January 19, 2010

ကမာဖြုတ်တဲ့ လက်

စာလာဖတ်တဲ့ ပရိတ်သတ်တွေလည်း အိန္ဒြာ့ဘလော့ကို ပျင်းရိစပြုနေလောက်ပါပြီ။
စာအသစ်တွေ မရေးနိုင် အရေးကျဲလွန်း၊ရေးဖြစ်တာလည်း စိတ်တိုင်းမကျ
အဆုံးမသတ်တွေရှိနေတဲ့အပြင်
ရှိပြီးသားအဟောင်းတွေတောင်မပတ်ဘလစ်ရှ်နိုင်တော့
ဘလော့က
ခြောက်သယောင်းယောင်းနိုင်လာသလိုဖြစ်လာပါတယ်.။

အခုတော့ ဟိုးးးး
ချာတိတ်တုန်းက ကဗျာတစ်ပုဒ်ကိုပြန်တင်ပြီး နည်းနည်းပွားမယ်လို့ စိတ်ကူးထားပါတယ်.။


ကိုယ်တို့ချာတိတ်၉တန်း ၁၀ တန်းစာရူးပေရူးကာလမှာ စာပေကိုအလေးထားတဲ့ ကလောင်သစ်တွေ မွေးထုတ်ပေးတဲ့ မဂ္ဂဇင်းတွေ တအားများပါတယ်..။
ရွေသမင် စာဥယာဉ်ကဏ္ဍ ၊ ပန်းဝေသီ ပန်းနုသစ်သီကဏ္ဍ ၊ ချယ်ရီ ဖူးပွင့်ချယ်ရီကဏ္ဍ စသဖြင့် တော်တော်များများရှိခဲ့ပါတယ်.။
ဘယ်ပြောကောင်းမလည်း အိန္ဒြာတို့ ၉ တန်း အရေးအခင်းကျောင်းပိတ်ရက်ကလည်းကြုံ
စာပိုးကလည်း အရေးပေါ်အခြေအနေလောက်ကိုဆိုးရွားနေခဲ့လေတော့
ရေးလိုက်တာ ပလူပျံနေပါတယ်..။ ကလောင်နာမည်တွေလည်းပေးလိုက်တာမှ စုံနေတာပါပဲ။

ကလျာမဂ္ဂဇင်းကဆို မရွေးချယ်တဲ့စာမူတွေ ပြန်လိုချင်ခဲ့ရင် တံဆိပ်ခေါင်းအပိုထည့်ပေးပါလို့
ပြောထားတဲ့ အတွက် တံဆိပ်ခေါင်းအမြဲထည့်ပေးပါတယ်.။

စာမူကိုအသုံးပြုခြင်းမရှိလို့ပြန်လည်ပေးပို့ပါသည်လို့ရေးထားတဲ့လက်ရေးဟာ.
ဆရာမဒေါ်ကလျာကိုယ်တိုင်ရဲ့လက်ရေးလားဆရာမမမိုးမြေရဲ့လက်ရေးများလား..
စသဖြင့်တွေးကြည့်မိပြီး..
မရွေးပါဘူးဆိုတဲ့စာလေးကိုတောင်
အရိပ်တကြည့်တယုတယဖြစ်နေမိအောင်ရူးမိခဲ့တာပါ..။


နောက်ဆယ်တန်းအောင်စာရင်းနဲ့မရှေးမနှောင်း
ရွှေသမင်ကနေ ၀တ္ထုတိုလေးတစ်ပုဒ်အရွေးခံရပါတယ်.။

ဝတ္ထုနာမည်က "ဆုံခွင့်ဝေးကွာမမမျှော်သာလည်း ရော်ရည်မှန်းဆနောက်ဘ၀တွင်" တဲ့
(..အိန္ဒြာတို့က အဲလောက်ကဗျာဆန်တာပါ)။
ဆရာကြီးလင်းယုန်မောင်မောင်ရဲ့မှတ်ချက်တွေနဲ့ ဒီဝတ္ထုလေးကိုရွေးချယ်လိုက်ပါတယ်ဆိုတော့
့(မှတ်ချက်တွေတော့ ပြောမပြတော့ဘူးနော် ကြွားရာကျတော့မယ်)

ဆယ်တန်းအောင်စာရင်းထွက်တုန်းကထက်ပိုပျော်တယ်ဆိုရင်ပိုသလိုဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်..။
တွေ့သမျှလူလည်းကုန်သလောက်နီးပါးပါပဲစကားစပ်တိုင်းစကားစပ်စပ်မစပ်စပ်စပ်ပြီးကြွားပါတယ်.။
နောက်လပါမယ်ဆိုတာ သိပ်ကြာလွန်းနေပါတယ်..။
မဂ္ဂဇင်းထဲကအဲဒီ့စာမျက်နှာနေရာလေးကိုဖြတ်ဒိုင်ယာယီရေးထဲမှာကပ်တာလောက်က
ခပ်ပါးပါးလေး ရူးတာလောက်ပါ။
နောက်လပါမယ်ပေါ့..နောက်လကျရင် ငါရေးတဲ့စာကို စာမျက်နှာပေါ်မှာ မြင်ရတော့မယ်.
အဲဒီ့ရင်ခုန်သံက တော်တော်ဆိုးဆိုးရွားရွားနိုင်ပါတယ်။
နောက်လကျ အကြောင်းတစ်စုံတစ်ရာကြောင့်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ကိုယ့်စာမူမပါပဲ
တစ်ခြားစာမူတစ်ခု အစားထိုးပါသွားခဲ့ပါတယ်..။

လူက အူကြောင်ကြောင်ဖြစ်သွားပါတယ်။ ၀မ်းနည်းသလို စိတ်မကောင်းသလိုလို စိတ်နာသလိုလို ဘာမှန်းမသိပဲ..မဂ္ဂဇင်းတွေကို စာမူမပို့ပဲနေမိပါတော့တယ်..။
နောက်တော့ တစ်ကိုယ်တော်ကျဲပါတော့တယ် ။
ဖယောင်းလှိမ့်ကဗျာစာအုပ်တို့ နံရံကပ်ပိုစတာကဗျာတို့၊မောင်မယ်သစ်လွင်အာစရိယပူဇော်ပွဲဖိတ်စာကဗျာတွေကအစ
နောက်ဆုံး လွပ်လပ်ရေးနေ့ဘာနေ့ညာနေ့တွေအထိကဗျာတွေ ၀င်ရေး ၀င်ပြိုင်ပစ်လိုက်ပါတယ်.။

နောက်တော့ မနေနိုင်ပြန်ပါဘူး
(အမေအိက (ကဗျာဆရာမကြီးမအိ) က အတင်းတိုက်တွန်းတာလည်းပါပါတယ်)

ချယ်ရီမဂ္ဂဇင်းကို ပို့ဖြစ်ပါတယ်..။ နောက် နည်းနည်းကြာတော့ ချယ်ရီပဲထပ်ပို့ဖြစ်ပါတယ်..။ နောက်နည်းနည်းကြာတော့လည်း ချယ်ရီ၊ နောက်လည်းချယ်ရီ
အဲဒီ့မှာ အိန္ဒြာက သူများထက်ထူးဆန်းသွားပါတော့တယ်.
ဖူးပွင့်ချယ်ရီမှာ ၄ ခါ တိတိ ဖူးပွင့်ရပါတော့တယ်..။
စိတ်ရမှ တစ်ခါ ထထပို့သလိုဖြစ်နေတော့ အယ်ဒီတာတွေမမှတ်မိတော့တာဖြစ်နိုင်ပါတယ်.


၁။ အစ္ဇျတ္တ၀ိရောဓိ

၂။ကမာဖြုတ်တဲ့ လက်
၃။အစားထိုးကုသခြင်း(၀တ္ထုတို)
၎။အချစ် ၆ နှစ်ပြည့်
ဆိုတာတွေနဲ့ဖူးပွင့်ခဲ့ရတာပါ။


အဲဒီ့အထဲက ကွန်ပြူတာရိုက်ယူလာဖြစ်တဲ့ ကဗျာလေးတစ်ပုဒ်ကို တင်ပြပေးလိုက်ပါတယ်.။
ငယ်မူငယ်သွေးလက်ရာလေးတစ်ခုပေါ့လေ။

ကမာငုတ်ပြီးအသက်မွေးရတဲ့ ချစ်သူကောင်လေးအချိန်တန်ပေမယ့် ပြန်ရောက်မလာတော့တာကို
ကမ်းစပ်ကနေ မျှော်နေတဲ့ ချစ်သူကောင်မလေးရဲ့အတွေးတွေနဲ့ ချရေးဖြစ်ခဲ့ပါတယ်..။
ဘယ်လိုရလာတဲ့ ဖီလင်မှန်းလည်းမသိပါဘူး။

++++++++++++++++++++++++++++++++

ကမာဖြုတ်တဲ့.......လက်


လ ကို
အလုံးလိုက်
ပင်လယ်ထဲပစ်ချထားတဲ့ ည

လှိုင်းတွေက လကို ဆင့်ဆင့်ပြီးတော့ချော့
လေတွေက လကို ကျော့ကျော့ပြီးတော့ နမ်း
လှေလေးလား
လှိုင်းပေါ်မှာ ပက်လက်လှန်နေပေမယ့်
လှော်တက်လား
လှေပေါ် မှာ ၀မ်းလျှားမှောက်နေပေမယ့်
အဲသည်က အနူးညံ့ဆုံး တော်လဲနေသံတွေ.......

သူတို့ချင်းပြတ်စဲထားတဲ့ မျက်ခွံ နှစ်ခုကြား
ဟောသည့် ပင်လယ်ကြီးတစ်ခုလုံး
ကျုံ့ကျုံ့ပြီး ငုံ့ဝင်လိုက်သလိုမျိုး
ဥတုသုံးပါးစလုံးနဲ့ ၀ုန်းဒိုင်းဆန် လို့ပေါ့.....
ငါ့နှလုံးအိမ်ကွေ့ရဲ့ အညှိုးနွမ်းဆုံးရပ်ဝန်းမှာ
အလွမ်းတွေ...အတုံးအရုံးမျောပေါ့လေ.......။

ကောင်လေးရေ.....
ဟောသည့်မှာ
သုံးခွက်တစ်ခွက်တင်ကျိုထားတဲ့ အချစ်ရဲ့ပဉ္စငါးပါးပါကွယ့်
လှမ်းမျှော်ကြည့်လှည့်ဦး
ငါ့မျက်ဝန်းရဲ့အနက်ဆုံးမှာလည်း
ပုလဲလုံးတွေ.....ဖွေးလို့.......။ ။


အိန္ဒြာ

13 comments:

မယ့်ကိုး said...

ပါရမီရှင်လေး မကို ငယ်စဉ်ကတော့ သူတကာတွေ အထပ်ထပ်ချီးကျူးပြီးသားမို့ မယ်တော့ ဘယ်လို အမွှန်းတင်ရယ်တောင် စဉ်းစားလို့ မရဘူး ...

ငယ်နုစဉ်တည်း က လှခဲ့တဲ့ လက်ရေး ဟာ ကြယ်ကလေးအဖြစ် တောက်ရွှန်းလဲ့နေ။

ဇွန်မိုးစက် said...

သြော်..မရဲ့ ငယ်မူငယ်သွေးလက်ရာတစ်ခုတဲ့။ စာဖွဲ့တွေ ကောင်းလိုက်တာ။

“သူတို့ချင်းပြတ်စဲထားတဲ့ မျက်ခွံနှစ်ခုကြား
.....
.....
.....
.....
အလွမ်းတွေ အတုံးအရုံးမျော..

ငါ့မျက်ဝန်းရဲ့ အနက်ဆုံးမှာလည်း
ပုလဲလုံးတွေ..ဖွေးလို့...”

ကြိုက်တယ် မရေ။

ဇွန်ကတော့ ကဗျာပါရမီ မပါဘူးရယ်း(

အိုင်လွယ်ပန် said...

ငယ်ငယ်တုန်းက လက်ကို ကြည့်ပြီးလန့်သွားပါတယ် ..။
စာမြည်းထဲ့ ထားတဲ့ ခံစားချက်ရဲ့ အပြင်ဘက်ကနေ
ထွက်ပြီး တစ်ခါပြန်စဉ်စားကြည့်တယ် ..။
နှစ်သက်မိတဲ့ ကဗျာတစ်ပုဒ်ပါပဲ အစ်မ ..။

Anonymous said...
This comment has been removed by the author.
Anonymous said...

ငယ်လက်ရာပေလို့ပဲ..
ကောင်းတယ်ဗျာ...
ဖတ်ရတာ ဘာကြောင့်မှန်းမသိ ၀မ်းမနည်းမိဘဲ
အဲ့သည့် ကဗျာထဲကကောင်မလေးကို ပိုစိတ်ဝင်စားနေမိတယ်။
ကောင်လေးကလည်းကွာ .. ။
ပင်လယ်ကြီးမတရားပါ။

tin min htet said...

အရင်တခါ တဂ်ထားဖူးတဲ့ ပထမကဗျာ အတွက် ရေးပေးတယ် သဘောထားပြီး ငယ်လက်ရာလေးကို ဖတ်သွားပါတယ်။

ATN said...

ကောင်းလိုက်ချက်ကွယ်...

အလွမ်းတွေ အတုံးအရုံးမျော... သတဲ့လား....

Unknown said...

သူမျာတွေမန့်သွားသလိုပါပဲ။ နုစဉ်ကလက်ရာတဲ့လား။ ခံစားပြီး ကောင်းလိုက်တာလို့ ပြောမိတယ်။ ကမာငုတ်တဲ့သူကို ပုလဲတွေခနေတဲ့အကြောင်း တိုင်တည်တာ အရမ်းခိုက်တယ်။ ပုလဲတွေဖွေးနေတဲ့ကောင်မလေး ချစ်သူယူလာတဲ့ ပုလဲပုတီးလေး ဆွဲရပါစေဗျာ။

MANORHARY said...

ပုလဲဖြူဥတွေစီလို့တဲ့လား....
.......................

Moe Myint Tane said...

ငယ်ငယ်တုန်းက ရေးထားတဲ့ ကဗျာလေး လာဖတ်သွားတယ်။ နည်းနည်းငံနေတယ်နော်။ ဆားချက်တာ များနေလို့လား မသိဘူး။ဟဲ ဟဲ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ကိုရင်နော်ခင်လေးငယ် said...

မကြီးရေ...

ရူးပြီကွာ...ငယ်ငယ်တုန်းကပေဖို့ပဲ...
ကဗျာနဲ့ မွေးလာတဲ့ သမီးတစ်ယောက် အတွက်
ဖေဖေနဲ့ မေမေ့ အစား အတိုင်းမသိ ကြည်နူးမိရတယ်...

ချစ်တဲ့....
ခင်လေး

ရွှေ ယွန်း ဝါ said...

လှိုင်းတွေက လကို ဆင့်ဆင့်ပြီးတော့ချော့
လေတွေက လကို ကျော့ကျော့ပြီးတော့ နမ်း

ကောင်းလိုက်တာ စပ်ထားတာလေး။ ရင်ကိုထိစေတယ်။

အရုပ်ကလေး said...

ငယ်ငယ်က ရေးခဲ့တဲ့ကဗျာပေမယ့်
လေးနက်မှုအပြည့် ဖတ်ရသူ့စိတ်မှာ
တော်တော်လေးကို နှစ်သက်မိသွားတယ် မကြီး ..။

မောင်ငယ်လေး
idulize(အရုပ်ကလေး)