November 12, 2009

အလှရှိရာသို့သွားချင်သူ

အလှရှိရာ ၊ သွားချင်ပါဟု
နှုတ်မှာရွရွ ၊ ရွတ်ရင်းကလျှင်
အလှကိုယ်ပစ် ၊ သင်မချစ်၍
အသစ်ဖွေရှာ သွားလေပါသလော ။

တောလည်းစိမ်းစို ၊ လေချိုရွန်းမြ
မိုးဝကြယ်ပွင့် ၊ ချောင်းဝတိမ်လိပ်
ပြည့်သိပ်တင်းကြမ်း ၊ အလှပန်းကို
သွေ့နွမ်းချောက်ချား ၊ ဖောက်ပြားငြိမ်သက်
ရုတ်တရက်လျှင် ၊ ပင့်သက်လှိုက်ဖို
ရှိုက်ငိုစီးကျ ၊ မျက်ရည်စနှင့်
တသ, သင့်နောက် ကျန်ကြသည် ။

ပုလဲပွင့်သို့
ရွယ်သင့်ညီညွှတ် ၊ တသမတ်ဖြင့်
ချောမွတ်မြူးပျံ ၊ သင့်ကာရန်လည်း
တောင်ပံကိုဖွင့် ၊ လည်ကိုပင့်၍
သခင့် နောက်သို့ပါယောင်တကား ။

ရော်ကြွေသက်၍
မြေထက်ပြေးလွှား ၊ ရွက်ဝါများသို့
သင့်အားတူယှဉ် ၊ မနှိုင်းချင်တည့် ။

ပမာယူသော်
ပုံတူသင့်တွက် ၊ အတွေးစက်ဝယ်
ရေးကွက်ငါ့မှာ ၊ မရှိပါခဲ့ ။

ကဗျာကြံသော်
ကာရန်သင့်တွက် ၊ အတွေးနက်နှင့်
ရေးချက်ငါ့မှာ ၊ မရှိပါခဲ့ ။

အလှပွင့်တုန်း ၊ ကြယ်တစ်ကုံးကို
လေပုန်းဝှေ့ယမ်း ၊ လေကြမ်းချိုးဖျက်
မိုးသက်ဆွတ်ချွေ ၊ ပိုင်းပိုင်းကြွေသော်
မြေ၌ပေါလော ၊ ဖုတ်သောသောသို့
လောကဓါတ်တိုက် ၊ မှောင်ကြီးမိုက်၍
ရူရှိုက်သက်ပင့် ၊ ရင်မှာနင့်မိ
တစ်ပွင့်ကြွေရက် စောလေခြင်း ။


(ငွေတာရီ သို့)

ဗန်းမော်ညိုနွဲ့
(ရှုမ၀မဂ္ဂဇင်း ၁.၅.၁၉၅၈)

ကဗျာဆရာမကြီးငွေတာရီကွယ်လွန်စဉ်အချိန်က ဆရာကြီးလွမ်းဆွတ်တသစွာရေးထားတဲ့ ကဗျာလေးကို အခုဆရာကြီးကွယ်လွန်တယ်ကြားသိရတော့ လွမ်းဆွတ်တသစွာပဲ ဝေမျှပေးလိုက်ပါတယ်..။
ဆရာကြီးမြင့်မြတ်ရာဘုံဘ၀မှာ ငြိမ်းအေးချမ်းသာနိုင်ပါစေ..

10 comments:

Sein Lyan Tun said...

ရူရှိုက်သက်ပင့် ၊ ရင်မှာနင့်မိ
တစ်ပွင့်ကြွေရက် စောလေခြင်း ။

ဆရာကြီး ထာဝရ ငြိမ်းချမ်းပါစေ


ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

ကိုချစ်ဖေ said...

ဆရာကြီးရဲ့အခြား ထင်ရှားတဲ့ကဗျာတွေရှိသေးရင် ကြိုက်နှစ်သက်ရာထဲကဖေါ်ပြပေးပါဦး..
labels; ခံစားမိရာ ဆိုတဲ့ စကားလုံးလေးကြိုက်လို့ကူးယူသွားပါတယ်.

ဂျပန်ကောင်လေး said...

တကယ်ဖတ်လို့ကောင်းတဲ့ ကဗျာလေးပါ... ဆရာမငွေတာရီကဗျာတွေကိုလည်း အရမ်းကြိုက်တယ်...

ဒဏ္ဍာရီ said...

မရေ ... ကောင်းလိုက်တဲ့ ကဗျာစာသားလေးတွေနော်။ တန်ဘိုးရှိပြီး အနက်အဓိပ္ပါယ်ပါ ပြည့်စုံတဲ့ ဒီလို ကဗျာလေးတွေ ဖတ်ရတာ အရမ်းကျေးဇူးတင်ပါ မမရေ ..

ဆရာကြီး ကောင်းရာသုကတိ ရောက်ပါစေ...

ခင်မင်လေးစားလျှက်

ညလင်းအိမ် said...

ကဗျာလေးက ကောင်းလိုက်တာဗျာ ...
ကျွန်တော်လည်း ဆရာကြီးရဲ့ ကဗျာတွေကို ဖတ်ချင်ပါတယ် ...
ဝေမျှပေးမယ်ဆိုရင် အတိုင်းထက်အလွန်ပါပဲဗျာ ...
လေးလုံးစပ်ကဗျာလေးတွေက အရမ်းကိုဖတ်လို့ကောင်းလို့ပါ ...

ခင်မင်လေးစားလျက် ...

ကိုရင်နော်ခင်လေးငယ် said...

“အလှပွင့်တုန်း ၊ ကြယ်တစ်ကုံးကို
လေပုန်းဝှေ့ယမ်း ၊ လေကြမ်းချိုးဖျက်
မိုးသက်ဆွတ်ချွေ ၊ ပိုင်းပိုင်းကြွေသော်”

မကြီးရေ..
ကဗျာကောင်းလေး မျှဝေပေးတာ ကျေးဇူးပါ..

ဆရာကြီးမြင့်မြတ်ရာဘုံဘ၀မှာ ငြိမ်းအေးချမ်းသာနိုင်ပါစေ..

ချစ်ခင်စွာဖြင့်
ကိုရင်၊ ခင်လေး

ဆောင်းယွန်းလ said...

ဆရာဗန်းမော်ညိုနွဲ့ရဲ့ကဗျာလေးကို မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီမလေးရေ...
ကျောင်းသားဘဝတုန်းက ဆရာ့ကဗျာတချို့နဲ့ ကြီးပြင်းခဲ့ရဖူးတဲ့ ကျေးဇူးတွေကိုလည်း မေ့နိုင်မှာမဟုတ်တော့ပါဘူးလေ...
ဆရာကြီးကောင်းရာဘုံဘဝသို့ ငြိမ်းချမ်းစွာရောက်ရှိနိုင်ပါစေ

Unknown said...

ကောင်းလိုက်တာရှင်

မယ့်ကိုး said...

ခုတလော ကြယ်တွေ သိပ်ကြွေတာပဲနော်။
ကိုယ်ကျတော့ ရောင်ယောင်မကြွေဘူး :P
ကဗျာလေးတင်ပေးတာ ကျေးဇူးနော် ချစ်မလေး။

လင်းဦး(စိတ်ပညာ) said...

လွမ်းဆွတ်စွာ ရေးထားတဲ့ကဗျာကို ရင်နင့်စွာ ဖတ်သွားပါတယ်....

အခုလို မျှဝေတာ ကျေးဇူးပါ...

ခင်မင်စွာဖြင့်
လင်းဦး(စိတ်ပညာ)