November 7, 2009

ဘဝက ညင်သာနူးညံ့တဲ့ မုန်တိုင်းတစ်ပုဒ်လို


ခဏတာအတွင်းမှာ လက်ကွက်တွေ ဆင့်ကာဆင့်ကာမှားနေတဲ့ ဂီတသမားလို
ဘဝကို ခပ်မှောင်မှောင် ရေးချယ်ပစ်လိုက်တာ အဘယ်နတ်ဒေဝတာပါလဲ ..

လမ်းပြနေတဲ့ ကြယ်တွေကို ခပ်ဝေးဝေး မောင်းထုတ်ပစ်လိုက်ပြီးကာမှ

လကွယ်ညတွေချည်း တရကြမ်းဖြတ်ကျော်ချင်နေမိ လမ်းကလည်း မရှိတော့ဘူး

(လမ်းဆိုတာက ကိုယ်တိုင်ဖော်စပ်လို့ရတဲ့အရာ .. ဆေးစပ်လည်းမှားနိုင်သလို
ဆေးခပ်လည်း ခံရနိုင်သေး ….)

*************************************************


လွင့်ကနဲ..ယိုင်ချင်လာချင်ခဲ့ရင်..အဲသည့်စိတ်နဲ့ခန္ဓာနှစ်ပါးစလုံးကို.
ဘာသာတယုတယ ထူမတ်ပစ်လိုက်မယ်.။
ကိုယ့်အတ္တတွေသာ ကိုယ့်အပေါ် မြဲမြဲမြံမြံ သစ္စာရှိစေတဲ့ခွန်အားပဲ..။
လူတွေဟာ..ကိုယ့်ကိုယ်ကိုထက်ဘယ်သူ့ကိုမှ ပိုမချစ်ကြဘူး.။
ဟုတ်လား ။သေချာသွားပြီလား.။
ဒီလမ်းဟာ..ကိုင်တိုင်ရေးစပ်ဖွဲ့ဆို သီကျုးတဲ့ ပန်းချီကားပဲ..။
မြင်လား..ကောက်ကွေ့ခြင်းမှာတောင်အနုပညာတွေကမှော်ရောင်လက်လို့..။
လမ်းသစ်တစ်စင်းပေါ်ခြေစမ်းချလိုက်တဲ့နေ့ဟာဘယ်လိုဆေးစပ်မျိုးနဲ့လှိုက်လှဲစရာကောင်းနေမလဲ..
ဘယ်လောက်လှုပ်ရှားတက်ကြွချင်စရာသွေးပူမှုမျိုးလဲ.
လမ်း......တမျှော်တခေါ်ပဲ..။
ဘယ်လောက် ထူထဲခဲဆစ်နေလိမ့်မလဲ..။
ဘယ်လောက် တိတ်ဆိတ်အေးစက်နေလိမ့်မလဲ..။
ဘယ်လောက်ဆွတ်ပျံစရာရနံ့တွေ တဒီးဒီးမွှေးပျံ့နေမှာလဲ..
အဲဒီ့လမ်းကိုအနီရောင်မင်တံနဲ့ကြက်ခြေခတ်ဖို့ သူကသေသေသပ်သပ်စောင့်ဆိုင်းနေတာတဲ့ ..။
စိတ်ချင်းကျောခိုင်းနေရက်နဲ့ အချစ်ခြင်းကျစ်ကျစ်ထွေးဖက်မိမှတော့၊
ကိုယ့်အချစ်တွေ ရဲ့ခမ်နားမြင့်မြတ်မှုတွေကို အချိန်မရွေး ဆိုညှင်းဖွဲ့သီနိုင်မှတော့
အချစ်ဟာအချိန်မရွေးမှန်ကန်နေတဲ့ သက်သေပြချက်တစ်ခုဖြစ်နေခဲ့မှတော့ ဘ၀အတွက်
လောဘနည်နည်း လျှော့ကြည့်လိုက်ကြစို့ ချစ်သူရယ်..။

*************************************************

ခါးသက်နေသော မိုးစက်များကို ခေါင်းငုံ့ရှောင်လွှဲ ခဲ့မိလေသော လူမိုက်ဟာ ငါပါပဲ
ဖြစ်ချိန်တန်မဖြစ် ပျက်ချိန်တန်ပျက်များနှင့် သာဖက်လှဲတကင်းရှင်သန်ခဲ့ရ ..
ဘဝက ညင်သာနူးညံ့တဲ့ မုန်တိုင်းတစ်ပုဒ်လို အလိုလို ဦးညွတ်ချင်စရာကောင်းလာတယ်
သူ့နောက်မှာပါလာမယ့် လေပြေညင်းအတွက် မျှော်လင့်နေတာမျိုးမဟုတ်ပါပဲ
ဘဝကို ခပ်ပြင်းပြင်းတိုက်ခတ်ရယ်မောပစ်လိုက်ရ.. ဒါ .. အရသာ .. တဲ့လား …

*************************************************


ရာသီဟာ ကိုယ့်အတွက်ဆိုးဆိုးဝါးဝါးမည်းမှောင်ခြင်းဥတုမျိုး။
ကိုယ်ကခြေခင်းလက်ခင်းမသာယာတဲ့ ညနေခင်းတွေထဲကတိမ်တောက်ချိန်ကိုမှချစ်မက်ချင်တတ်သူ..။
ဟင့်အင်း..။ ဒီလိုမဟုတ်ဘူး..။
အပြင်းအထန်ငြင်းဆန်ခြင်းများ..အဖန်ဖန်ပေါက်ကွဲကြ ဖေါက်ခွဲချလိုက်ရတဲ့စိတ်တွေဟာ..
အလျော့အတင်းများလွန်းတဲ့ ရာဘာပူပေါင်းတစ်လုံးလို လျော့လျဲလျဲ..
ကဲ..ကိုယ်တို့ဘာဆက်လုပ်ကြမလဲ...။
သူ့ရင်ခွင်မှာ ခေါင်းတိုးငိုရှိုက်မိပေမယ့် ကိုယ်က ရဲရဲဝံ့ဝံ့ ပြတ်သားနှင့်ပြီးသား..
တွေ့လား..လမ်းတစ်ခု..ကိုယ့်ကိုစောင့်နေပြီ..။
အလွမ်းဆိုတာ အချစ်ရဲ့ဘေးထွက်ဆိုးကျိုးပေါ့..။
ဒါဆို အချစ်ကရောဘ၀အတွက်ဘယ်လောက်ဆေးဖက်ဝင်ခဲ့မလဲ..။
ဘ၀မှာ သတိပေးဆိုင်းဘုတ်ချိတ်မထားတဲ့ အန္တရယ်ကွေ့တွေ အများကြီး..
ကိုယ် က မုန်တိုင်းကိုမှ သွေးအေးအေးရင်ခုန်ကြည့်ချင်တတ်သူမျိုးများလား..။
ကောင်းကင်ရဲ့စနေထောင့်မှာ အနီတွေ ထောင်းထောင်းထနှင့်နေခဲ့ပြီ..။
ကိုယ်က ဆုံးရှုံးမှု ကြယ်ကြွေတွေကို
တစိမ့်စိမ့်ရေတွက်နေရလောက်အောင်ကျတော့ သတ္တိမကောင်းပြန်ဘူး..
ယုံကြည်ချက်ဆိုတာ..အချိန်ရတိုင်းသွေးထားသင့်တဲ့ဆောင်ဓါးတစ်လက်မျိုး ချစ်သူရဲ့..
ရှင့်ရယ်မောသံတွေ..က မုန်းတိုင်းအကြိုသီချင်းပဲ..
လေပြေလေညှင်းဆိုတာကတော့..ရှိမှာပါ..ရှိနေမှာပါ..။
ကဲ..အခုတော့ ငါတို့ ကြည်ကြည်ဖြူဖြူကွဲလွဲကြဦးစို့
ဘာပဲဖြစ်ဖြစ်အလွမ်းက ဘ၀ကို ကျစ်လစ်စေလိမ့်မယ်..။


*************************************************


ပြက်ရယ်ဖွဲ့ နေ့ရက်တွေက နှစ်လိုစရာအရောင်အဆင်းနဲ့ ဘဝထဲဆင်းချလာပြန်တယ်
ကျယ်ပြန့်လွင့်မျောတဲ့ သံသရာမှာ ငါက ဝဋ်ကြွေးတွေကိုမှဖမ်းဆုပ်တတ်သူတဲ့လား
တံခါးတစ်ချပ်ကို လှလှပပဖွင့်ထွက်သွားဖို့ ငါတို့အတွက် လိုအပ်တဲ့ သင်္ကေတဟာဘာလဲ
ပျောက်ဆုံးပျက်စီးနေသော ရှေးဟောင်းမြို့ပျက်များလို ကံကြမ္မာအသစ်များ
ရက်ရက်စက်စက် ကွဲပျက်အောင် ထပ်မံဖျက်ဆီးလိုသော စွန့်စားရှာဖွေသူအမည်ခံများ
သ..င်္ကေ..တ..အား..လုံး..ပျောက်..ဆုံး..လက်..စ..နဲ့..ပျောက်..ဆုံး..နေ..ပါ..စေ့..လေ ..

*************************************************

အာရုံတစ်အိမ်လုံးပြည့်နစ်နေတဲ့ချစ်သူ့ကိုယ်သင်းနံ့တွေကိုဖေါက်ချပစ်လိုက်ဖို့ သီချင်းတစ်ပုဒ်ကောက်ဆိုလိုက်တာနေရာအကျဆုံးပဲ..။
အမှားလား ၊ အမှန်လား အမှန်နဲ့အမှားဆတူရောပြွန်းမှားယွင်းနေခြင်းလား၊
အမှားဆိုတာကို ဘယ်စံနဲ့တိုင်းသလဲ ၊အမှန်ဆိုတာအတွက်သက်သေပြချက်ကဘာလဲ..။
အမှန်ဆိုတာ အနိုင်ရနေသူတွေအတွက် ပွဲတက်ဝတ်စုံတစ်စုံလား၊
ဝတ်စုံအောက်မှာ ဖုံးဖိသိမ်းဝှက်ထားရတဲ့ အညိုအမည်း ဒဏ်ရာဒဏ်ချက်တွေရှိနေမှာလား
ဒဏ်ရာတွေဟာ လိပ်ပြာလုံနိုင်လောက်အောင်သန့်စင် ပါရဲ့လား..။
လှောင်ဟားပြက်ရယ်ပြုချင်စရာ သရဖူနဲ့ သွေးပျက်ဖွယ်ရာ အိပ်မက်တွေနဲ့
တိုက်ရိုက်အချိုးကျအတိုင်းအထပ်လိုက် သိုးရိနေရတဲ့ အနာဂတ်နာရီတွေ၊
မျှော်လင့်ချက်နဲ့ တဖိတ်ဖိတ်လင်းလက်နေတဲ့ မျက်ဝန်းအစုံစုံတွေ
ဒီလိုအချင်းအရာတွေအတွက် ခြေခြေမြစ်မြစ်မိုးကောင်းကင်ကဘာအရောင်များလဲ..။
အို တိမ်တွေကမုန်းတီးစရာကောင်းလောက်အောင်ထူထပ်သိပ်သည်းနေခဲ့တယ်.။
ကိုယ်က ကိုယ်မေးရမယ့် မေးခွန်းတွေကိုမချစ်တတ်ဘဲ ကိုယ်ဖြေရမယ့်မေးခွန်းတွေကိုလည်း မုန်းတီးတတ်သူပါကွယ်..။
မေးခွန်းတွေကြားထဲမှာ ဘ၀ဟာ..၀ဋ်ကြွေးဆန်ဆန်နာကျင်မိန်းမောလို့..။
ဆန္ဒ ဆိုတာလူတိုင်းပိုင်ဆိုင်ခွင့်ရှိတဲ့ စိတ်ဖြစ်ပစ္စည်းပဲ..
ဆန္ဒကို ဆန္ဒ အတိုင်းဖြန့်ပြခြင်းဟာ အပြစ်လား ၊
မှားယွင်းမှုလား ၊ အရောင်ချယ်ပစ္စည်းလား အဆိပ်အတောက်လား
ကိုယ့်အသံထွက်ကိုကြားနာခွင့်မရှိတဲ့ အရပ်ဟာ..ဘ၀ တစပြင်ပဲ
ကျွန်မသွားတော့မယ် အဲဒီ့အတိုင်း
တံခါးတစ်ချပ်ဆွဲဖွင့်ထွက်လားသလို လွယ်ကူမြန်ဆန်ရင်သိပ်ကောင်းမှာပဲ..။
အရာရာဟာ..ပုံသဏ္ဍန်မပျက် ကမ္ဘာတည်သ၍ ကျောက်ဖြစ်ရုပ်ကြွင်းလို
တည်ရှိ တည်တံ့နေတော့မယ့် အနာတရတွေ
အနာတရတွေကို တူးဆွခြင်းနဲ့အောင်မြင်လိုသူတွေအတွက်..အနာတရတွေဟာ..
ဘယ်တော့မှ မတိတ်နိုင်တဲ့ သွေးစိမ်းရှင်ရှင်တို့နဲ့ ချင်းချင်းရဲလို့
လမ်းဟောင်းအတိုင်း အသည်းနှလုံးတစ်စုံ ကျကွဲ လိုက်သံတွေ ..။
ချစ်တယ်ဆိုတာ ချစ်သူတွေအတွက် အလှပ အမြင့်မြတ်ဆုံး အနာတရ..။
နာကျင်ခြင်းမှာ ထုံထိုင်းလို့..။
နာကျင်ခြင်းမှာ..မှောင်မိုက်လို့..နာကျင်ခြင်းမှာ ခြောက်ချားလို့၊
နာကျင်ခြင်းမှာ မွန်းကြပ်လို့
ကိုယ်တို့က ညှိမရတဲ့ ကြိုးမျှင်တွေနဲ့ ကီးကြောင်နေတဲ့ အသံထွက်ကိုမှ ပင်ပင်ပမ်းပမ်းစည်းဝါးလိုက်ချင်ခဲ့ကြတယ်.။
သေချာတာက..ကိုယ့်တို့သင်္ကေတတွေသာ အံ့သြထိတ်လန့်ဖွယ်ရာ ပျောက်ရှကုန်ရပေါ့..။
ဟင့်အင်း..လမ်းတစ်စင်း စောင့်နေခဲ့ပါပြီလို့ပြောမိတော့ ချစ်သူက ညည်းတွား.၊.နောက် ရှိုက်ငင်
နည်းနည်း..ပြင်ဆင်စဉ်းစားသင့်တယ်ဆိုရင်တော့
.ကိုယ်က သရော်ကမော် ရယ်မောပစ်လိုက်မှာပေါ့ကွယ်..။

*************************************************


တစ်ဘဝလုံး စုတ်ပြတ်သတ်သွားအောင် တီးခတ်သီကျူး ပြီးကာမှ ..
ဝေဒနာအပွင့်အခိုင်တွေကိုကျ ချွေချမသွားနိုင်တဲ့ ကြင်နာတတ်သူမုန်တိုင်း
သင့်ထံမှ ကိုင်းဖျားကိုင်းနားယဉ်ကျေးမှုများအား ငါ့ကိုသင်ကြားပေးခဲ့လှည့်ပါ။


*************************************************

အလွမ်းဟာ မုန်းတိုင်းတစ်ခုဆို ကိုယ်က လေကွယ်ရာအရပ်ကို
သွေးရူးသွေးတန်း ရူးရူးနှမ်းနှမ်းရှာဖွေနေမိသူပေါ့..။
ကိုယ့်ကိုယ်ကို ရယ်သွမ်းသွေးမိရင်း ကိုယ့်ကိုယ်ကို သနားကရုဏာသက်ရင်း..
ကိုယ့်ကိုယ်ကို ငြူစူမောင်းမဲရင်း ၊ ကိုယ့်အတ္တ ကိုယ့်ဆန္ဒတွေ ကြားထဲမှာ
ကိုယ်ဟာ တစိမ့်စိမ့် အောင်အောင်မြင်မြင် ကျဆုံးနေပြီထင်ပါရဲ့..။
ဝေဒနာတွေ ဖူးငုံသီးပွင့်ပြနေပုံက ကဗျာဆန်နေမယ်..အဲသလို ဗြောင်းဆန်အောင် တစ်ဘ၀လုံးမွှေနှောက်သွားခဲ့တဲ့ မုန်တိုင်းတီးလုံးရဲ့နောက်မှာ.
ကိုယ်က ယဉ်ကျေးနူးညံ့စွာ ချိုချိုသာသာလှိုက်လှဲပြလိုက်ဖို့
မျက်ရည်တွေကို ဖျတ်ကနဲ သိမ်းဝှက်ထားလိုက်ဖို့ ဘယ်မေ့လျော့လိမ့်မှာတဲ့လဲ.ချစ်သူရယ်...။
မင်းကြားလိုက်လား..မုန်တိုင်းသံစဉ်ရဲ့နောက်က ရင်ခုန်စရာယစ်မူးချင်စရာတေးသွားတစ်စ...

တိမ်ညိုမရှိ လင်းပကြည်စင်နေမယ့် မိုးသားကောင်းကင်အောက်က
မုန်တိုင်းကင်းလွတ်စကမ်းခြေမှာ
ကိုယ်တို့ခြေရာတွေကို..ကိုယ်တို့ကိုယ်တိုင် အတူတကွ ရေးခြစ်ဖို့ အဲသလိုရေးခြစ်နိုင်ခွင့်ဟာ
မနက်ဖန်လား...
နောက်တစ်နေ့လား...
အဲဒီ့နောက်က တစ်နေ့လား....
တစ်နေ့နေ့ပေါ့....
ကမ်းခြေကတော့စောင့်နှင့်နေခဲ့တယ်..

လောလောဆည်တော့ သ..င်္ကေ..တ..အား..လုံး.. ပျောက်..ဆုံး..လက်...စ...နဲ့ . .ပျောက်...ဆုံး...နေ...ပါ...စေ..တော့.လေ......


မနော်ဟရီ၊အိန္ဒြာ


*************************************************



Blog တစ်နှစ်ပြည့်အတွက် မမ မနော်ဟရီက ကဗျာလေးတစ်ပုဒ်လက်ဆောင်ပေးခဲ့ပါတယ်..။
ကဗျာလေးကိုဆင့်ပွားပြီး ဒီအက်ဆေးလေးကို ဒီနေ့အတွက် အမှတ်တရ ရေးချကြည့်လိုက်တာပါ..။

#####################################


အိန္ဒြာဘလော့စပေါ့ဒေါ့ကွန်းရယ်လို့ အွန်လိုင်းစာမျက်နှာပေါ်မှာ ရောက်ကတည်းက ခုချိန်အထိ အိန္ဒြာ့စာတွေကို အချိန်ပေးဖတ်ရှုအားပေးခဲ့ကြတဲ့ မိတ်ဆွေ ညီအကိုမောင်နှမအားလုံး စိတ်နဲ့ကိုယ်တစ်ထပ်တည်းကျလို့ ပျော်ရွှင်ကျန်းမာကြပါစေကြောင်း လှိုက်လှိုက်လှဲလှဲ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်..။

ချစ်ခင်လေးစားစွာ

အိန္ဒြာ

27 comments:

မယ့်ကိုး said...

*HAPPY ONE YEAR ANNIVERSARY*.
တစ်ဦးထားတာ =)

MANORHARY said...

တစ်လမ်းစီ တစ်နေရာစီက လာခဲ့ကြတယ်
ဒါပေမယ့် ဆုံမှတ်တွေက အတူတူ
သယ်ဆောင်လာတဲ့ နှလုံးသားတွေက အတူတူ
ရှုရှိုက်ကြမယ့် လေညင်းတွေက အတူတူ
တမ်းမက်ကြတဲ့ လွင်ပြင်ကျယ်တွေက အတူတူ

အရောင်လက်နေတဲ့စကားလုံးတွေနဲ့
တစ်စုံတစ်ရာကိုထုဆစ်ကြတဲ့အခါ ...
အဲဒီလွင်ပြင်မှာ ငါတို့ဆုံကြမယ် ...

kay said...

အလွမ်း= အချစ်၏ ဘေးထွက် ဆိုးကျိုး
အချစ်= ဘ၀ အတွက် ဆေးဖက်ဝင် အမြစ် တမျိုး
ယုံကြည်ချက်= ဘ၀ အတွက် သွေးနေရမဲ့ ဓါးတလက်

ကဗျာ နဲ့ စကားပြေ အတွက်..ခက်စစ် ထုတ်ကြည့်တာ..။ ၁၀ တန်းတုန်းကလို အကျင့်ပါနေလို့။း)

အတည်ပြောရရင်တော့..ပုံဆောင်ချက် တွေက..တကယ် ထိမိ သေသပ်တယ်။ ကဗျာပိုင်ရှင် ရဲ့ အနုအနွဲ့ အလွမ်း အလင်းအမှောင် တွေ ကိုလည်း ပျက်ပျက်ထင်ထင် မြင်ရတယ်။ ( ကဗျာ ကို..ဒီမှာ တခါတည်း မှတ်ချက်ပေးတော့မယ်..မနော်..) ဒါပေမဲ့..မုန်တိုင်းဆိုတာ..သာယာ တယ်လား။ သူ့ဖက်က..သာယာတာ ဖြစ်ကောင်းဖြစ်မှာပါ။

ကဲ- တနှစ်ပြည့် ဘလော့ ကို ဂုဏ်ပြုပြီး..ရေးချင်တာတွေ ရေးသွားတယ်။ ပျော်ရွှင် လန်းဆန်း ကြပါစေ သတည်း။

မယ့်ကိုး said...

သေသေချာချာ ဖတ်သွားပါတယ် မ။
သုံးခေါက်တိတိ :D

အချစ်ဟာအချိန်မရွေးမှန်ကန်နေတဲ့ သက်သေပြချက်တစ်ခု....
အလွမ်းဆိုတာ အချစ်ရဲ့ဘေးထွက်ဆိုးကျိုးပေါ့..။
ယုံကြည်ချက်ဆိုတာ..အချိန်ရတိုင်းသွေးထားသင့်တဲ့
ဆောင်ဓါးတစ်လက်မျိုး ...
အမှန်ဆိုတာ အနိုင်ရနေသူတွေအတွက် ပွဲတက်ဝတ်စုံတစ်စုံလား၊
ဆန္ဒ ဆိုတာလူတိုင်းပိုင်ဆိုင်ခွင့်ရှိတဲ့ စိတ်ဖြစ်ပစ္စည်းပဲ..
ချစ်တယ်ဆိုတာ ချစ်သူတွေအတွက် အလှပ အမြင့်မြတ်ဆုံး အနာတရ..။

တကယ်ပါ... မရဲ့ ခက်ဆစ်အဖွင့်တွေဟာ လှလွန်းလို့ အမြဲရင်သပ်ရှုမော ကြည့်ခဲ့။ ကြည့်နေသူပါ။

နှလုံးသားလှတဲ့ မမစိုက်ခဲ့တဲ့ တင့်တယ်လှပလွန်းတဲ့ အနုပညာပန်းတွေဟာ ထာဝစဉ်ထာဝရမွှေးပျံနေမယ် ဆိုတာ အမြဲယုံပါတယ်။

HAPPY CLOUD said...

HAPPY BIRTHDAY!!! ပါ အိန္ဒြာblogspot.comး)။ ဘလောဂ့်ဆိုတဲ့ ပျော်စရာဒေသကြီးမှာသာမက အနုပညာနယ်ပယ်မှာပါ အောင်မြင်တဲ့ ကဗျာဆရာမအဖြစ်နဲ့ ဆက်လက်ချီတက်လို့ ကဗျာ့အကျိုးသယ်ပိုးနိုင်ပါစေ။

အားကြီးခင်တဲ့
မိုးမောင်

ညလင်းအိမ် said...

မင်္ဂလာပါ...
ကျွန်တော်ပထမဆုံးဒီကိုရောက်လာတာပါ...
စာတွေဖတ်ရတာ အရမ်းကို အဓိပ္ပါယ်ရှိတယ်...
စကားလုံးတွေက နုရွလှတယ်...
ရေးထားတာအရမ်းကောင်းတယ်...
စကားလုံးတွေကို ရွတ်ဆိုပြီး အတွေးတွေဖြန့်ကျက်ရတာ
အရမ်းကိုအနှစ်သာရ ရှိလှပါတယ်...
နောက်အမြဲတမ်းလာဖတ်ခွင့်ပြုပါ...

လေးစားလျက်...

Ree Noe Mann said...

အမရေ

တစ်နှစ်မှ စ၍ နောက်လာမယ့်နှစ်တွေကို အမရဲ့ ကလောင်
အစွမ်းနဲ့ ဘလောဂ့်လောကကို ဦးဆောင်နိုင်ပါစေဗျာ။

အမဆီကို အမြဲလာလည်ဖြစ်ပါတယ်။ တစ်ခါမှတော့ ကော့မန် မပေးဖြစ်ခဲ့ဘူး။ ကော့မန်ပေးရမှာကြောက်လို့ပါ။
ကျနော် ကော့မန်ကြောင့် ပြည့်စုံနေတဲ့ အမတို့ရဲ့ လှပတဲ့ ကဗျာလေးတွေ စာတွေ ပျက်စီးသွားမှာကြောက်လို့ပါ။

အပြင်မှာ မတွေ့ဖူးပင်မယ့် ကျနော် ခင်နေမိပါတယ်အမ။

ခုတော့ အမရဲ့ တစ်နှစ်ပြည့်လေးမို့ အမှတ်တရ ကော့မန်ပေးတာပါ။

အမပျော်ရွှင်ပါစေနော်။

အခွင့်ကြုံရင်တော့ အပြင်မှာ တွေ့ဖူးချင်ပါသေးတယ်အမ။

ခင်တဲ့ ရီနိုမာန်

Mogok Thar said...

ခါးသက်နေသော မိုးစက်များကို ခေါင်းငုံ့ရှောင်လွှဲ ခဲ့မိလေသော လူမိုက်ဟာ ငါပါပဲ
ဖြစ်ချိန်တန်မဖြစ် ပျက်ချိန်တန်ပျက်များနှင့် သာဖက်လှဲတကင်းရှင်သန်ခဲ့ရ ..

**************************


မေးခွန်းတွေကြားထဲမှာ ဘ၀ဟာ..၀ဋ်ကြွေးဆန်ဆန်နာကျင်မိန်းမောလို့..။ ဆန္ဒ ဆိုတာလူတိုင်းပိုင်ဆိုင်ခွင့်ရှိတဲ့ စိတ်ဖြစ်ပစ္စည်းပဲ..
ဆန္ဒကို ဆန္ဒ အတိုင်းဖြန့်ပြခြင်းဟာ အပြစ်လား ၊
မှားယွင်းမှုလား ၊ အရောင်ချယ်ပစ္စည်းလား အဆိပ်အတောက်လား
ကိုယ့်အသံထွက်ကိုကြားနာခွင့်မရှိတဲ့ အရပ်ဟာ..ဘ၀ တစပြင်ပဲ

****************************


တစ်ဘဝလုံး စုတ်ပြတ်သတ်သွားအောင် တီးခတ်သီကျူး ပြီးကာမှ ..
ဝေဒနာအပွင့်အခိုင်တွေကိုကျ ချွေချမသွားနိုင်တဲ့ ကြင်နာတတ်သူမုန်တိုင်း
သင့်ထံမှ ကိုင်းဖျားကိုင်းနားယဉ်ကျေးမှုများအား ငါ့ကိုသင်ကြားပေးခဲ့လှည့်ပါ။

************************

ကိုယ်တို့ခြေရာတွေကို..ကိုယ်တို့ကိုယ်တိုင် အတူတကွ ရေးခြစ်ဖို့ အဲသလိုရေးခြစ်နိုင်ခွင့်ဟာ
မနက်ဖန်လား...
နောက်တစ်နေ့လား...
အဲဒီ့နောက်က တစ်နေ့လား....
တစ်နေ့နေ့ပေါ့....
ကမ်းခြေကတော့စောင့်နှင့်နေခဲ့တယ်..

လောလောဆည်တော့ သ..င်္ကေ..တ..အား..လုံး.. ပျောက်..ဆုံး..လက်...စ...နဲ့ . .ပျောက်...ဆုံး...နေ...ပါ...စေ..တော့.လေ......

************************

ကျွန်တော်လေးစားရတဲ့ ဆရာမ နှစ်ယောက်ရြ့ လက်စွမ်းပြမှုတွေက
ရင်သပ်ရှုမော ငေးနေရတဲ့ စာပန်းချီဥယျာဉ်လေလား။

လင်းဖွဲ့တလှည့်၊ မှောင်သွဲ့တစ်ချီ...
ဝေသီလိုက်၊ မိန်းမောလိုက်...
ပင့်သက်တစ်ချက် ရှိုက်ရင်းက
မုန်တိုင်းရဲ့သံစဉ်ကို ကြားရတယ်။

ယုံကြည်တယ်
နာကျင်ခြင်းတွေရဲ့ အဆုံးသတ်ကို ဖွင့်ပေးမဲ့ တံခါးတစ်ချပ်ရဲ့ လျှို့ဝှက် သ..င်္ကေ..တ..ကို
တစ်နေ့တော့ ၇ှာဖွေတွေ့ရှိလိမ့်မယ် ဆိုတာ။

အဲဒီအခါ....
ဝေဒနာကင်းမဲ့သော ကမ်းခြေမှာ ကျွန်တော်တို့တတွေ ပြန်ဆုံနိုင်ကြပါလိမ့်မယ်။
****************

မနော် နဲ့ မအိမ် တို့ကို


ချစ်ခင်လေးစားစွာဖြင့်

pandora said...

ဘလော့ဂ် တစ်နှစ်ပြည့်တယ် ဆိုတာ လူ့သက်တမ်းဘယ်လောက်နဲ့ ညီမျှသလဲတော့ မသိဘူး။
ဒါပေမယ့် အချိုးကျ နှိုင်းလို့မရတာတော့ သေချာတယ်။ အကြာ…ကြီး နော်။
ကြည်လင်သောကောင်းကင်အောက်မှာ သန့်ရှင်းသောလေညင်းကို ရှူရှိုက်ရင်း
ရိုးစင်းသော အပြုံး ဖြောင့်မတ်သောခြေလှမ်းတွေနဲ့
ရောက်လိုရာကို တစ်လှမ်းပြီး တစ်လှမ်း ရှေ့ဆက်နိုင်ပါစေ လို့ ခပ်အေးအေးပဲ ဆုတောင်းလိုက်ပါတယ်။

မြစ်ကျိုးအင်း said...

နောက်နှစ်ပေါင်းများစွာ ဆက်လက်ချီတက် ကြပါစို့

ကဗျာနဲ့ စကားပြေ လေးအတွက် မှတ်ချက် ရှာမရဘူး

လှပ သေသပ် တယ်ဆိုတာကို အခါခါ စိတ်ထဲ ရွတ်နေမိတယ်။

Sein Lyan Tun said...

မမ ပျော်ရွင်ပါစေ..


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

emayarKhin said...

ကဗျာကလဲအရမ်းကောင်း..ခက်ဆစ်
အဖွင့်တွေကလဲလှလှပပနဲ့..ဖတ်လို့ကို
မဝအောင်ပါဘဲ..နောက်နောင်လဲခုလို
ကဗျာတွေစာတွေ ဆက်လက်ရေးသားနိုင်
ပါစေ..မမအိန္ဒြာရေ....


ချစ်တဲ့

minn thuka said...

တကယ့်ကို အမှတ်တရ ပါပဲ.... ကဗျာနဲ့ အက်ဆေး အားပြိုင်တဲ့ ပြကွက်လေး။
တော်တော်ကို သေသပ်ပါတယ်ဗျာ။
အမှန်အတိုင်းပြောရရင် ပထမစဖတ်တော့ နဝေတိမ်တောင်နဲ့ ဘာတွေလဲပေါ့။
အထူအပါး နားမလည်တဲ့ ကျနော် ဝမ်းစာနဲမှန်းသိလိုက်ရတယ်။
နောက်တစ်ခေါက် ထပ်ဖတ်တော့မှ “အော်... ဒီလိုကိုး” ဆိုပြီး သဘောပေါက်တော့တယ်။
ကဗျာကလဲ တစ်ပိုဒ်ကျော်ဆီမှာ လမ်းတွေနဲ့ လမ်းပျောက်နေတာကို သက်သေပြုပြနေတာက
တကယ့်ကို လမ်းပျောက်နေသလို..
အဲလိုပါပဲ ဒုတိယ နှင့် စတုတ္ထ အပိုဒ်တွေက ဆန္ဒတွေ တောင်းပန်သံတွေနဲ့ ခံစားချက်တွေ ကို
နာနာကျင်ကျင် မန်တင်းထားတဲ့ ပေါက်ကွဲသံလေးတွေက လှမှလှ။
ဆက်တိုက်ချပြလိုက်ရင် ဒီလောက် ကောင်းမယ်မထင်ဘူးဗျ။
အခုက တင်ပိုကို ချလိုက် မြင့်လိုက်နဲ့ဆိုတော့ ရင်ထဲ ညိမ့်ညိမ့်လေးခံစားရတယ်။
အကြိုက်ဆုံးကတော့ “လောလောဆည်တော့ သ..င်္ကေ..တ..အား..လုံး.. ပျောက်..ဆုံး..လက်...စ...နဲ့ . .ပျောက်...ဆုံး...နေ...ပါ...စေ..တော့.လေ......”
အဲဒီ ဆုတောင်း လေးက တော်တော်အသက်ဝင်တယ်ဗျာ...
ထပ်ပြီး ပျောက်မှာကြောက်တဲ့ အရာက ပျက်စီးနေပြီးသား အရာဖြစ်နေတယ်... အရမ်းတော်ပါတယ်။
အဲလိုတွေးတတ် ရေးတတ်ချင်လိုက်တာ။
အက်ဆေး ကျတော့လည်း ဝှက်ထားတဲ့ ကဗျာရဲ့ အကြောမျှင်တွေ တစ်စဆီ ဆွဲ ချပြနေသလိုပဲ
ကဗျာတစ်ပုဒ်ကို အဲလို နောက်ကလိုက်ချပြရတာ အရမ်းအန္တရယ်ကြီးပါတယ်။
နဲနဲလေး တိမ်းသွားတာနဲ့ ကဗျာပါ ပျက်စီးသွားရော....။
စကားလုံးတွေ တွေးထားတာလေးတွေ အများကြီးအတုယူမိပါတယ်။
ကဲဗျာ ...ထုံးစံအတိုင်း အားမနာတမ်းပြောရရင်...
“ ပေါ့ပေါ့ပါးပါး ဖတ်တဲ့လူတွေအတွက်တော့ ဘာတွေလဲဟ” လို့အပြောခံရမယ်ထင်တယ်။
တစ်စိမ့်စိမ့်တွေးပြီး ခံစားရတာကြိုက်တဲ့ကျနော့်အတွက်တော့ ဒီနေ့ အရမ်းကြေနပ်သွားပြီ။

ကဲ ညီမလေး နောက်လာဂျီမကျနဲ့တော့။ တစ်ဝမ်းပဲ ကွဲလို့ အရင်းဆို ခေါင်းခေါက်ခံရမယ်
လူကြီးကို အဆစ်လာတောင်းလို့။

Zephyr said...

အိန္ဒြာဘလော့စပေါ့ဒေါ့ကွန်းရယ်လို့
အွန်လိုင်းစာမျက်နှာပေါ်မှာ ရောက်ကတည်းက ခုချိန်အထိ အိန္ဒြာ့စာတွေကို အချိန်ပေးဖတ်ရှုအားပေးခဲ့ကြတဲ့ မိတ်ဆွေ ညီအကိုမောင်နှမအားလုံး စိတ်နဲ့ကိုယ်တစ်ထပ်တည်းကျလို့ ပျော်ရွှင်ကျန်းမာကြပါစေကြောင်း လှိုက်လှိုက်လှဲလှဲ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်..။
(ဆိုလိုတာက စကတည်းက မဖတ်တဲ့သူတွေ နေမကောင်းလည်းကိစ္စမရှိဘူး။ စိတ်နဲ့ကိုယ်အလိုင်းမန့်လွဲလည်း ကိစ္စမရှိဘူး၊ စိတ်ညစ်လည်းကိစ္စမရှိဘူးလို့ ဆိုလိုတာပေါ့)

ဟဲဟဲ .. စတာပါ ...။
Congratulations ပါ ...။(သတိထားပြီး s မမေ့အောင် ထည့်လိုက်ပါတယ်။)

ခင်မင်စွာဖြင့်
Zephyr

ကောင်းကင်ပြာ said...

တနှစ်ပြည့်မှ နောင်နှစ်ပေါင်း များစွာ ကဗျာတွေ ရေးနိုင်ပါစေလို့..

Sein Lyan Tun said...

မမရေ.


*အကိုကြီး သုနြေ္ဒက မမတစ်နှစ်ပြည့်မှာ အမှတ်တရဖြစ်အောင် ကော့မန့်ပေးခဲ့တာကို သားကူယူလာပေးတယ်..
၇ာဇ၀င်များနဲ့  ကဗျာပိုင်ရှင်လို့ ခေါ်ချင်ပါတယ် မအိဒ္နြာရဲ့  ဘလော့ လေးကို ရောက်ခဲ့ တဲ့  အခါပေါင်း အကြိမ်ပေါင်း မျောက်မြားစွာ မရေတွက်နိုင်အောင် ရောက်ခဲ့ ဘူးတာပါ ရောက်တိုင်းလဲမမန့် ခဲ့ ပါဘူး ဘလော့ ဂါ တယောက်မဟုတ်တဲ့ ကျနော့ အတွက် မန့် မရ တာလဲပါတာပေါ့  နောက်တခုက စာအရေးသား ကောင်းလွန်းတော့ အမှန်တိုင်း ၀န်ခံရရင် မမန့် ရဲတာလဲပါတယ် ကျနော့ ခံယူ ချက်က (ကဗျာဟာဘ၀ ကဗျာ ကအင်အား ကဗျာသာလျှင် စွမ်းအား ကဗျာထဲမှာ အကြင်နာနဲ့  မေတ္တာတရားတွေအပြည့် ပါသလို ကဗျာထဲမှာ ရင်ထဲကပြောချင်တဲ့  ခံစားနေရတဲ့  ဝေါဟာရတွေလဲသိန်းသန်းမ ကပါတယ် ကဗျာနဲ့  လွှမ်းခြုံထားလို့  ကမ္ဘာကြီးငြိမ်းချမ်း နေတာပါ ) ဒီတခါတော့  ကဗျာပိုင်ရှင်ရဲ့ ဘလော့ လေး တနှစ်ပြည့် မှာ မှတ်မှတ်ရရ ဂုဏ်ပြုချင်တာနဲ့  ဒီကောမန့် လေးရေးပေးရင်းနဲ့  အပြည့်  အ၀ဂုဏ်ပြုပါရစေ ရိုးသားမှုဟာ ခင်မင်မှုကိုအဓွန့် ရှေဆိုသလို ရိုးသားစွာ ၀န်ခံရရင် မေတ္တာနဲ့ လွှမ်းခြုံထားတဲ့  ကမ္ဘာကြီးပျက်ကွယ် ပျက်သုန်းမှာကိုတော့  ကျနော်အပါဝင် တဦးတယောက်ကမှလိုလားမှာမဟုတ်ဘူးလို့ ယုံကြည်မိပါတယ် ဒါ့ ကြောင့်  ကမ္ဘာ မပျက်ခင်တလလို ဆိုတဲ့ ပို့ စ် လေးမျိုးတွေ မရေးစေချင်ပါဘူး နောင်လာမဲ့ အချိန်ကာလများစွာမှာ စာကောင်းပေမွန်တွေများများရေးနိုင်ပါစေလို့ ဆန္ဒပြု၇င်း အစဉ်မပျက် ခင်မင်လျှက် အားပေးနေမဲ့  ခင်တတ်တဲ့  သုဒြေ္နပါ*


အကိုကြီးမန့်ခဲ့တာကို အရှိတိုင်းပြန်မန့်ပေးသွားတယ်

အကိုကြီးသုနြေ္ဒကိုလဲကျေးဇူးတင်ပါတယ်..

အကိုကြီးလိုစာဖတ်သူတွေကိုလဲ နားလည်မှုမလွဲပါဘူး...

ကျေးဇူးလဲတင်ပါတယ်

ချစ်ခင်လေးစားစွာဖြင့်

မျောက်မျောက်

ဇော် said...

နာမည်ကြီး ကဗျာဆရာမ မမအိန္ဒြာရဲ့ အိမ်က ဖတ်ဖူးသမျှတွေထဲမှာ
ခုဒီအက်ဆေးဟာ ကျနော်အကြိုက်ဆုံးပါပဲ ..

ATN said...

မုန်တိုင်းကင်းလွတ်စကမ်းခြေမှာ
ကိုယ်တို့ခြေရာတွေကို..ကိုယ်တို့ကိုယ်တိုင် အတူတကွ ရေးခြစ်ဖို့ အဲသလိုရေးခြစ်နိုင်ခွင့်ဟာ... ... ...

မသေချာဘူးလား။... မသေချာသေးဘူးလား...

ဘာပဲဖြစ်ဖြစ် တနှစ်ပြည့်ပြီ...
တနှစ်ပြည့်မှသည် ရွှေရတုထိ ဆက်လက် ချီတက်ပါ ညီမရေ့...

အိုင်လွယ်ပန် said...

နူးညံ့ညင်သာ တဲ့ မုန်တိုင်းတစ်ခုထဲမှာပဲ
လူးလွန့်ခဲ့တဲ့ကောက်ကြောင်းတွေ ...။။
HAPPY ONE YEAR ANNIVERSARY ပါ အစ်မ ..။

ဒဏ္ဍာရီ said...

မမရဲ့ ဘလော့တနှစ်ပြည့်မှာ ပျော်ရွှင်နိုင်ပါစေ .... အနုပညာ ကဗျားပန်းခင်းလေးမှာ တန်ဘိုးရှိတဲ့ စာပေတွေကို ဆထက်တိုးပြီး မျှဝေပေးနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ...

မမရဲ့ ကဗျာလေးတွေနဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်လေးတွေက ကောင်းလွန်းလို့ အထပ်ထပ် ပြန်ဖတ်ခဲ့မိတယ်။

======================
"ခါးသက်နေသော မိုးစက်များကို ခေါင်းငုံ့ရှောင်လွှဲ ခဲ့မိလေသော လူမိုက်ဟာ ငါပါပဲ"
======================

"တစ်ဘဝလုံး စုတ်ပြတ်သတ်သွားအောင် တီးခတ်သီကျူး ပြီးကာမှ ..
ဝေဒနာအပွင့်အခိုင်တွေကိုကျ ချွေချမသွားနိုင်တဲ့ ကြင်နာတတ်သူမုန်တိုင်း
သင့်ထံမှ ကိုင်းဖျားကိုင်းနားယဉ်ကျေးမှုများအား ငါ့ကိုသင်ကြားပေးခဲ့လှည့်ပါ။"
=======================

ဒီကဗျာလေးထဲက အကြိုက်ဆုံး စာသားလေးတွေကိုတော့ ကူယူသွားပါတယ်။

ခင်မင်လေးစားလျှက်

Anonymous said...

မကြီး ...

ဘဝက ညင်သာနူးညံ့တဲ့ မုန်တိုင်းတစ်ပုဒ်လို ... တဲ့
ကဗျာလေးအပေါ်မှာ မုန်တိုင်းတစ်ခုလို ဖွင့်ဖောက်တိုက်ခတ်ပြီး ခံစားသွားခဲ့တာ
စကားလုံးတိုင်း ... စကားလုံးတိုင်းက ရင်ထဲကို တဖောက်ဖောက်နဲ့ ထိမှန်နေခဲ့ရတာချည့်ပါပဲ
စာတစ်ပိုဒ်ချင်း တစ်ပိုဒ်ချင်းမှာလည်း ပြည့်ဝတဲ့အင်အားတွေနဲ့ ဆွဲငင်ညှို့ယူသွားခဲ့တာ စပါးကြီးညှို့ချက်မိသူလို ခံစားမိပါရဲ့ ...
ခံစားမှုရသကိုအပြည့်အ၀၊ တင်းပြည့်ကျပ်ပြည့်ပေးစွမ်းနိုင်ပြီး လွှမ်းမိုးနိုင်လွန်းတဲ့ စာတပုဒ်ပါပဲ မကြီး ...

ခင်မင်လေးစားမှုများစွာ
အိပ်မက်ရှင်

rose of sharon said...

ံမနော့်ဆီကနေလာလည်တာပါ.... ထာဝရပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဘလော့နှစ်ပတ်လည်အတွက် ဆုတောင်းပေးလိုက်ပါတယ်

သင်း said...

သူငယ်ချင်း
Happy Anniversary!

Moe Cho Thinn said...

ညီမလေး
ညီမလေးရဲ့ ကောင်းခြင်းတွေ ဒိထက်ပို ပြည့်စုံစေဖို့ ဆက်ချီတက်ပါ။
ချစ်ခင်လျက်
အမ

Eaindra said...

အားလုံးကိုကျေးဇူးတင်ပါတယ်..။

ဆောင်းယွန်းလ said...

ချစ်ညီမရေ....တနှစ်ပြည့်မှသည်....ဟိုး..အဝေးဆုံးထိ ဆက်လက်ချီတက်နိုင်ပါစေ.....

လင်းဒီပ said...

အစ်မရေ...ကောင်းသောတစ်နှစ်ပြည့်ပါ..
ဒီထက်ပိုပြီး စာတွေ အများကြီးရေးနိုင်ပါစေ..။

ကျွန်တော်တို့မောင်နှမတွေ အတူတူ ဆက်လက်ချီတက်ကြပါစို့...

နောက်ကျမှ လာပြောလို့ စိတ်တော့ မဆိုးလောက်ဘူးထင်ပါရဲ့(ကိုယ့်ဘာသာတစ်ယောက်ထဲ အပတ်မလည် ဖြစ်နေလို့ပါ..။)