November 2, 2009

သက်တန့် အိပ်မက်


အခုတစ်လနှစ်လအတော အတွင်း စိတ်ရော လူရောအလုပ်တွေရှုပ်နေလို့
စာအသစ်ကဗျာအသစ်တွေ မရေးနိုင်ဖြစ်နေပါတယ်..။ အဟောင်းတွေပြန်ပြန်တင်ပြီးဆားချက်နေကတည်းကသဘောပေါက်ကြမှာပါ.။
အခု ချာတိတ်တုန်းကဆိုပါတော့ ၁၉၉၈ လောက်ကရေးဖြစ်ခဲ့တဲ့
ချိုချိုပါးပါးနိုင်မယ့် အချစ်ဝတ္ထုလေးတစ်ပုဒ်တင်ပေးလိုက်ပါတယ်.
အပြောင်းအလဲလေးတော့ ဖြစ်သွားတာပေါ့နော......

+++++++++++++++++++++++++++++++++++++++++++++++
(၁)။
လရောင်အောက်တွင် နွဲ့နွဲ့ယိမ်းယိမ်းကခုန်နေကြသော ယုဇနပင်တွေ၏ အပူပင်မဲ့မှုကို ၀န်တိုနေမိသည်။ စိမ့်စိမ့်ရီရီ မွှေးပျံ့လွန်းသော ရနံ့သည်လည်း စွာရိုင်းလွန်းနေ၏..။
ညလယ်၏ သိပ်သည်းထူထပ်သော အနက်ဆင် အနက်သွေးက ပိုမိုပြီး ကြေကွဲဆွတ်ပျံ့ဖွယ်ရာ ကောင်းနေ စေသလိုပင်...။
နောက်ကျိညောင်းညာလွန်းနေပြီဖြစ်သော ဦးခေါင်းကို ဘယ်ညာယိမ်းချိုးရင်း သမ်းဝေလိုက်မိသည်။ တကယ်ဆိုအိပ်ချင်နေပါပြီ။ ဒါပေမယ့် ဒီလိုထိုင်ပြီး ဒီလို တနင့်နင့်နာကျင်နေရခြင်းဝေဒနာက ခံစားလို့ ကောင်းနေသလိုပင်ဖြစ်နေသည်။ အသက်ရှုသံက ရှိုက်သံလက်ကျန်တွေကြောင့် တလွင့်လွင့် ငင်သွားတော့ ထပ်မံ ငိုချင်လာပြန်သည်။ အို ဒီအတိုင်းဆို မနက်ဖန် မျက်လုံးတွေ မို့အစ်ယောင်ကိုင်းပြီး အရုပ်ဆိုးနေတော့မယ် ထင်ပါရဲ့..။ အို ဆိုးဆိုး မဆိုးဆိုး..၊ လှနေဦးတော့ရော ဘာလုပ်မှာလဲ..၊ ဘာများအဓိပ္ပာယ်ရှိတော့မှာ မှတ်လို့..။
ရင်ပြင်တစ်ခုလုံးလှိုက်မောနာကျင်လာပြန်သည်။ ရီကနဲ ၀ိုင်းတက်လာသော မျက်ရည်တွေက ရှက်ရွံ့နာကျဉ်းလွန်းမှုတွေရဲ့ အရိပ်အငွေ့တွေ လား၊ ကြင်နာကြေကွဲစိတ်တွေကြောင့် ဖွဲ့တည်လာခဲ့လေသလားလည်း မသေချာပါ..။ သေချာတာကအဲဒီ့နှစ်ခုပေါင်းမိလို့ ဒီလောက်အထိ ဖြေမဆည်နိုင် အောင်ဖြစ်နေရတာပေါ့လို့ တွေးတောရင်း ပါးပြင်ပေါ် လိမ့်လိမ့် နွေးနွေး စီးဆင်းသွားသည်ကို တစိမ့်စိမ့် စောင့်ကြည့်နေမိပြီး မေးရိုးနား ရောက်ခါနီးလာမှ ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက် သည်။
အို ဘာပဲဖြစ်ဖြစ် သိပ်သနားစရာကောင်းတာပဲ..။ သိပ်ရက်စက်ကြတာပဲ..။
သိပ် စိတ်ရှုပ်စရာ ကောင်းတာပဲကွယ်…..။ အမှန်အတိုင်းဝန်ခံဖွင့်ပြောရဲတဲ့ သတ္တိက သူ့အပြစ်မဟုတ်ဘူးထင်ပါရဲ့..။ သေသေချာချာ စဉ်းစား ကြည့်ပြန် တော့ သူ့မှာ အပြစ်မရှိဟုချည်းပဲ ထင်နေမိပြန်သည်။
ဟုတ်ပါတယ်လေ...။ သူ့ရင်ထဲမှာ ခံစားမျိုသိပ်ထားရတာတဲ့ ဝေဒနာအဆိုင်အခဲတွေ အတွက်............။
အိုး လိုက်ရှာမှာပဲ..။ ဆုံးဖြတ်ချက်တွေ ရဲရင့်ပြတ်သားသွားသလို အံတစ်ချက်ကြိတ်ထားလိုက်မိသည်။
ဟုတ်တယ်..။
ဒီအချိန်မှာ သူ့အတွက်အလိုအပ်ဆုံးနဲ့ သူ့ကိုပြန်လည်ဆောက်ပေးနိုင်မယ့်အရာက
ကိုယ်တိုင်ကိုယ်ကျနှစ်သိမ့်အားပေးမှုပဲဖြစ်လိမ့်မည်။
ဒီ့အတွက် ထိုက်သင့်သလောက်တော့ စွန့်စားရဲဝံ့ရမည်ပေါ့..။
ချက်ချင်းကိုယ့်ကိုယ်ကို သူရဲကောင်းတစ်ယောက်လိုလို ကယ်တင်ရှင်တစ်ယောက်လိုလို
သူသာသိရင် ဘယ်လောက်အံ့သြ၀မ်းသာသွားရှာမလဲ.ကွယ်.။

+++++++++++++++++++++++++++++++++++++++++++++++
(၂)

ဖျတ်ကနဲ လင်းပွင့်သွားသော လျှပ်စစ်မီးရောင်ကြောင့် ကျိမ်းစပ်သွားသော မျက်ဝန်းများက အလန့်တကြားပိတ်သွားကြသည်။ ခုထိ မအိပ်သေး ဘူးလား ဥမ္မာ ဆိုသောအသံကြောင့် မျက်ဝန်းကို အလန့်တကြားပဲ ပြန်ဖွင့်လိုက်မိသည်။ မညို ။ ဟုတ်ပါရဲ့ ....... မညို ။
မညိုရဲ့ မျက်ဝန်းတွေဟာ အိပ်ချင်မူး တူးမှာတောင် စူးရှတောက်ပလွန်းနေကြသည်။ အဲဒီ့မျက်ဝန်းတွေကြောင့်များလား...။
ဒီ ကတုံး ဆံပင်ပေါက်နဲ့ ထောင်ထောင် ထောင်ထောင် လမ်းလျှောက်တတ်သည့် မိန်းမကို ခပ်ရွံ့ရွံ့ရှိနေခဲ့ရတာ..။
ငိုနေပြန်တာလား ဆိုတဲ့ မညိုအသံမှာ စိတ်မရှည်သံကထင်းထင်း ထင်နေသည်။ “ဥမ္မာဖြစ်နေတာက လိုတာထက်ပိုနေသလားလို့“ ဆိုသော မညိုမှတ်ချက်ကိုတော့ နည်းနည်းလေးမှ မခံချင်ပါ..။ ဒါပေမယ့် ဘယ်လို ခိုင်လုံသေသပ်တဲ့ အကြောင်းပြချက်နဲ့ ခပ်ပြတ်ပြတ်ငြင်း ဆိုရမည်ကိုလည်း မသိပြန်ရှိနေ၏။ မဟုတ်ပါဘူးဆိုတဲ့ ခပ်ယဲ့ယဲ့ အသံအဆုံးမှာ ဖေါက်ထွက်လုမတတ် တစူးစမ်းစမ်း စိုက်ကြည့်လိုက်သော မညို၏အကြည့်များ ကြောင့် စိတ်တိုသွားမိ၏။
“ဥမ္မာ ဒီကိစ္စဟာ ဒီလောက် အိပ်ရေးပျက်ခံပြီး ရှက်ရွံ့ခံစားနေရလောက်အောင် မတန်ဘူနော်..“ ဆိုတော့ ရင်ပြင်တစ်ခုလုံး ကျဉ်ကနဲနေ အောင် အောင့်မျက်သွားပေမယ့် “ဥမ္မာက ကောင်လေးကို သနားနေတာလား “ ဟူသော မှတ်ချက်ကိုတော့ အလျင်စလိုထက်ထက်သန်သန်ကြီး ငြင်းနေမိပြန်သည်။
“မဟုတ်ပါဘူးမညို ဘာလို့သနားရမှာလဲ. “
“အေးလေ ဒါဆို ဘာများဖြစ်စရာရှိတော့လို့လဲ.. ၊အေးဆေး လမ်းမှာခလုပ်တိုက်မိသလို သဘောထားလိုက် “
လာထ အိပ်တော့ ဉာဥ့်နက်နေပြီ.. မနက်ဖန်မျက်တွင်းတွေကျပြီး အလှပျက်နေဦးမယ်ဆိုပြန်တော့ မညိုကိုတစ်ချက်ထုပြီး မျက်ရည်စီးကြောင်းနှင့်ပင် ရယ်မောလိုက်မိ၏။
မညိုက လေးနက်တည်တံ့လွန်းနေတဲ့ အသံနဲ့ တစ်ချက်ခေါ်လိုက်တော့ မညိုကို ညံ့ညံ့သက်သက်ပင် ပြန်ကြည့်နေလိုက်ပါသည်..။
“မှတ်ထား မာဥုံမိ..၊ တို့ အသက်ဆယ်နှစ်တုန်းက အပြုအမူအတွေးအခေါ်တွေဟာ ၊ အသက်နှစ်ဆယ်ကပြန်ကြည့်ရင် သိပ် ရယ်စရာ ကောင်းနေ သလိုမျိုး ၊ အခုအသက်အရွယ်က ဖီလင်တွေက အသက်သုံးဆယ်အရွယ်ရောက်ရင် ဟားချင်စရာကြီးဖြစ်နေမှာ ..။ “
မညိုကို အလန့်တကြားပြန်ကြည့်လိုက်မိပြီး ၊ အဲဒါကိုပဲ အမြန်ဆုံး ဖုံးဖိဖို့ကြိုးစားလိုက်ရသည်..။ မဖြစ်နိုင်ဘူး..။
အို မညိုက ဘာတွေများ ရိပ်မိသိရှိနေခဲ့လည်း..။ ရှက်စရာကြီးကွယ်..။
တလူးလူးတလိမ့်လိမ့် အိပ်မပျော်ပြန်ရှိနေသောအခါ ကောင်လေး၏ ညှိုးငယ်ညံ့သက်သော ပုံရိပ်က မျက်ဝန်းထဲမှာ တ၀ဲလည်လည် ထင်နေသည်။ သိပ်သနားစရာကောင်းတာပဲ..လို့ တဖွဖွရေရွတ်ရင်း အိပ်ပျော်သွားတော့ သူ့ကိုပဲအိမ်မက်မက်ပြန်သည် ။
အိမ်မက်ထဲမှာ ကောင်လေးက အိမ်ကဆင်းပြေးလာတဲ့ သူဌေးသားလေးဖြစ်နေပြီး..၊ ချစ်ခန်းကြိုက်ခန်းက ပြဇာတ်ဆန်လွန်းနေပြန်တော့ အိမ်မက်ထဲမှာပင် ရှက်စနိုးရှိရပြန်လေသည်။

+++++++++++++++++++++++++++++++++++++++++++++++

(၃)

ရုံးသွားဖို့ မညိုလာနိုးတော့ အဟုတ်ပင် ခေါင်းတွေက ထူမ မရအောင်ကိုက်ခဲ အုံဆိုင်းနေခဲ့သည်။ အို ဒါပေမယ့် နည်းနည်းနေသာတာနဲ့ ကောင်လေး ရှိရာကို မေးစမ်းသွားမှာပဲလို့ ကိုယ့်ဘာသာ ကြိမ်းဝါးနေမိ၏။
“”ဥမ္မာ ရုံးမသွားဘူးလား၊ ထတော့လေ” ဆိုသောမညိုအသံကို တုန့်ပြန်မနေချင်တော့ပါ..။ လိမ်ညာရန် အနည်းငယ်ညံ့သလို ထွင်းဖေါက်မတတ် တရားခံကြည့်ကြည့်တတ်သော မညို၏ အကြည့်တွေကိုလည်း ရင်ဆိုင်ဖို့ စိတ်ညစ်ညူးလှပြီ..။
“”အိုကေ ဒါဆို ငါလည်းဒီနေ့ မနေ့ကမှ slabလောင်းထားတော့ အလုပ်အားနေတယ် ၊ ခွင့်ယူလိုက်မယ် ၊ ဟေ့ကောင် တို့တွေ ရုပ်ရှင် သွားကြည့်ကြမယ်လေ.. ”
အသံကုန် ဟစ်အော်ပစ်ချင်စိတ်ကို ချုပ်တည်းပြီး မညိုကို စိတ်ပျက်လက်ပျက် ကြည့်နေမိတော့သည်။ အေးအေးလူလူ စာတစ်အုပ်ဖတ်ပြီး ကုတင်ပေါ်မှာ ၀မ်းလျားမှောက်နေတဲ့ မိန်းမဟာ ကင်းစောင့်နေတဲ့ ရဲသားတစ်ယောက်လိုပဲဟု ဒေါသတကြီး တွေးတောရင်း မျက်ဝန်းကို စုံလိုက် တင်းတင်း မှိတ်ထားလျက်နှင့် အိပ်ချင်ယောင် အထပ်ထပ်ဆောင်နေလိုက်မိ၏။
ဘာရယ်မှန်းမသိပဲ ၀မ်းပမ်းတနည်းကြီးဖြစ်လာပြီး ဗြုန်းကနဲရေချိုးခန်းထဲဝင်လိုက်တော့ မညိုက ခေါင်း ထောင်ကြည့်နေ၏။ အဲဒီ့မိန်းမဟာ ဖေဖေက အပ်ထားတယ်ဆိုတာနဲ့ နေရာတကာဆရာမကြီးလုပ်ချင်လွန်းတယ်။ သူ့ချစ်သူ “ကျော်“ နဲ့ဖုန်းပြောနေတဲ့ အချိန်လောက်ပဲ မျက်ဝန်းတွေက ရည်လဲ့ချိုမြနေတတ်ပြီး ကျန်တဲ့အချိန်တွေအားလုံးမှာ လိုတာထက်ပိုပြီး တင်းပြတ်မာကျောလွန်းလှတယ်၊ သိပ်အမြင်ကပ်စရာကောင်းတာပဲဟု တွေးလိုက်မိသည်။
အို ဒါပေမယ့် အစစအရာရာ အနစ်နာခံ ကူညီခဲ့တာတွေ၊ သင်ကြားဖေးမခဲ့တာ တွေကိုကျတော့လည်းမေ့ထားလို့ မရပါဘူးလေလို့ သက်ပြင်း တစ်ချက်ရှိုက်လိုက်ရင်းရေရွတ်မိပြန်၏။ ဟုတ်သားပဲ မညိုသာ ဒီဆိုဒ်မှာ မရှိခဲ့ရင်ဒုက္ခလို့ တွေးမိပြန်တော့ မညိုကို အားတွေနာနေမိ၏။
မညိုသာဆိုရင် ဘယ်သူမရှိရင်ဒုက္ခဆိုတဲ့အတွေးမျိုးတစ်ခါမှ တွေးဘူးလိမ့်မည် မထင်ပါ..။

+++++++++++++++++++++++++++++++++++++++++++++++

(၄)

ကိုယ့်ကိုကိုယ်ဂရုစိုက်လွန်းပြီး အလှအပခုံမင်လွန်းသူမို့ မညိုက တွေ့တွေ့ချင်း ကြည့်မရပါဟု ၀န်ခံတော့၊ ကတုံးဆံပင်ပေါက်နဲ့ မျက်နှာထားတင်းလွန်းလို့ အမြင်ကပ်ခဲ့ကြောင်း ပြန်လည်ချေပပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်မောခဲ့ကြဖူးသည်။ ဘယ်လိုမှ ခွဲလို့မရအောင် ခင်မင်သွားကြခြင်းက ဘယ်အချိန်မှာ စတင်သွားကြသလဲ သတိမထားမိကြပေမယ့် တော်တော်ကို ခင်မင်နေကြတာကတော့ဖြင့် အသေအချာပင်။
လိုင်နာဆေးနက်ချယ်သစရာမလိုပဲ မည်းနက်စိုလက်နေသော မညိုမျက်ဝန်းတွေကို သိပ်လှတာပဲလို့ အားကျမိသလို ၊ ရရှိထားတဲ့ အင်ဂျင်နီယာဘွဲ့နှင့် လိုက်လျော ညီထွေလွန်းစွာ ထက်မြက်တက်ကြွလွန်းသော ၊ ယောက်ျားများနှင့်တန်းတူ အပင်ပမ်းခံနိုင်သလို ၊ ဦးဆောင်ဦးရွက်ပြုနိုင်သော ၊ ဆုံးဖြတ်ချက်ပြတ်သားသော မညိုကို လေးစားမိပြီး အလိုလိုကို ချစ်ခင်ကြောက်ရွံ့နေခဲ့မိသည်။
ရှပ်အင်္ကျီလက်ရှည်၊ဂျင်းဘောင်းဘီခပ်နွမ်းနွမ်းနှင့် အမြဲလိုမျက်နှာပြောင်နေတတ်သော မညိုကိုကြည့်ပြီး အလှပြင်ရမှာရှက်လာ သလိုလို ပင်ဖြစ်မိသည်။ “ငါတို့က အင်ဂျင်နီယာ၊ အင်ဂျင်နီယာဆိုတာ သူများလို လှလှရွရွလေးနေလို့မရဘူး..၊ လေဘာနဲ့တမ်းတူ လုပ်သင့်လုပ်ရမှာ“ ဆိုတဲ့ မညိုခံယူချက်ကြီးကိုတော့ နှာခေါင်းရှုံ့ချင်မိသည်။ ဘာပဲဖြစ်ဖြစ် အလှကတော့ ပြင်မှာပဲလို့ ခပ်ကပ်ကပ်ပြန်ပြောမိတော့ မညိုက ငြင်းခုန်မနေတော့ဘဲ အေးပါ မင်းသမီးရယ်ဟပြင်ပါ ပြင်ပါ ဟု အငေါ်တူးခဲ့ဖူး၏။ ဒါပေမယ့်မညိုပြောလွန်းလို့ သိမ်းထားရသော ၀တ်စုံများကတော့ များလှပြီဖြစ်သည်..။
”ဥမ္မာ ရှင်က တကယ့်တကယ် Foundation ကစတဲ့ အလုံးမှာနေရမှာ ၊ ဒါအခွင့်အရေးတစ်မျိုးပဲ.၊ အင်ဂျင်နီယာပေါက်စတစ်ယောက်ဟာ အဆောက်အဦတစ်လုံးကို အစအဆုံးဆောက်ခွင့်ရလိုက်တာ သိပ်ကံကောင်းတာ..၊ ဘာလို့ Finishing ၀င်နေတဲ့ အလုံးမှာနေနေရတာလဲ ”
နေပူလွန်းလို့ အသားမည်းမှာစိုးတယ်ဆိုပြီး PM ကို မရရအောင်ပြောပေးဖို့ ဖေဖေကို အပူကပ်ဂျီကျခဲ့ရကြောင်း မညိုကို ပြောမပြာမပြရဲပါ။ တစ်နေ့တစ်နေ့ နေပူထဲမဆင်းတာတောင် အသားတွေက သိပ်ကို ခြောက်သွေ့ ညိုညစ်ချင်နေပြီ..။ ဆရာမအသစ်လေးက သိပ်ချောတာပဲဆိုသော မှတ်ချက်ကို လူတိုင်းဆီက ကြားချင်နေမိသည်လေ..။
အို….၊ ကြားရရုံတင်ဘယ်ကမလည်း..၊ မျက်ဝန်းတစ်စုံကတော့ ခိုးကြောင်ခိုးဝှက်နှင့် တစိမ့်စိမ့်ငေးရီ နေတတ်ပြီး ၊ ဆတ်ကနဲ အမိဖမ်း လိုက်တိုင်း ရှက်လန့်တကြား မျက်လွှာကို ချချ ပစ်တတ်တာ..။
ရီဝေရွှန်းလဲ့နေလွန်းသော မျက်ဝန်းအစုံကြောင့် ကောင်လေးကို စိတ်ဝင်တစားရှိသွားခဲ့တာပါလို့ တစ်ယောက်ယောက်ကိုတော့ ၀န်ခံလိုက်ချင်ပါသည်။

+++++++++++++++++++++++++++++++++++++++++++++++

(၅)။

နီရဲ ဖွာလွင်နေသောဆံပင်ပျော့ပျော့တွေကို ဘီးကုတ်တစ်ခုနှင့် အမြဲလိုလှန်တင်ထားသည့်ပုံစံလေးက ဘာရယ်မဟုတ်ပဲ သိပ်ကြည့် လို့ကောင်းတယ်ဟု ထင်နေမိခဲ့သည်။ အတော်လေး ဖြူဝင်းပုံပေါ်သည့်အသားအရည်ကနေတွေလောင်ပြီး ညိုရဲနေသော ကျောပြင်ပြန့်ပြန့်ပေါ်က ချွေးစက်တွေ အတွက် သနားနေခဲ့မိသေး၏။
ဆရာမ ကြွေပား ကော်နာချောင်းတွေထုတ်ချင်လို့ ဆိုသော ခပ်ဝဲ၀ဲနှင့်တိုးလျသောအသံကို လည်းစိတ်ဝင်စားမိပြန်သည်။
မြင့်မားဖြောင့်စင်းသော ကိုယ်နေဟန်နှင့် ဇာတ်လိုက်ဆန်သော ရုပ်ရည်ကဖြင့် သိပ်ကို ရင်ခုန်စရာကောင်းနေတာပေါ့ကွယ်..။ သူရှိရာ အရပ်ကို အစစ်အဆေးထူနေမိတိုင်း ပြာယာခတ်နေတတ်သော ပန်းရန်ခေါင်းကိုတော့ဖြင့် အမြင်ကပ်လှပါသည်လေ..။
မသိမသာလေးခိုးဝှက်ကြည့်နေတတ်မှန်း အမှတ်တမဲ့ဟန်နဲ့ ဝေ့ဝေ့သွားမိသော အကြည့်များမှတဆင့် သိရခြင်းဖြစ်ကြောင်း မညိုသိရင် အပြတ်ဟားပေလိမ့်ဦးမည်ထင်ပါသည်။
“ဟေ့ တို့ကတော့ ကိုယ့်ကို ကြိုက်တဲ့လူများမှာ ကို သိပ်ရှက်တာပဲ..။ စဉ်းစားကြည့်လေ..၊ ကြိုက်တယ်ဆိုကတည်းက ရီးစားလုပ်ချင်လို့ ၊မိန်းမတော်ချင်လို့ ၊ ပါး ပါး လေး ပဲစဉ်းစားကြည့် ၊ ကိုယ့်ကို ဟိုလူက ရီးစားလုပ်ချင်ပါတယ်..၊ဒီလူက မိန်းမတော်ချင်ပါတယ်လို့ ခဏခဏအပြောခံနေရတဲ့ကိစ္စ“
မညိုက နစ်နစ်ပျစ်ပျစ်ပြောတော့ မညို မညစ်စုပ်နဲ့နော်လို့ ကုန်းအော်ပြီး ရယ်မောခဲ့ရသေးသည်။
အဲဒီ့လိုမဟုတ်ဘူးမညိုရဲ့..။ မျက်ဝန်းချင်းစိမ့်ကနဲလေးဆုံလိုက်တာကတောင် ရင်ခုန်ဆွတ်ပျံ့ချင်စရာကောင်းနေခဲ့တာ..။ ဖျတ်ကနဲတွေ့ လိုက်ရရုံနဲ့ တောင် ပြည့်စုံနေပျော်သွားခဲ့တာလို့ မညိုမကြားအောင် တိုးတိုးလေးပြောနေရသေး၏။ အိမ်မက်ထဲမှာ ပါလာခဲ့ရင်တော့ နေရင်းထိုင်ရင်း တဟင်းဟင်းရယ်မောချင်နေခဲ့၏။ ကောင်လေးဟုသော ပညတ်ချက်က တစ်ယောက်တည်းတမြတ်တနိုးခေါ်ကြည့်နေမိတတ်သော နာမ်စား တစ်ခုဖြစ် မှန်း မသိ ဖြစ်နေခဲ့သည်လေ..။ အို သူ့ မျက်ဝန်းတွေကို အမိအရဖမ်းရတာလောက် စိတ်ဝင်စားစရာကောင်းတဲ့ကစားနည်း မရှိတော့ဘူးထင်ပါရဲ့ ကွယ်..။
အငယ်ဆုံးတစ်ဦးတည်းသောသမီးမို့ အရိပ်အကဲကို အမြဲလို စောင့်ကြည့်နေတတ်ပြီး ဘာတွေ ရေးထားသလဲ ဖွင့်ဖွင့်ကြည့်တတ်သော မေမေ မရှိသည့်အရပ်မှာ ကဗျာ တိုတိုစစလေး တွေကို အဲဒီ့ရင်ခုန်ဆွတ်ပျံ့ခြင်းတွေနဲ့ ရေးတတ်နေခဲ့ပြီ..။
မူလတန်းကျောင်းသူဘ၀လို ရန်ကုန်က ကားမှတ်တိုင်နှစ်တိုင်စာလောက်သာဝေးသည့် ကျောင်းနှင့်အိမ်ကို အပို့အကြိုတွေ လုပ်နေသည့် အကိုတွေ ရှိမနေတော့သောအရပ်ဟာ သိပ်လွပ်လပ်နေတာပဲဟု မကြာခဏ တွေးနေမိခဲ့သေးသည်။
စိတ်ပါပါ မပါပါ စာတွေကို ကုန်းရုန်းကျက်စရာမရှိတော့တဲ့ ၊ နယ်က အိမ်ကြီးရဲ့ မီးဖိုဆောင်သာသာလောက်ပဲရှိတဲ့ ဒီအဆောင်တိုက်ခန်းကျဉ်းလေးက သိပ်ကို စိတ်ကူးယဉ် ချင် စရာကောင်းပြီး ၊ချစ်စရာကောင်းတာပဲဟုပင် မကြာခဏတွေးတွေးနေမိသေး၏။
အို လေ...လရောင်အောက်မှာ မန်မယ့် ဆူမယ့် သူမရှိတွေးတောလွင့်မျောခွင့်ရနေတာ ဘယ်လောက်များ ကောင်းလိုက်လဲကွယ်..။
တကယ်တော့ ရှိန်းမြနေသော ပါးရိုးစိမ်းစိမ်းကိုဖြင့် ရဲရဲမကြည့်ရဲခဲ့ပါ..။
အလုပ်သိမ်းချိန် ရေမိုးချိုး၊ အ၀တ်အစားလဲထားသောပုံရိပ်ကို လွှတ်ကနဲငေးရီသွားမိခြင်းကို တစ်ယောက်တည်းရှက်လန့်တကြား ဒေါသထွက် နေခဲ့ရသေးသည်။ ဆရာမ သူက မင်းသား ဆရာမရဲ့ ဆိုသော ပန်းရန်ခေါင်း၏ စကားကို မကြားချင်ယောင်ဆောင်ရင်း မလုံမလဲနှင့် မျက်နှာကျောကို လိုတာ ထက်ပိုမိုတင်းမာထားခဲ့ရသေးသည်လေ..။
တစ်စ တစ်စ နှောင်ဖွဲ့ လာခြင်းပမာဏကို ဆန်းစစ်မကြည့်ချင်ခဲ့ပါ...။
အို ဆန်းစစ်ဖို့ကို မစဉ်းစားမိတာပါ..။ စဉ်းစားဖို့အသိတောင်မရှိတော့ဘူးထင်ပါရဲ့..။
ဒီလိုမျိုးရင်ခုန်နေရတာကို အရသာတစ်ခုလို စွဲလမ်းနေခဲ့တာကလွဲပြီး ဘာတစ်ခုကိုမှ မတွေးချင်ပါ၊ မတွေးဘူး ဟု တစ်ယောက်ထဲ ရောက်ယက် ခတ်လွန်းစွာ အကြိမ်ကြိမ်ရေရွတ်မိသည်များကို မညို မရိပ်မိ မသိရှိနိုင်ဟုပဲ ထင်နေမိခဲ့၏။

+++++++++++++++++++++++++++++++++++++++++++++++

(၆)။

ဖြစ်နိုင်ရင် မနေ့ကအကြောင်းကို ဘယ်လိုမှ ပြန်မစဉ်းစားချင်ပါ..။ ချက်ချင်းပင် အသည်းနှလုံးရှိရာအရပ်က စူးစူး နစ်နစ်အောင့်မျက် လာသလို ပင်ထင်မိသည်။
ထိုနေ့က မိမိတာဝန်ယူရသော အဆောက်အဦးအား အအပ်လက်ခံရန် PMမမ ၏ ပဏာမစစ်ဆေးရေးဝင်မည်မို့ ရင်ခုန်လှုပ်ရှားရလွန်း၍ ကောင်လေးကိုပင်မေ့လျော့နေမိသည်ထင်ပါသည်။ လိုအပ်ချက်၊မှာကြားချက်များကို ရေးမှတ်ရန် စာအုပ်နှင့်ဘောပင်ကို ကိုင်ထားသောလက်အစုံပင် ထုံကျဉ် အေးစက် နေသလိုထင်မိ၏။ တစ်ချက်ကလေးမှ လှည့်ကြည့်ဖေါ်မရသော မညိုကို စိတ်တိုနေလိုက်မိသေး၏။
"ဟင်ဒါကဘာတွေလဲ" ဟူသော PEမမ၏အသံကြောင့် ထိတ်ကနဲနေအောင် အလန့်တကြား ခေါင်းထောင်ကြည့်လိုက်မိ၏။ နေရာမှ အရုတ်ကြိုးပြတ်ပုံ လဲကျချင်သွားလောက်အောင် ရှက်လန့်တုန်လှုပ်သွားခဲ့မိ၏။ စူးစူးဝါးဝါးစိုက်ကြည့်လာသော PE ၏ အကြည့်ကို ဘယ်လိုမှရင်ဆိုင် မကြည်ရဲပါ..။ အို ဘယ်သူ့ကိုမှ မကြည့်ရဲခဲ့တာပါ..။
“ဆရာမ မဥမ္မာ ကို သိပ်ချစ်တယ်..။ အဆင့်အတန်ူချင်းမတူပေမယ့် ကျွန်တော်မျိုသိပ်.....၊
“ အို။နောက်ပြီး ဘာတွေရေးထားသေးလဲ...။ မသိတော့ပါ..။ ဖိုင်နယ်သုတ်ထားပြီးသား ရေဆေးနံရံပေါ်မှာ ခဲသားနက်နက်နဲ့ ရေးထားတဲ့ ခပ်ညံ့ညံ့လက်ရေးတွေလို့ပဲ အသိဝင်လိုက်မိတော့သည်။
သတိထားမိတော့ ရုံးခန်းကစားပွဲပေါ်မှာ အပ်ပြီး ရှိုက်ကြီးတငင် ငိုကြွေးနေမိသည်။ လောလောဆည် ဘာတွေ ခံစား နေရမှန်း မသိအောင် ထူပူနေတဲ့ ကျောပြင်ကို မညိုက ကြင်ကြင်နာနာသိုင်းဖက်ထားခဲ့၏။
”ကဲ ကိုလှဦး.၊ ဒီအဆောက်အဦးမှာက ရှင်တို့ ပန်းရန်အဖွဲ့ပဲ လက်စသတ်ရှိနေတာ..။ ဒါ အင်ဂျင်နီယာမိန်းကလေးတွေကို မထေမဲ့မြင် မလေး မစား လုပ်တာပဲ..။ သူတို့ဟာ ကျောင်းခုမှဆင်းပြီး အသက်အရွယ်ငယ်သေးပေမယ့် ရှင်တို့ရဲ့ အရာရှိ ၊ ရှင်တို့ရဲ့ ဆရာသမားတွေပဲ ၊ရှင်တို့လေးစားရမယ်..။ ဒါကျွန်မတို့ ကုမ္ပဏီကိုပါ စော်ကားသလိုပဲ ၊ ရှင်ဘယ်လိုလုပ်ပေးမလဲ..။”“
”ဟုတ်ကဲ့ပါ ဆရာမရယ် ၊ ကျွန်တော်တောင်းပန်ပါတယ် ဆရာမရယ်..။ ကျွန်တော်ဆရာမတို့ရှေ့တင် ဆုံးမဖို့ အကုန်လုံးကို တစ်ခါတည်း ခေါ်လာခဲ့ပါတယ် ။ဟေ့ကောင်တွေပြောစမ်း ဘယ်သူလက်ကမြင်းတာလဲကွ ၊ ငါ့ အရှက်ကိုခွဲတဲ့ကောင်ဘယ်ကောင်လဲ”
ပန်းရန်ခေါင်းကိုလှဦးရဲ့အသံကတော့ တော်တော်ကို စွာရိုင်းလွန်းနေပြီး..၊ သိပ်အမြင်ကတ်စရာကောင်းတာပဲလို့ တွေးနေမိသေး၏။ မျက်နှာကိုတော့ ဘယ်လိုမှ မဖေါ်ဝံ့အောင်အပ်ဝှက်ထားမိရင်း မညိုက မငိုနဲ့တော့လေ..၊ဒါငိုစရာမှ မဟုတ်တာဆိုသည့်ကြားက တငင်ငင်ရှိုက်နေမိ၏။
”ကျွန်တော်ပါ.. ”
အို ခပ်ဝဲ၀ဲအသံ တစ်သံ ။ ရင်ပြင်က ထိမ်းသိမ်းလို့မရအောင်ကို ပရမ်းပတာနိုင်သွား၏။ ဆတ်ကနဲခေါင်းကို ထောင်ကြည့်လိုက်မိတော့ ကျွန်တော်ဦးကွာ ဆိုသံနဲ့ ခွပ်ကနဲ အသံက တဆက်တည်းလိုပေါ်သွားပြီး တစ်စုံတစ်ရာဆုံးဖြတ်ချက်တွေနဲ့ ရဲရင့်ခိုင်မာနေသော ကောင်းလေး၏ မျက်နှာက နောက်သို့လန်သွားခဲ့၏။
အို မလုပ်ပါနဲ့လို့ လွှတ်ကနဲ ပြောမိသွားမလိုပေမယ့်၊ တပြိုင်တည်းရှက်ဒေါသတွေနှင့် နာနာ ကျဉ်းကျဉ်းကြည့်လိုက်မိ၏။
နှာခေါင်းထဲက ထွက်လာသော သွေးစီးကြောင်းတွေကို အေးအေးဆေးဆေးသုတ်နေသော ပုံသဏ္ဍန်က ခုပင်ရှေ့မှာ လာရပ်နေသလိုပင်..။
”ဟေ့ ကိုလှဦး ၊ ခင်ဗျားဒီလိုဖြေရှုင်းရမယ့်နေရာမဟုတ်ဘူး၊ ဒါရုံးခန်း..၊ သူဝန်ခံနေပြီး မဟုတ်လား..၊ နောက်နေ့သူ့ကိုမတွေ့ချင်တော့ဘူး..”
” တောင်းပန်ပါတယ်ဆရာမရယ်.. ကျွန်တော် ဒေါသထွက်လွန်းလို့ပါ.. ၊ ဟေ့ကောင်မင်းအခု ဆိုဒ်ထဲက ထွက်သွား၊ သွား မင်းမျက်နှာ ငါမကြည့်ချင်ဘူး.. ”
”ဆရာမလေး အဲလောက်ငိုမနေပါနဲ့ဆရာမလေးရယ်..။ ဆရာမလေး သိပ်ရှက်သွားမှာပါ...။ ကျွန်တော်တောင်းပန်ပါတယ် ဆရာမလေးရယ် ၊ ဆရာမလေးကို လူကြားထဲမှာအရှက်ခွဲသလိုဖြစ်သွားတာပေါ့..။ ဒီကောင်က အမဲရိုးဟင်းအိုးမှ အားမနာဆိုတာမျိုးလုပ်တာ ဆရာမလေးရဲ့... ”
တစ်စတစ်စ ဝေးသွာသောကျောပြင်ကို ဘယ်သူ့ကိုမှ ဂရုမစိုက်မိဘဲ ငေးရီကြည့်လိုက်မိသလား လည်း မသေချာပါ ။
ဒေါသတကြီးပေါက်ကွဲနာကျည်းချင်နေတာလား...သနားနေတာလား..ရှက်ရွံ့နေတာလား..။ အော်ဟစ်ရန်တွေ့ပစ်ချင်နေတာချင်လား...
အို ဖြစ်နိုင်ရင် အသံကုန်ဟစ်ပြီး အော်ခေါ်ပစ်ချင်နေတာလား..။ဘာ..မှမသေချာပါ..။
ပုခုန်းစွန်းကို ခပ်တင်းတင်းဆုတ်လိုက်သော မညိုလက်တွေကြောင့် ဆတ်ကနဲပင်တုန်ရီသွားမိပြီး.. ၊
မသိဘူး သွားကြ..၊ သွားကြ ထုံးစံအတိုင်း တအိအိ ငိုရှိုက်မိပြန်သည်လေ..။

+++++++++++++++++++++++++++++++++++++++++++++++
(၇)။

စီးကျလာပြန်သောမျက်ရည်စီးကြောင်းများကို စိတ်မရှည်ချင်တော့ ။
သူမဟာ သိပ်ကိုမုန်းချင်စရာကောင်းလော်ကအောင် အငိုသန်လွန်းပါသည်လေ..။
ဒီလိုမျိုး လုပ်ရကောင်းလား ဟုတွေး မိပြန်တော့ အစကတည်း သူက....ဆိုပြီး..... အဆုံးသတ်သွားပြန်သည်။
ဒါ သူရဲ့ မထိမ်းချုပ်နိုင်စွမ်းတော့တဲ့ခံစားချက်တွေကို ဖေါ်ပြတတ်သလို...၊ အို... တစ်ယောက်တည်းပဲဖတ်မိမယ်ထင်ပြီးလုပ်တာဖြစ်မှာပါ.။
အို သူက ငါ့ကို ချစ်သတဲ့ ။
ဘာပဲဖြစ်ဖြစ် သွေးစက်လက်နှင့် ခေါင်းငိုက်စိုက်ချ၍ပြန်သွား သောမြင်ကွင်းကဖြင့် နှလုံးအိမ်တစ်ခုလုံးကို ဖျစ်ညှစ် ဆုတ်ကိုင်ထား သလိုပဲဟုထင်မိ၏။ ဖြစ်နိုင်ရင် မနေ့က တစ်ရက်ကို စာရွက်ဆစ်ရွက်လိုဆွဲဆုပ်ပစ်လိုက်ပြီး ၊ ဖြစ်နိုင်ရင်ခပ်ဝဲ၀ဲအသံတိုးဖွဖွလေားအောက်က ပူနွေးရီဝေစရာ အကြည့်စူးစူးလေးတွေကို ဒီ့အတိုင်း ရပ်တန့်ထား လိုက်ချင်တော့တာပဲဟု တမ်းတမ်းမွတ်မွတ် ကြေကွဲနေမိပြန်လေသည်။
အမှန်တကယ်ဖြစ်သင့်တာဘာလဲ..။ မသိ ဟုချည်းပင်အဖြေကထွက်နေပြန်သည်။
အို တကယ်ဆို လိုက်သွားရမှာ မဟုတ်ဘူးလား..။၊ တစ်ယောက်ယောက်ကို သူ့လိပ်စာသာမေးလိုက်ရင်ဝမ်းသာအားရပေးလိုက်ကြမှာ..။
ဟုတ်တယ် ဘယ်သူတွေဘာပြောပြော ။
အားနည်းနွမ်းပါးလွန်းတဲ့ သူ့ ဘက်က အင်အားတစ်ခုအနေနဲ့...။
ဒါဆို...။
ဒါဆိုရင်တော့...။ သူမကို အင်အားကြီးကြီးနဲ့ဝင်ဆောင့်လာသော...တစ်စုံတစ်ရာများစွာကြောင့် သူမ တုန်လှုပ်လာသွားမိ၏။ ဟင့်အင်း....မဟုတ်ပါဘူး...ငါက ဘာလို့သွားတွေ့ရမှာလဲ.....
ဘာဆိုင်လို့ ငါကသွားတွေ့ရမှာလဲ.....
ဦးခေါင်းတစ်ခုလုံးနောက်ကျိလာပြန်သည်။ အသံကုန် အော်ဟစ်ပစ်ချင်လာမိ၏။
ဧည့်ခန်းထဲမှ အာကျယ်ကြီးနှင့်ရယ်မောနေသော မညိုအသံကြောင့်စိတ်တိုသွားမိပြန်သည်။ သူရှုပ်လို့ ၊ ညကစဉ်းစားထားတဲ့အတိုင်း လုပ်ပစ်လိုက်ချင်တာ၊ နောက်မှ ဖြစ်ချင်ရာဖြစ်အေးရော ဟု ညစ်ကပ်ကပ်တွေလျှောက်တွေးပစ်လိုက်သည်။
“ဟေး မာဥုံမိရေ.. ဒီမှာ ဘယ်သူလဲ လာကြည့်ပါဦး..။ “
စိတ်ရှုပ်ရှုပ်နှင့်ပင် ခေါင်းထွက်ကြည့်လိုက်တော့ ဖေဖေ
ဗြုန်းကနဲ အိပ်မက်ကလန့်နိုးလိုက်သလို လှုပ်ရှားသွားမိ၏။
ရင်ပြင်တစ်ခုလုံး လှိုက်တက်လာပြီး ရုတ်တရက်ကြီးကို ကြေကွဲဝမ်းနည်းလာသလိုမျိုး ၀ရုန်းသုန်းကား ဖေဖေ့ရင်ခွင်ဆီပြေးဝင်ပြီး ရှိုက်ကြီးတငင်ငို မိတော့ ဖေဖေက ကြင်ကြင်နာနာ ပွေ့ဖက်ပေးထား၏။
“သမီးငယ် ဘာလို့ငိုနေတာလည်း ၊ ကလေး မဟုတ်တော့ဘူးနော် ၊ “ ဆိုသော စကားကို
“ဖေကြီးက မလာတာကြာလှပြီ၊ သမီးက လွမ်းတာပေါ့ “ လို့ ချွဲချွဲပျစ်ပျစ် ပြန်ပြောရင်း
ဖေဖေ့အိပ်ထဲမှာ ဘာတွေပါလာသလဲ ရှာဖွေနေမိတော့ မညိုက သူမကို ရယ်စစလှမ်းကြည့်လို့နေပြန်သည်.။
မညိုကို .မျက်စောင်းဝဲရင်း ငါတို့ဆယ်နှစ်တုန်းက အပြုအမူအတွေးအခေါ်တွေဟာ..
အသက်၂၀မှာရယ်စရာကောင်းနေသလိုမျိုးဆိုသောညကပြောသည့်မညို့စကားက
ဗြုန်းကနဲနားထဲတိုးဝင်လာတော့..သူမစိတ်ပျက်ချင်ဖွယ်ရာမျက်ရည်တွေကြားက တခစ်ခစ်ရယ်မောချင်လာသည်.။

+++++++++++++++++++++++++++++++++++++++++++++++

(၈)။

သက်တံ့သည်အရောင်စုံနေသည်..။
လှပစွာကွေးညွှတ်လို့နေသည်..။
ထူးဆန်းပြီးမှော်ဆန်သော အရိပ်အငွေ့များယှက်သန်းလင်းဖြာနေပေလိမ့်ဦးမည် ။
သူမက ထိုသက်တံ့ကို အိပ်မက် မက်ခဲ့ခြင်းသည် အိပ်မက်တစ်ခုသာဖြစ်လေမည်..။
အိပ်မက်ထဲမှာ ရှိုက်ကြီးတငင်ငိုချင်ငိုနေရပေလိမ့်မည်..။
နိုးထလာချိန်တွင် မျက်ရည်များ..ပါပြင်တွင် စိုစွတ်ပူနွေးဆဲ ဖြစ်ချင်ဖြစ်နေပေလိမ့်မည်..။
အိပ်မက်ထဲကဝေဒနာများက နိုးထလာချိန်အထိ နှလုံးအိမ်ထဲနာကျဉ်နင့်နည်းဆဲဖြစ်ပေလိမ့်ဦးမည်...။
ဘ၀ဆိုတာ အိပ်မက်နှင့် ရောစပ်ချုပ်သီထားသော ၀တ်စုံတစ်စုံဖြစ်ကောင်းဖြစ်နေမလား...
အမှန်တကယ့်ကို သူမ ရယ်ရယ်မောမောငိုကြွေးခဲ့ဖူးပါသည်..။


အိန္ဒြာ
(ကလျာမဂ္ဂဇင်း)

16 comments:

မယ်ကိုး said...

စာလေး အရမ်းကြိုက်တယ် မ။

ဘ၀ဆိုတာ အိပ်မက်နှင့် ရောစပ်ချုပ်သီထားသော ၀တ်စုံတစ်စုံဖြစ်ကောင်းဖြစ်နေမလား...

အိပ်မက်က ရုပ်ထွင်းလှလှဖြစ်လာရင်လည်း်သိပ်ကောင်းမှာပဲနော်။ ဒဏ်ရာအနာတရတွေကင်း။

ချစ်မလေးရေ...ထပ်ပြောချင်သေးတာ။ ဒီစာလေး အရမ်းအရမ်းကြိုက်တယ် =)

MANORHARY said...

ခရမ်းရောင်သန်းနေတဲ့ အလွမ်းရင့်အိပ်မက်တွေ
မဲနယ်ပြာရောင်ရင့်နေတဲ့ ဒါဏ်ရာအိုတွေ
ပြာလွင်တဲ့သစ္စာတရားတွေ..
မထင်မှတ်ပဲ စိမ်းပစ်လိုက်ရတဲ့ရက်စွဲတွေ
ဝါကျင့်ကျင့် ရက်စွဲအဟောင်းတွေ
လိမ္မော်ရောင်တောက်တောက် အမုန်းတွေ
အနီရောင်ဒေါသတွေ..
ဒါတွေဟာ...
တကယ်တော့ ရှိသင့်နေခဲ့တဲ့ အရောင်လှလှတွေ
ခုတော့
ကိုယ့်မှာ
အဖြူရောင်တစ်ခုတည်းနဲ့
သက်တံလုပ်ပစ်လိုက်ရတာ
လွမ်းမောချင်စရာ ..း))

မိုးစဲနေ said...

ဖတ်ရတာကြေကွဲစရာ နောက်ပြန်တွေ့ဖြစ်သေးလား.ဆရာမရဲ့ကောင်လေးကို.အဲ့လိုတွေးနေမိတယ်..

ကိုလူထွေး said...

မာအိန္ဒြိက အင်ဂျင်နီယာလား...

နံရံပေါ်မှာ ရေးသွားတဲ့စာကရော တကယ်ဖြစ်ခဲ့တာလား...

တကယ်ဆိုရင်တော့ တကယ်ဆိုးတာပဲ...


(ဟိုတနေ့က ပိုစ့်မှာ နောက်ပြောင်ခြင်းနဲ့ လှောင်ပြောင်ခြင်းကို ခွဲခြားမြင်ပေးတဲ့အတွက် ကျေးဇူးပါ အိန္ဒြာရေ...)

ဖိုးစိန် said...

ရောင်စုံသက်တန့်လေးရဲ့
အိပ်မက်တစ်ခုကို လာရောက်မက်သွားပါတယ်..
အိပ်မက်မှာ ရောင်စုံသက်တန့်စီးပြီး
ထပ်ခါထပ်ခါ လွမ်းသွားပါတယ်...

ချစ်ခင်လေးစားခြင်းများစွာဖြင့်

မျောက်မျောက်

ဒဏ္ဍာရီ said...

မမရဲ့ ၀ထ္ထုလေးကို လာဖတ်သွားပါတယ်။ မညိုပြောတာ မှန်တယ်နော် မမ။

"အသက် ဆယ်နှစ်တုန်းက အပြုအမူ အတွေးအခေါ်တွေဟာ ၊ အသက်နှစ်ဆယ်က ပြန်ကြည့်ရင် သိပ်ရယ်စရာ ကောင်းနေ သလိုမျိုး ၊ အခု အသက်အရွယ်က ဖီလင်တွေက အသက်သုံးဆယ် အရွယ်ရောက်ရင် ဟားချင်စရာကြီးဖြစ်နေမှာ .." အဟုတ်ကို အဲလို ဖြစ်လာမှာပဲ မမရယ်...

ဒါပေမယ့် တခါတလေ လမ်းမှာ ခလုပ်တိုက်လိုက်မိတဲ့ ဒဏ်ရာဟာ တစ်သက်လုံး အမာရွတ် ကျန်ခဲ့တာမျိုးလည်း ဖြစ်နိုင်မယ် ထင်တယ်နော်။ ဒီဝထ္ထုလေးကို ဖတ်ပြီး ညီမရဲ့ အတွေးလေးပါ မမ။

စာအရေးအသား ကောင်းတဲ့ မမစာတွေကို အမြဲအားပေး နေပါတယ်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Kay said...

ဟေး.. ၀တ္တုက..မိုက်တယ်။ ၉၈ က..ရေးခဲ့တာ..ဒီလောက် တောင် ဆိုတော့..၂၀၀၉ မှာ.. ရေးတာတွေကို စိတ်ဝင်စားသွားပြီ.. အင်း..ဒါပေမဲ့လည်း ဖန်တီးမူက..တခါတခါ.. အချိန် ရင့်မူနဲ့လဲ သိပ်မဆိုင်လှပါဘူး။

HAPPY CLOUD said...

မိုက်ပါပေ့..။
ဖတ်ပြီးတော့ ရေလည်ကြွေရုံတင်မကဘူး။ ရေအောက်အထိတောင် ကြွေသွားတယ်။ တွေ့တွေ့ချင်း မညိုကြည့်မရတာလည်း ဟုတ်လောက်မှာပါ။ အရင်တုန်းကတည်းက အလှမက်တာကိုးး...။ အခုဒီလောက်လန်းတာ မဆန်းဘူးပေါ့လေ :D ။

အားကြီးခင်တဲ့
မိုးမောင်

Mogok Thar said...

သက်တန်အိမ်မက် တဲ့လား

ရောင်စုံသက်တန် တွေက လူ့အမြင်အာရုံနဲ့ စိတ်ကို အမျိုးမျိုး ဖမ်းစားတတ်တယ်နော်။

အဲဒီရောင်စုံသက်တန်ကို တကယ်အဟုတ်မှတ်ပြီး လိုက်ဖမ်းဆုတ်ဖို့ ကြိုးစားမိလောက်အောင် ငြို့ငင် ခံရဲ့အခါ ဘေးမှာ မညို လို အမုန်းခဲ အမှန်ပြောတဲ့ မိတ်ဆွေကောင်းတွေ ရှိနေဖို့ သိပ်လိုအပ်တယ်။

“ဘ၀ဆိုတာ အိပ်မက်နှင့် ရောစပ်ချုပ်သီထားသော ၀တ်စုံတစ်စုံ” တဲ့။

ကျွန်တော့အိပ်မက်တွေက အရောင်စုံလွန်းလေတော့ ကျွန်တော့်ဝတ်စုံဟာလဲ သက်တန်လို အရောင်စုံ လှပနေသလား။ ဒါမှမဟုတ် အဖာအထေးဗရပွနဲ့ ရောင်စုံအရူး ၀တ်စုံ ဖြစ်နေမလား...


ချစ်ခင်လေးစားလျက်

ကိုရင်နော်ခင်လေးငယ် said...

အိန္ဒြာဆိုတာ အခုမှ စာစရေးနေတဲ့ ဘလော့ဂါလို့ ထင်နေတာ ဘယ်လာဟုတ်ရမှာလဲနော်.. အချိန်တော်တော်ကြာကကို စာနယ်ဇင်းတွေ မဂ္ဂဇင်းတွေမှာ ကဗျာတွေ.. စာတွေ ပါနေခဲ့တာကိုး...
(မသိသလိုလိုနဲ့ ရူးချင်ယောင်ဆောင်ပြီး သက်သက်ကြီးကို ပြောသွားတယ်) :P

ဒီဝတ္ထုလေးက လွင့်လွင့်ယိမ်းယိမ်းလေး.. (မအိန္ဒြာ သုံးတတ်တဲ့ စကားလုံးမျိုး)

ကြိုက်..

ချစ်ခင်စွာ

pandora said...

တကယ့်အဖြစ်လားလို့ ထင်ရအောင် ပျော်ဝင်ခံစားထားတဲ့ စာလှလှလေး..
ကြိုက်တယ်။

လင်းဒီပ said...

ဒီပိုစ့်လေးဖတ်လိုက်တော့ ဆိုဒ်ထဲမှာ နေရတဲ့အချိန်လေးတွေ ပြန်သတိရတယ်...။

အစ်မ ကျွန်တော့်ကိုတော့ ဘယ်ပန်းရံကောင်မလေး တစ်ယောက်တစ်လေကမှ နံရံမှာ စာမရေးခဲ့ဘူးဖူးဗျ...ဟီး။:P

အမရာ said...

ဇာတ်လမ်းလေးကောင်းလိုက်တာ...

Nan said...

ရေးထားတဲ့ရသကောင်းပါတယ်
ကဗျာတွေပိုကြိုက်တယ်

သိင်္ဂါကျော် said...

တိမ်းညွှတ်လွယ်တဲ့ မိန်းကလေးတွေက သက်တန့် အိပ်မက်ကို မက်ချင်ကြတယ် လေ..
ခဏကြာတော့လည်း မေ့ပျောက်သွားမှာပါ။

ဇာတ်လမ်းအနေနဲ့ စဉ်းစားရင်တော့ ဆက်လို့ ရသေးတဲ့ ဇာတ်လမ်းလေးပဲနော်...

အိပ်မက်ရှင် said...

“ချစ်တယ်” လို့ ဖွင့်ဟပြောခွင့်ရလိုက်ပေမယ့်
“အဖြေ” ဆိုတဲ့ ရလာဒ်ကို သိခွင့်မရှိလိုက်တဲ့ သူတွေ ...
အချစ်ဆိုတာကို ဖော်ပြခွင့်ရလိုက်ပေမယ့်
တုံ့ပြန်မှုဆိုတဲ့ ရောင်ပြန်ဟပ်မှုကို ခံယူခွင့်မရှိကြတဲ့ သူတွေ ... သူတွေ
ဒီလို လူတွေ ဒီကမ္ဘာမှာ ဘယ်လောက်များ ရှိနေခဲ့ကြပြီလဲ မကြီးရယ် ... ။
သူတို့တွေအတွက် သက်တန့်ရောင်စုံက ကိုယ်စားပြုနေနိုင်ပါ့မလား ...
ကျွန်တော် တွေးမိတယ် ...
တကယ်ဆို မိန်းကလေးဘက် စိတ်လှုပ်ရှား စိတ်ကစားခဲ့မှုတစ်ခုဆိုတာ မှန်ပေမယ့်
ကယိမ်းကပါးနဲ့ ကွယ်ပျောက်ခြွေချ ပစ်လိုက်ရတဲ့ ကောင်လေးရဲ့အချစ်ကိုတော့
ခဏတာအချိန်ကလေးမှာ ဖြစ်ပေါ်လာတတ်တဲ့
သက်တန့်ရောင်စုံတစ်ခုထက် ပိုပြီး အလေးအနက်ထား အသိအမှတ်ပြုသင့်တယ်လို့ (ကောင်လေးဘက်မှလိုက်ပါ) ယူဆမိပါကြောင်း ... ။

[မကြီးရဲ့ ထွန်ယက်စိုက်ပျိုးနေတဲ့ မြေယာလေးရဲ့ နှစ်ပတ်လည်အခမ်းအနားအတွက် အထူးဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနဲ့ စိတ်ရောလူပါ အားစိုက်ထုတ်ပြီး အပင်ပန်းခံစိုက်ပျိုးထားရှိတဲ့ အသီးအနှံ အဖူးအပွင့်တို့ ဝေဆာပွင့်လန်းလို့ ထာဝရလန်းဆန်းနေပါစေကြောင်း ဆုမွန်ကောင်းတောင်း ဆန္ဒပြုမိပါတယ် မကြီးခင်ဗျား ...]

ခင်မင်လေးစားမှု ကုဋေကုဋာဖြင့်
အိပ်မက်ရှင်