December 30, 2010

၂၀၁၀ မွေးနေ့ လက်ဆောင် ကဗျာ

ဒီနှစ်မွေးနေ့ကိုတော့ ရင်ခုန်ကြည်မွေ့သွားမိပါတယ်..။
မွေးနေ့ ဆုတောင်းကို တကူးတကနံရံပေါ်အထိလာရေးထိုးပေးကြတဲ့၊ SMS တွေ ပို့ ဖုန်းတွေဆက်ပြီး ဆုတောင်း ပေးကြတဲ့ မိတ်ဆွေ မောင်နှမ ညီအစ်မ သူငယ်ချင်း တူတူမ အား.လုံး လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် မိပါကြောင်း ရင်ထဲ စိတ်ထဲမှာ အနက်ရှိုင်းဆုံးမှတ်တမ်းတင်ထား လိုက်မိပါတယ်။
တကယ့်ကို ကြည်နူးစရာ နွေးထွေးနူးညံ့တဲ့ ဆက်သွယ်မှုလေးတစ်ခုပါပဲ ၊မမြင်မတွေ့နိုင် တဲ့ အရပ်က မေတ္တာတွေ စီးဆင်း ၀င်ရောက်လာပုံက ဆန်းကျယ်သလောက်သိမ်မွေ့လွန်းပါတယ်။
ချစ်ခင်ရတဲ့ မမြင်မတွေ့ဖူးသော မြင်တွေ့ဖူးသော မိတ်ဆွေ သင်္ဂဟအားလုံး နှစ်သစ်မှာ

""" စိတ်နဲ့ကိုယ်တစ်ထပ်တည်းကျလို့ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ.။"""



++++++++++++++++++++++++++++++++++++++++++++++++++++++++
မမ ပေးတဲ့ လက်ဆောင်ပါ ၂၀၁၀ မှာ အဲလို ထပ်တူထပ်မျှ ခံစားမိခဲ့ရပါတယ်..။ မမရေ...အရမ်းကျေးဇူးတင်ပါတယ်.။
++++++++++++++++++++++++++++++++++++++++++++++++++++++++


၂၀၁၀



ကိုယ့်စိတ်ကိုယ်ပြန်မြင်ကြည့်လိုက်တော့ မျက်ရည်စက်လက်နဲ့ ကြည့်လို့မကောင်းဘူး

သုံးချက်ခေါက်လိုက်တဲ့ တုံးမောင်းသံက ခေတ်ဟောင်းအဖြူအမည်းကား နည်းနည်းဆန်တယ်

အဲဒီ ၂၀၁၀ တေးသွားက အဆုံးမှာတောင် မလိုအပ်ပဲ တယောသံခပ်များများနဲ့ .. အီဆွဲနေလိုက်တာ

ပြုတ်ကျအောင် ဖြုတ်မချနိုင်ခဲ့တဲ့ အဲဒီ ဂီတက ရင်နင့်မကျန်ခဲ့တာ ဆန်းသလား ………..



ဒီမှာ ..ကျွန်မက အစွန်းနည်းနည်းရောက်ပြီး .. အဲဒီအစွန်းက ချောက်ကမ်းပါး နည်းနည်း ဆန်တယ် ..

လေနည်းနည်းထန်ပြီး .. အန္တရယ်တွေကိုလည်း ဟန်ကျပန်ကျ ချစ်တတ်တယ် … ဟန်ဆောင်ပန်ဆောင်

ကိုယ့်အတွက် တိတိပပညွှန်းထားတဲ့ ဇာတ်ညွှန်းကျကာမှ စကားလုံးတွေကလာကျွမ်းနေတာ မခက်ဘူးလား

ကတ် …. ကနဲ ဖြတ်ချလိုက်ရမယ့် ဒါရိုက်တာ .. ခင်ဗျား ဘယ်ရောက်နေပြန်တာလဲ …



တစ်နေ့တစ်နေ့ ကောင်းကင်ဆန်ပြရတာ မောပန်းပြာနှမ်း လာတယ် ( မြက်ခင်းစိမ်းစိမ်းတွေမှာက လူတွေအပြည့်နဲ့ )

မြေပေါ်မှာ လဲလျောင်းခွင့်ရနေရင် ဒိထက်ပို ပြုတ်ကျစရာ ဒါဏ်ရာရစရာ ဘယ်မှာရှိတော့မလဲ …

သာသာယာယာရှိနေတဲ့ မြစ်ကမ်းအရောက်မှာမှ ကမ်းပါးထိပ်က ခုန်ချပစ်လိုက်ရတဲ့ ဇာတ်ညွှန်း ..

တဆိတ်တော့ .. လွန်လွန်းနေပြီ …ထင်တယ်



ကိုယ့်ကိုယ်ကို စိတ်ရှည်လက်ရှည် မှတ်လောက်သားလောက်အောင် ဒါဏ်ခတ်မှ ဖြစ်တော့မယ်

ကိုယ့်ကိုယ်ကို ဆုံးမရတာ ဘယ်လောက်ခက်ခဲပင်ပမ်းတယ်ဆိုတာ ခင်ဗျားလည်း သိတာပဲ ..

ကိုယ့်ခေါင်းကိုယ် ဘယ်အတိုင်းအတာထိ မာရေကြောရေ ရှိတယ် ဆိုတာလည်း ကိုယ်တိုင်ပဲသိတာ..

ကိုယ့်နားထင် ကိုယ်သေနတ်နဲ့ ထောက်ပြီးကာမှ ပစ်ရခက်နေတတ်တာကလည်း သဘာဝပဲမဟုတ်လား …



တကယ်ဆို အဲဒီလို ပြန်မြင်ကြည့်ဖို့ မရည်ရွယ်ပါဘူး … ကိုယ့်ဇာတ်ရုပ်လည်း ကိုယ်သိနေလျက်နဲ့ အပိုတွေ ..

ကျိမ်စာတွေ ဗလုံးဗထွေးနဲ့ ဝေးပြီးရင်း ဝေးနေရတဲ့ နံနက်ခင်းတွေက အဓိက ဇာတ်ကွက်လို ထပ်ထပ်လာ

ခုကျမှတော့ ဆေးစပ်လည်းမှား အရောင်လည်း မမှန်တဲ့အကြောင်း ဘာကြောင့်ချူပ်ကြောင်းထပ်ပြောနေမလဲ

အဲဒီလို လွင့်မျောရမယ်မှန်းသိရင် အစတည်းက မိုးတိမ်တစ်ခုအဖြစ်ပဲ ရွာချပစ်ဖို့ ကြိုးစားခဲ့လိုက်ပါတယ် ..


မနော်ဟရီ

3 comments:

Anonymous said...

yes. bravo!
Triple Happy Birthday!!!
Thnx to T Nor for this poem
^_^

သိင်္ဂါကျော် said...

Happy Birthday!!!!!
Happy New Year to you...

ညိမ်းနိုင် said...

ပျော်ရွင်ဖွယ် မွေးနေ့ဖြစ်ပါစေ အစ်မရေ...။
ဘယ်လိုကျော်သွားလဲမသိ...ခုမှ ဖတ်ဖြစ်လို့....မွေးနေ့ဆုတောင်းကနဲနဲတော့နောက်ကျသွား
တယ်....:)