာသလိုမျိုး..
မောင်က ကိုယ့်လက်ကလေးကို ဆွဲကိုင်ထားလိုက်သေးတာလား.၊
လုံခြုံအေးမြသွားတဲ့ စိတ်အခြေက ငြိမ်းချမ်းလိုက်တာကွယ်..
အို...ဒီလို လှိုက်လှဲဆွတ်ပျံ့လာမှုဟာ..ဘာနဲ့ ခိုင်းနှိုင်းကြည့်လို့ရလေမလဲ..။
ကိုယ့်မျက်ဝန်းအိမ်မှာမျက်ရည်တွေဝေ့လို့ဝဲလို့ပေါ့..။
အဲဒီ့မျက်ရည်တွေဟာ..ကြည်လင်အေးမြနေလိမ့်မယ်ထင်ပါရဲ့
အထီးကျန်မူးဝေဖွယ်ရာတစ်နေ့တာကို ဖြတ်သန်းဖို့ ခွန်အားတစ်မျိုး
ကိုယ့်သွေးထဲကို ခုတ်မောင်းတိုးဝင်လာခဲ့တာ...
လေအေးစက်သံတဒီးဒီးအောက်မှာ ထမင်းဘူးလေးဖွင့်ပြီးကိုယ်တစ်ယောက်တည်း
နေ့လည်စာ စားနေချိန်မှာတောင် ၀မ်းနည်းချင်စရာမကောင်းတော့ဘူးလေ.
အို..ခုချိန်ဆို. အမျိုးသမီးကြီးက သူ့ခင်ပွန်းသည်အတွက် အသားတွေနွှင်ပေးနေရောပေါ့..
အမျိုးသားကြီးက သူ့ဇနီးသည်အတွက် ရေနွေးတစ်ခွက်လောက်ငှဲ့ပေးနေရောပေါ့...
အဲသလိုနေ့ရက်တစ်ချို့မှာတော့ ကိုယ်ဟက်ဟက်ပက်ပက်ပြုံးရယ်တတ်ခဲ့တယ်ထင်ပါရဲ့..
ကိုယ်က အချိန်ပေးပြီး လင့်ခ်ဝေးလေးမှာ ထိုင်စောင့်လို့ ၊
သူတို့ နှစ်ယောက်ပုခုံးချင်းယှဉ်ထားတဲ့ မြင်ကွင်းလေးက မျက်ဝန်းအိမ်ထဲမှာ ထုတ်ပိုးယူခဲ့ပြီး ကိုယ့်တစ်နေ့တာအတွက် အနှေးပြကွက်တစ်ခုလို မြင်ယောင်ကြည်နူးရင်း
နောက်ကျရင်တောင် ပူပန်စောင့်မျှော်သူမရှိတဲ့ ရုံးဆင်းခရီးတွေမှာ
ကိုယ်က အဲဒီ့အပြာရောင်လင့်ခ်ဝေးလေးကိုဖြတ်သန်းရင်း
ကိုယ့် တစ်ကိုယ်ရည် အခန်းငယ်လေးဆီပြန်ရောက်လာခဲ့ချိန်မှာတောင် တိတ်တဆိတ်လေး..နွေးထွေးလှိုက်လှဲနေတတ်လာ..တယ်..လေ..။

++++++

သူတို့ခရီးများသွားလား..။
ဖျားနာများနေကြလား..နဲ့ ကိုယ်ရေတွက်နေခဲ့ရတာ ဘယ်နှစ်ရက်တောင်ရှိပြီလဲ..။
ဒီနေ့တော့ သူတို့ ပြန်လာကြရောပေါ့..။
ကိုယ့်တစ်နေ့တာတိုင်းဟာ..ညိုမွဲလို့..။
ဗြုန်းကနဲ ကိုယ့်စိတ်နှလုံးတစ်ခုလုံးတိတ်ဆိတ်သွေ့ခြောက်သွားပုံက မယုံနိုင်စရာပါပဲ..။
အပြာရောင်လင့်ခ်ဝေးလေးမှာ..တစ်ယောက်တည်းတိတ်တဆိတ်ထိုင်နေခဲ့ရတာ..
သိပ်ကြေကွဲစရာကောင်းတာပဲကွယ်..။
တစ်ယောက်ယောက်ကိုမေးကြည့်ရင်ကောင်းမလားဆိုတဲ့အတွေးကတော့
အူကြောင်ကြောင် နိုင်ကောင်း နိုင်နေမယ်..။
အလိုလို ၀မ်းနည်းအားငယ်နေမိတဲ့ စိတ်ကို လှောင်ချင်ပြောင်ချင်လာပြန်တယ်..။
တကယ်ဆို ကိုယ်ဘယ်လောက်ရူးသွပ်လိုက်ခဲ့လဲ.။
ကိုယ့်ကို ဘယ်သူများနားလည်ပေးနိုင်မလဲ.။
ဒီနေ့တော့ သူတို့ ပြန်လာလောက်မှာပါလေ..၊ အဲသလိုမနေ့ကလည်းရေရွတ်ခဲ့ဖူးရဲ့..။
စိတ်လှုပ်ရှားမှုနဲ့ ကိုယ်ကယောင်ကတမ်းတွေများဖြစ်နေခဲ့တာလား..။
ဒီနေ့သူတို့ ပြန်လာမှာပါလို့ ကျိမ်းသေစိတ်တစ်ခုနဲ့ အပြာရောင်လင့်ခ်ဝေးလေးဆီကို
ခြေလှမ်း အသော့နေမိလိုက်တာ..
တရုတ်ဘုံကျောင်းကြီးကနေကွေ့ချလိုက်တာနဲ့ အပြာရောင်လင့်ခ်ဝေးလေးပါပဲ..။
ဟုတ်တယ်...
အမျိုးသားကြီး.ပဲ.။ .ကိုယ်တွေးထင်ထားတဲ့ အတိုင်း သူတို့ပြန်ရောက်လာကြပြီ..။
လှိုက်ကနဲ ပျော်ရွှင်မှုတွေနဲ့ အထိမ်းသိမ်းမဲ့ခုန်တက်လာတဲ့ရင်ပြင်က
ရယ်မောလှောင်ဟား ပစ်ချင်စရာကောင်းနေမှာပါကွယ်..။
အမျိုးသားကြီးပါပဲ..
သူပါပဲ...
အမြဲသပ်ရပ်နေတဲ့ ဆံပင်ပါးပါးတွေ..ရှုပ်ထွေးနေတာကလွဲလို့...၊
အဆင်ပြေလိုက်ဖက်နေတတ်တဲ့ ၀တ်စုံဟာ..မြင်မကောင်းအောင်...ဖရိုဖရဲဖြစ်နေတာကလွဲလို့
ကြင်နာမြတ်နိုးတတ်စိတ်နဲ့ရွှင်လန်းနုနယ်နေတဲ့မျက်နှာဟာမယုံနိုင်ချင်စရာအိုမင်းနွမ်းလျော်နေတာကလွဲလို့
ချစ်ခြင်းမေတ္တာနဲ့နူးညံ့ချိုကြည့်နေတဲ့မျက်ဝန်းတွေ မှုန်မှိုင်းကြေကွဲနေတာကလွဲလို့..၊
အမြဲတမ်း ရှိနေတဲ့ သူနဲ့အနီးဆုံး အမျိုးသမီးကြီးရဲ့နေရာမှာ..လစ်ဟာနေတာကလွဲလို့
အမျိုးသားကြီးပါပဲ..။ ကော်ဖီဖော့ဗူးအဖြူနှစ်ခွက်ရော..ယပ်တောင်လေးတစ်ချပ်ရော..တစ်ရူးစလေးရော..အရင်အတိုင်းပါပဲ။
အမျိုးသားကြီး ကိုယ့်ကိုဆတ်ကနဲလှည့်ကြည့်တော့ ကိုယ်တုန်ယင်သွားမိတယ်.
ဘုရားရေ..အမျိုးသားကြီးမျက်ဝန်းမှာ မျက်ရည် တွေ..များလား
သူဆောက်တည်ရာမရသလိုပဲ သူတစ်ခုခုကိုရေရွတ်ပြောဆိုနေသလိုပဲ..
နောက်နားမှာ အမျိုးသမီးရွယ်တစ်ယောက်ယောက်လာပြီး..သူ့ကို အတင်းခေါ်နေတော့
သူက တူးတူးခါးခါးငြင်းဆန်လို့....
သူ ကိုယ့် ကို တည့်တည့်မတ်မတ်ကြည့်လာတယ်...
သူ........
အို.....မပြောနဲ့...မပြောပါနဲ့...
ဟင့်အင်းးးးးးး
ဟင့်အင်းးးးးးးးးးးး
ကိုယ် ခဏလောက်များ ရူးနှမ်းသွားခဲ့တာလား..
နေရာကထွက်ပြေးလာခဲ့မိသေးလား...၊ကိုယ်နေရာမှာ အရုတ်ကျိုးပြတ် ရှိုက်ငင်နေခဲ့မိတာလားးးး
ဗြုန်းကနဲ ကိုယ့် နေ့ရက်တွေမည်းနက်ပိန်းပိတ်သွားသလို......
ရင်ပြင်ကမခံမရပ်နိုင်လောက်အောင် နာကျင်ပင်ပမ်းလို့..
မဟုတ်ဘူးးးးးးး
မဟုတ်ဘူးးးးးးးးးးးးးးးး
မဟုတ်ပါနဲ့
အဲသလို ကိုယ် တတွတ်တွတ်ရေရွတ်နေမိတာကတော့ သေချာတယ်..။

++++++

"သိ.လား..မောင်.."
တရုတ်ဘုံကျောင်းကြီးကိုကွေ့လိုက်တာနဲ့ အပြာရောင်လင့်ခ်ဝေးလေးရှိတယ်...
ကိုယ်ဘယ်တော့မှ မသွားတော့မယ့် မသွားရဲတော့တဲ့ သွားဖို့လည်းမလိုအပ်တော့တဲ့ လမ်းလေးပေါ့..။
ကိုယ့်အတွက်တော့
အဲဒီ့ အပြာရောင်လင့်ခ်ဝေးလေးအောက်မှာ သိပ်ချစ်ကြတဲ့ ဇနီးမောင်နှံနှစ်ဦးဟာ........
အ... မြဲ... တမ်း ..။ ။


အိန္ဒြာ
(၂၆.၁၁.၂၀၀၉)

***၂၆.၁၁.၁၉၉၂ မှ ၂၆.၁၁.၂၀၀၉ အထိ (၁၇) နှစ်တာ ချစ်ခြင်းအမှတ်တရ ***
***အလွမ်းများဖြင့်ရေးဖွဲ့သည်.။
***

13 comments:

Mogok Thar said...

နိစ္စဒူဝတွေထဲမှာ
လွမ်းရတာကလည်း
ချိုမြိန်ဆဲ... ခါးသက်မြဲ ပေါ့။

မလှပတဲ့ ဒီအလွမ်းတွေကိုမှ
ငါက ကျစ်ကျစ်ပါအောင် ထွေးပွေ့ရင်း
ကဗျာတွေကို လိမ်းကျံ ခဲ့တယ်။

တစ်နေ၀င် တစ်မိုးချုပ်
မင့် ရုပ်ရည်ချမ်းမြကိုသာ..တ
တဖွဖွ.. ခေါ်လို့.....။

တစ်နေ့ကျ နီးရမှာပါတဲ့
ဒီလို လှည့်စား ဖြေတွေးရင်းက
ဆုတ်ဖြဲခဲ့ရတဲ့ နှစ်လတွေကြာခဲ့ပါပြီ။

ကဗျာဆရာမရေ......
(၁၇)နှစ်တာ ချစ်ခြင်းအမှတ်တရ မှာ
လွမ်းဆွတ်တမ်းတခဲ့ရတဲ့ ချစ်သော မောင် နဲ့ ကြည်သာအေးမြ ရွှေလက်တွဲ မြဲနိုင်ကြပါစေခင်ဗျာ။

ခင်မင်လေးစား ချစ်ခြင်းအားဖြင့်
(အကိုရင်နော် နဲ့ မမလေး စကား အမွေ ယူထားတယ်)

ကောင်းကင်ပြာ said...

၁၇ နှစ်တာ ချစ်ခြင်း အမှတ်တရ ကို ရင်ခုန် မျက်ရည်ဝဲ စွာ ဖတ်သွားတယ်....ထိတယ်....

မယ်ကိုး said...

ချစ်မလေးရေ...
နှစ်ချို့အချစ်မှာ တော်တော်ကြေကွဲသွားပါတယ်။

ချစ်မလေးရဲ့ ၁၇ နှစ်တိုင် ချစ်ခြင်းကို ထိရှလေးစားမိပါတယ်။နောက် နှစ်၇၀တိုင် လှပတဲ့ချစ်ခြင်းနဲ့ လင်းလက်လှပတဲ့စာလေးတွေ ဆက်လက်သီကုံးနိုင်မယ်လို့ စူးနစ်ယုံကြည်နေပါတယ် =)

Craton said...

အောင်မလေး..
ရေးတတ်လိုက်တာ တီဒြာရယ်..
လူကို ငိုမဲ့မဲ့ဖြစ်ရေား(
လိုက်ပါခံစားနေရသလိုလို
ဖတ်ရင်းတွေးရင်မြင်ယောင်ရင်း
လိုက်မောနေရသလိုလို
ချစ်တတ်လိုက်တာ တီဒြာ..
၁၇ နှစ်လို့ ဘယ်တုန်းကမှမထင်ထားဘူး...
း)

ချစ်တတ်သောသူတိုင်းပျော်ရွှင်နိုင်ကြပါစေ

အိုင်လွယ်ပန် said...

ဝေးးး
အစ်မရေ ..
ချစ်ခြင်းတွေကို လေးစားဂုဏ်ပြုမိပါကြောင်း ...။

MANORHARY said...

ချစ်ခြင်းမေတ္တာစစ်စစ် ဆိုတာ ရခဲလှတဲ့ဆုလာဘ်ကြီးပဲပေါ့ ...
တချို့က ကံကိုစမ်းရင်း ဆုတွေနဲ့လွဲခဲ့ဖူးတယ်
တချို့က ကံကိုမှန်းရင်း ဆုတွေနဲ့မြဲခဲ့ဖူးတယ်..
၁၇ နှစ်တာ အိပ်မက်မှာ ...၇၁ နှစ်စာ ချစ်ခြင်းတွေနဲ့
အနာဂါတ်လမ်းတွေ သာယာလှပစေ ...

Moe Myint Tane said...

နှောင်ထုံးဖွဲ့ ရစ်ပတ်နေတဲ့ ချစ်ခြင်းမှာ မေတ္တာဟာ ပိုပြီးလေးနက်နေခဲ့တယ်..
တစ်ကိုယ်တော် သွေ့ခြောက်နေပုံကိုက သံယောဇဉ်ကို မှတ်ကျောက်တင်နေတာလား..
အလွမ်းဟာ တငွေ့ငွေ့နဲ့ နှလုံးသားတွေညို့မှိုင်းနေခဲ့ပေါ့..
တစ်ချိန်က ရခဲ့ဖူးတယ်..တစ်ချိန်မှာ ရလိမ့်ဦးမယ်..
တစ်နေ့တော့..တစ်နေ့တော့..
ဒီလိုနဲ့ဘဲ ကိုယ့်စိတ်ကို မွေးမြူရင်း ပြုစုနေလိုက်တယ်..

(၁၇)နှစ်တာမှသည် နောင်နှစ်ပေါင်းများစွာအထိ ချစ်ခြင်းကိုသီကြူး မေတ္တာကိုဦးထိပ်တင်လို့ ဒီအကြင်လင်မယား ကိုယ်စိတ်နှစ်ပါး တစ်သားတည်းကျစေ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Welcome said...

ဖန်တီးမှုတွေအတွက် ..
စိတ်ကျေနပ်စွာနဲ့ ဖတ်သွားပါတယ်

ဆင်ဆင်ပြေပျော်ရွှင်ပါစေ

ဒဏ္ဍာရီ said...

မမရေ ... ခိုင်မြဲတဲ့ ချစ်ခြင်းတရားတွေကို ၁၇ နှစ်ကြာတည့်တံ့စွာ တည်ဆောက်ပြီးနောက် လာမယ်နှစ်ပေါင်းမျာစွားမှာလည်း ခိုင်မြဲတဲ့ ချစ်ခြင်းတရာတွေနဲ့ လှပတဲ့ ကဗျာလေးတွေ ဆက်လက် သီကုံးနိုင်ပါစေလို့...။


ခင်မင်လေးစားလျှက်

မြစ်ကျိုးအင်း said...

သတိတရ လွမ်းနေချိန်မှာ သစ်ရွက်တရွက် ကြွေလွင့်သွား ရင်တောင် ကျန်ခဲ့တဲ့ သစ်ရွက်ကလေး အတွက် စိတ်မကောင်း ဖြစ်မိတယ်ပြောရင် စိတ်နှလုံး သားတွေ အဲဒီလောက် ကလေးဆန်နေပြီလား ထင်ကြ မယ်။

တကယ်တော့ တည်ရှိနေတဲ့အရာတခု ကွဲ ကွာ လွင့်ထွက် သွားတိုင်း လွမ်းနေချိန်မှာ ထိထိရှရှ ဖြစ်မိ တာပါပဲ။

အမ တို့ရဲ့ ချစ်ခြင်း သက်ဆုံးတိုင်မခွဲမခွါ တည်ရှိပါစေ...။

ခင်မင်သောအားဖြင့်...
မြစ်ကျိုးအင်း

Kay said...

ဆယ့်ခွန် နှစ်နှစ်... ( တွေး မိ သွားတယ်)
-----
အဲဒီ မြို့နိုင်ငံလေး ရဲ့..အဲဒီလို မြင်ကွင်းလေး တွေ ခဏခဏ မြင်ခဲ့ဖူးတယ်။ မှတ်မှတ် ရရ.. နေ့စဉ် ရုံးသွားတိုင်း.. ဓါတ်လှေခါး အတူ စီးဖြစ်တဲ့..ခါးကိုင်းပြီး..တလှုပ်လှုပ်နဲ့..လက်ခြင်းတွဲ သွားနေရတဲ့..အဘိုးအဘွားစုံတွဲလေး တခုကို ပြန်မြင်ယောင်မိတယ်။ သူတို့ မနက် စောစော အချိန်မှန်..ဘယ်ကို သွားကြမှန်း မသိခဲ့ဘူး။ ဓါတ်လှေခါးက..ဆင်းရင်..ဘက်စ်ကားမှတ်တိုင်လေး ဆီ တရွေ့ရွေ့သွားကြရော..။ နေ့စဉ် နေ့တိုင်း.. ဒီအချိန်ပဲ။ ဒီ ၀တ်စုံတွေ နဲ့ပဲ။ ဒီပုံစံ လေး အတိုင်း..အဘိုးကြီးက..ရှေ့ က ဦးဆောင်..အဘွားကြီးက..ကိုင်းကိုင်း လေး လိုက်။

၂နှစ်လောက်နေ..နေရာတွေ ရွှေ့ပြောင်းရင်း.. ဟော်ကာ တန်းလေး တခု အရောက်မှာ..အဘိုးကြီး ပန်းကန်ဆေး နေတာကို တွေ့လိုက်တော့.. ( ဟယ်) ကနဲ.. မျက်စိ တောင်းမှောက် ရှာကြည့် နေသေးတယ်။ ရှေ့ကို ဆက်အသွား..ဆိုင်တန်း အစပ်က..ဘူတာရုံ စင်္ကြန်လေးပေါ်မှာ.. စက္ကူလက်ကိုင်ပ၀ါလေး တွေ ရောင်းနေတဲ့..အဘွားကို တွေ့ လိုက်တော့..( သြော) လို့ ဖြစ်မိရင်း.. သူတို့ နဲ့ အတူ ဓါတ်လှေခါး စီးခဲ့တဲ့ အရပ်ကနေ.. ပြန်တွက်ကြည့်တော့.. ကျွန်းကလေး ရဲ့ ရှေ့ နဲ့ နောက်။ အခု ရေးနေရင်.. သူတို့ ရှိသေးရဲ့လား တွေးနေမိ.. အဘိုးမရှိတော့ရင်..အဘွား..ဘက်စ်ကား ဘယ်လိုစီးပြီး..ဘယ်မှာ ဈေးသွားရောင်းပါ့မလဲ။

မနန်း said...

ဖတ်ရင်းတွေးသွားတယ် ၁၇ နှစ်?????????

ဇွန်မိုးစက် said...

လှပတဲ့ဒီဝတ္ထုလေးကို ရင်နဲ့ခံစားလို့ဖတ်သွားပါတယ်။ ၁ရနှစ်တာမှသည် ကမ္ဘာပျက်သုံး နောက်ဆုံးချိန်ထိ ချစ်ခွင့်၊ကြင်နာခွင့်များ အမြဲရရှိပါစေနော်။ သူသာရှိခဲ့သေးရင် ညီမအတွက်တော့ ရှေ့လမှာ ၁၃နှစ်မြောက်ပေါ့...။