February 7, 2009

နှင်းဆီတင်..ရထား


အမေလိုချစ်ရတဲ့ ဆရာမကြီးမအိရဲ့ကဗျာလေးပါ..။
ရုပ်ရှင်အမြုတေမှာ ဒီနာမည်နဲ့ပဲအခန်းဆက်ဝတ္ထုရှည်ရေးသားခဲ့ပြီးအခုလုံးချင်းထွက်ထားပါတယ်.။

ဆောင်းပါးတွေမှာကြည်အေးခေတ်ရှိသလိုမအိခေတ်ရှိတယ်လို့ပြောကြရေးကြပါတယ်.။
အခုကဗျာလေးဖတ်ကြည့်ရင်တောင်သိနိုင်လောက်ပါပြီ။
အကြောင်းကြောင်းကြောင့် ၁၂နှစ်လောက်ပျောက်သွားခဲ့ပြီး..

ဘ၀တစ်လျှောက်လုံး..စာရေးခြင်းတစ်ခုတည်းနဲ့အသက်မွေးခဲ့ အသက်မွေးနေပါတယ် ။
အမေအိက သူ့ကဗျာခေါင်းစဉ်လေးတွေနဲ့ ၀တ္ထုတိုလေးတွေပါရေးတတ်ပါတယ်..
အိန္ဒြာကတော့ ကဗျာတွေပိုကြိုက်တယ်လို့အမြဲပြောပြောနေပေမယ့် ပြောတိုင်းလည်း

ဝတ္ထုတွေလဲကောင်းတာပါပဲလို့ အပိတ်စကားလေးပါထည့်ထည့်ပြောဖြစ်ခဲ့ပါတယ်.။
တကယ်တော့ ကိုယ်က ကဗျာ..ဆို..(ဒိုးလုံးစကားငှားပြောရရင်..) အရိုးထိအောင်ရူးနေခဲ့တာကိုး......
(ပုံလေးက အမေအိ စာအုပ်မျက်နှာဖုံးပုံလေးဖြစ်ပြီး..ဒီဇိုင်းကိုဖြူမွန်ကရေးဆွဲထားပါတယ်..။ )

နှင်းဆီတင်ရထား

အရုဏ်သို့ချဉ်း
နှင်းခမျက်တောင်
ငွေရောင်ပိတ်ဖုံး
အရှေ့တစ်ခွင်လုံးမှိုင်း
မြူတံတိုင်းကာဆီး
မေလည်း...ခရီးသည်..။

ပြတင်းဝမှာ ပန်ပါ့နှင်းဆီ
မခွဲမီလွမ်း၊ ရှိုက်နမ်းမွှေးမြ
ထုံးနှောင်လွှဝယ်.၊ကြွရွဖြူလွင်
မကြွေခင်တော့ ပြန်ခဲ့မယ်..။

နှင်းတွေနဲ့ ဖိ
မေ့ပေါ် အိကျ
မောလျ ဖိုလှိုက်
နှင်းနံ့တစ်ရှိုက်...... ပန်းတစ်ရှိုက်လေ..။

ရှေ့နောက်ဝဲယာ၊ မမြင်သာဘူး ရပ်ရှစ်မျက်နှာ
မြူမွေ့ယာခင်း၊ နှင်းတို့ပျော်ပါး..
အကစားမက် ၊ဝှေ့ယမ်းနှုတ်ဆက်
အလွမ်းလက်ကလေး...
ဝေး...ဝေး...ဝေး....သွား..။

တဖြည်းဖြည်းချင်း
အလင်း တောက်ပ
မြူငွေ့ပါးလျ
ရထားအထွက်
မေ့ မျက်ဝန်းထဲ
နှင်း.. ဝေဆဲကွယ်။

မအိ



(အလွမ်းလက်လေး...ဝေး ဝေး..ဝေး..သွား...၊ အမေအိ..ရေ မကြွေခင်တော့ ပြန်ခဲ့မယ်...)

7 comments:

Anonymous said...

ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး.. အရမ်းကောင်းတယ်... စာလုံးတိုင်းက လှတယ်၊ ရိုးတယ်၊ ကာရန်ညီတယ်၊ သုံးနှုန်းတင်စားထားတာလေးတွေ ထိတယ်.. တကယ်ကောင်းတဲ့ကဗျာတစ်ပုဒ်ပဲ.. စာအုပ်လေးကိုတော့ ဖတ်ချင်လိုက်တာဗျာ...

Moe Cho Thinn said...

အမ မအိ ကဗျာလေးတွေက လှဆဲ လှမြဲ။
မျက်ဝန်းထဲမှာ နှင်းတွေ ဝေသတဲ့လား။ သူမို့ စပ်တတ်တယ်..
ကျေးဇူး ညီမရေ..

ဆောင်းယွန်းလ said...

ကဗျာဆရာမ မအိရဲ့ကဗျာတွေကို မဖတ်ရတာ ကြာလှပြီ
ကော ညီမရေ..အခုလိုမျှဝေပေးတာ ကျေးဇူးအရမ်းတင်
ပါတယ် ညီမအိန္ဒြာရေ..
ကဗျာလေးက ကောင်းလိုက်တာ
အဲဒီထက် ဘာမှပိုမပြောတတ်တော့ဘူး...

အိုင်လွယ်ပန် said...

ကဗျာကောင်းလေးခံစားသွားတယ်အစ်မရေ ....

ညီဇေ said...

အစ်မရေ... ကဗျာလေးက လှလိုက်တာ..။ ဒီကဗျာလေးအပေါ် အစ်မရဲ့ ခံစားမှုက ဘယ်လိုလဲ..။ အစ်မရဲ့ ကဗျာခံစားမှုဆောင်းပါးလေးတွေ ဖတ်ချင်လိုက်တာ..။ အခုတော့ လာပြီး ဒီကဗျာလေးအပေါ် အစ်မရဲ့ ခံစားမှုလေး စိတ်နဲ့ ဖတ်သွားပါတယ်..။ ဒီကဗျာကို ခံစားနိုင်ဖို့ ဘယ်နှစ်နှစ်လောက် ဖတ်နေရမလဲ မသိတော့ပါဘူး..။

Unknown said...

ကဗျာကရင်ထဲကို ငြိမ့်ပြီး စီးဆင်းသွားတယ်..။

Mhu Darye said...

လာဖတ်သွားပါတယ် အစ်မ...။