December 13, 2010

ဒီဇင်ဘာကို စောင့်နေခဲ့တဲ့ ပန်းချီ


ရွက်ကြမ်းရေကြိုလေးတောင် နှင်းမပါတော့တဲ့ ဒီဇင်ဘာ အ၀ါတွေ
စိတ်ဆန့်ရာ ခရီးအတိုင်း လိုက်လံ အုံ့ ပြာနေတတ်သော ကိုယ်ထူကိုယ်ထဒဏ်ရာများ
သိပ်မောလွန်းလို့ ဒီဇင်ဘာကို သွားလိုရာ သွားခွင့်ပြုလိုက်မိတဲ့ အထိ
အိပ်မက်တွေကို အလန့်တကြား လွှတ်ချမိခဲ့တယ်..

ကိုယ်စောင့်မနေချင်တော့ဘူး ဒီဇင်ဘာရယ်
ဒီရာသီမှာ ဘာပန်းတွေ ပွင့်တတ်သလဲတောင်မေ့လျော့
ဒီရာသီမှာ ဘာလက်ဆောင်တွေရတတ်ခဲ့ပါလိမ့်
ဒီရာသီမှာ လေပြည်တွေ စွာစွာရိုင်းရိုင်းရှိနေတတ်ခဲ့သေးသလား
ဒီရာသီမှာ အစိမ်းရောင်တွေ တဝေါဝေါ စီးဆင်းနေခဲ့တာကတော့ သေချာတယ်

ဒီဇင်ဘာ ပစ်ချလိုက်တဲ့ လက်ဆောင်ထုပ်က အနီရင့်ရောင်ပါ
ဒီလက်ဆောင်ထုပ်ထဲက မရေမတွက်နိုင်သော နောက်ထပ်လက်ဆောင်များ
အဲဒီ့လက်ဆောင်တွေကို ဖွင့်ဖေါက်နေချိန်လို
မှန်းဆရင်ခုန်ခြင်းဆိုတာ ဘ၀ကို ခပ်ဆတ်ဆတ် မောင်းနှင်နေတဲ့အရာတွေပါတဲ့..

ဘယ်တော့များ ကိုယ့်ကိုယ်ကို ပြန်မိမှာတဲ့လဲ
တကယ်ဆို ခေါင်းလောင်းသံတွေ ချိုလွင်သာယာယုံလောက်ပါ
တကယ်ဆို ကိုယ့်ကောင်းကင် ကြည်ပြာလင်းလဲ့ယုံလောက်ပါ
တကယ်ဆို ကိုယ့်ဥယျာဉ် နှင်းဆီဖူးပွင့်ယုံလောက်ပါ..

အဲဒီ့လိုနဲ့ပဲ......
ညိုမှောင်ခြောက်သွေ့ တကိုယ်ရည် စာအုပ်ထဲ
တိတ်တဆိတ် လောင်ကျွမ်းခြင်းဆေးသားရောင်စုံများ
ဒီဇင်ဘာရောက်တိုင်း...
ဒီဇင်ဘာကို စောင့်နေခဲ့တဲ့ ပန်းချီအကြောင်း
ကိုယ်တိုင် ကောက်ကြောင်း ဆွဲထားမိခဲ့ပေါ့။ ။


အိန္ဒြာ


အစ်မ မနော်ဟရီရဲ့ ဒီဇင်ဘာကို စောင့်နေခဲ့ဖူးတယ် ကဗျာလေးဆီကနေ စီးဆင်းလာခဲ့တဲ့ ခံစားချက်သက်သက် ကဗျာလေးတစ်ပုဒ်ပါ။

မမ မွေးနေ့အတွက် အမှတ်တရလေးအဖြစ်ပေါ့ ။
( ချစ်သော အစ်မ မနော်ဟရီ အတွက် အကောင်းဆုံးဆိုသော ဆုမွန်များစွာဖြင့်..)

5 comments:

emayarKhin said...

Lovely Poem for Lovely Sis...:)

win latt said...

မင်္ဂလာပါ အမ
ဗီအိုအေ ဘလော့ဂါမှ တဆင့်လာလည်ပါတယ်။
သုခရိပ်မြုံကို ကျွန်တော်တို့ကလဲ ဝေမျှခံစားခဲ့ပါတယ်..။

ငြိမ်းစိုးဦး said...

ဒီလိုပဲ စောင့်ဆိုင်းနေကြရတာပါ ။ အချိန်၊နေရာ ကွာခြားမှုတွေ ရှိမှာပါ။ အမှတ်တရတွေကလည်း မတူနိုင်ဘူး မဟုတ်လား ။ ပျော်ရွှင်ချမ်းမြေ့ပါစေ ...
ငြိမ်းစိုးဦး
nyeinsoeoo.multiply.com

MANORHARY said...

အမှတ်တရများစွာအတွက်
ကျေးဇူး ................

အိပ်မက်ရှင် said...

ဒီဇင်ဘာရောက်တိုင်း...
ဒီဇင်ဘာကို စောင့်နေခဲ့တဲ့ ပန်းချီအကြောင်း... ကျွန်တော်တို့ ဆန္ဒတွေနဲ့ ကောက်ကြောင်း ဆွဲပါရစေလား။

(ဟက်ပီဘတ်ဒေးပါ အစ်မမနော်ရေ၊ မွေးနေ့သမယမှာ ချမ်းမြေ့ပျော်ရွှင်လို့ အရာရာ ပြီးပြည့်စုံပါစေ)

ခင်မင်လေးစားမှုများဖြင့်
အိပ်မက်ရှင်