March 31, 2010

ညဉ့်သိပ်ခရီး

တင်ပြီးသား ၀တ္ထုလေးတစ်ပုဒ်ပါပဲ ။ မဟေသီမဂ္ဂဇင်းမှာ ပါဝင်ခဲ့တဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ပေါ့..။
မဖတ်ရသေးသူများ ကျော်ချသွားသူများအတွက် ထပ်တင်ပေးလိုက်ပါတယ်..။
ဒီဝတ္ထုလေးထဲက အကြောင်းအရာ အက္ခရာတစ်လုံးမကျန်ဟာအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့တာတွေဖြစ်ပြီး
ဒီဝတ္ထုလေးထဲက တိုင်နဲ့ခေါင်းဆောင့်ပြီးငိုကြွေးခဲ့ရတဲ့ သမီးအကြီးမလေးက
အခုဝတ္ထုတွေ ကဗျာတွေရေးနေတဲ့ အိန္ဒြာပေါ့လေ..။

++++++++++++++++++++++++++++++++++++++++++++++++++++++++

ခရီး(၁)။

ညဟာ ဘ၀တွေရဲ့ အံဝှက်တစ်ခုလည်းဖြစ်ပြန်တယ်။
စိုစွတ် မှောင်အိ နေတဲ့ အမှောင်မှာ အနံ့တစ်ခုက စေးကပ်ပျော်ဝင်နေလိမ့်မယ်။
တစ်စုံတစ်ခုသောအဲဒီ့အနံ့ကစိတ်တွေကိုထိတ်ပျံ့လွင့်မျောစေတတ်သလား...။
မှတ် အကိုက်ခံလိုက်ရတဲ့ ခိုင်းနွားတစ်ကောင်ရဲ့အရေပြားလို ရထားက သူ့ကိုယ်ကို လှုပ်ခါလိုက်ချိန်မှာတော့ ပလက်ဖေါင်းပေါ်ခြေစုံချမိ လိုက်ကြပြီ။
ရထာားရဲ့ ဥသြသံဟာ ညဉ့်သန်းခေါင်မှာ လိုတာထက် တော်တော်များများကြီးကို ကျယ်လောင်မြည်ဟီးလွန်းနေတယ်..။
အမှောင် ထဲကို တိုးဝင်သွားတဲ့ ရထားကို ငေးကြည့်နေရတဲ့ အချိန်ဟာ တွေဝေမွန်း ကြပ်စရာ ကောင်းသလိုရှိပြီး သိပ်လည်း လျို့ဝှက်သဲဖို ဆန်နေတယ်။

ရာဆာအာရာဖတ်ဟာ သူပိုင်မြေကြီးကို တယုတယ ဆုတ်ယူ နမ်းရှိုက်တယ်ဆိုတာ ရူးသွပ်မှုတစ်ခုလို့ ဘယ်တော့မှ ပြောဖြစ်မယ်မထင်ဘူး..။
တစိမ့်စိမ့်တိုး ၀င်လာတဲ့ အားအင်တွေနဲ့ နှလုံးသားက တဖျတ်ဖျတ်ခါလာ တယ်..။ ရင်ပြင် တစ်ခုလုံး လှိုက်လှဲ ကြေကွဲလာခဲ့တယ်။
အရှိန်ငြီးငြီးလောင်ကျွမ်းနေတဲ့မီးလုံးတစ်လုံးလိုလိမ့်လာခဲ့တာမို့နီးစပ်ရာတွေကို ကူးစက်လောင်ကျွမ်းလိမ့်ဦးမှာလည်း သေချာနေတာပေါ့..။

ခင်ပွန်းသည်ကိုမနိုင်မနင်းတွဲပိုးပြီးဘူတာကခုံတမ်းလေးပေါ်မှာ လှဲမှီ နေလိုက်စေတယ်..။
ဇက်ကျိုးပြီး ဦးခေါင်းငိုက်စိုက်ကျနေတဲ့ ခင်ပွန်းသည်ရဲ့ မျက်နှာကို လက်ဖ၀ါးလေးနှစ်ဘက်နဲ့ အသာညှပ်အုပ်ကိုင်လိုက်ရင်း အကိုကြီး ရောက်ပြီသိလား.. ၊
တိုးတိုးဖွဖွလေး ပေမယ့် လှိုက် လှဲတုန်ခါ နေတယ်..။
အင်းလို့မပီမသ ညည်းညူသံနဲ့ ဖြူဖွေးအေးစက်ချင်နေတဲ့ နှုတ်ခမ်းတွေကို မကြည့်ဖြစ်အောင် မထိမ်းချုပ် နိုင်ခဲ့ဘူး..။
ကိုကြီးသက်ရော သက်သာရဲ့လား..၊ ကလေး တွေဆီ ရောက် တော့မှာလေ..၊
ခပ်မြန်မြန်ညိမ့်ပြလိုက်တဲ့ ခေါင်းအဆတ်ကိုကြည့်ပြီး အား တက်လာ သလိုရှိသွားမိတယ်..။
ညက ချောက်ချားစရာ ကောင်းလောက် အောင် တိတ်ဆိတ်ငြိမ်သက်သွားပြန်တယ်..။
ဒီနေ့မှ ခရီးအသွား အလာတွေ မရှိသလောက် နည်းပါး နေခဲ့တာလား..။
အခြေအနေက တစ်မျိုး ကျေနပ်စရာ ကောင်းနေခဲ့ပြန်တယ်..။

ဒါပေမယ့်ဆိုက်ကားက ကြိုမှာမထားရတော့ တစ်စီးမှကို မရှိဘူး…….. ကိုကြီး..။
ကျွန်မ အိမ်ကိုသွားနိုးမှရမယ်..။ အိမ်မှာ သိန်းဝင်း ဆိုက်ကား ရှိတယ်လေ..။
ကိုကြီးဒီနေရာလေးမှာပဲနေခဲ့နော် ။

ငြိမ်သွားတဲ့အဖြေကြောင့်နေရာကရွှေ့လို့မရပြန်ဘူး..။
လက်ဖ၀ါး ချင်း တင်းတင်း ဆုတ်ကိုင်ထားတဲ့ အတွေ့ဟာ နှလုံးအိမ်ချင်းကို
အကျစ် လစ်ဆုံးချည်နှောင်ထားသလိုရှိနေတယ်..။

ဒီလိုအချိန်မှာ တစ်ယောက်ကို တစ်ယောက်မျက်စိအောက်က အပျောက်မခံနိုင်ကြလောက်အောင်
အပြန်လှန် အားကိုးနေခဲ့မိကြတယ်။

ကြင်နာမြတ်နိုးနေမိခဲ့ကြတယ်။
အေးအတူ ပူအမျှ၊ ဆိုးတူ ကောင်းဘက် ဆိုတာတွေနဲ့ ရဲဘော်ရဲဘက်ဆိုတာက စိတ်ဝိဥာဉ်တွေကို
စေးစေးပိုင်ပိုင် ခိုင်မာ သိပ်သည်းနေစေခဲ့တယ်။

သူတို့နှစ်ယောက်အတွက် သောက အပြည့်နဲ့ ဆုတောင်းပေးနေကြမယ့် မျက်ဝန်းတွေကို မြင်ယောင် သွားမိသေးရဲ့..။
ဒီလိုအခြေ အနေမျိုးနဲ့ ဒီလို ဒုက္ခအတိုင်းအတာ အထိတော့ ဘယ်သူမှ ပူပင်တွေးထင်မိကြလိမ့်မယ် မထင်ဘူး..။
လက်ဖ၀ါး ကို မသိမသာလေး ဖြေချလိုက်ပြီး.. ။
နော်...အကိုကြီး ခဏလေးပါ ၊ သိပ်မှမဝေးတာလို့ ခပ်တွဲ့တွဲ့ ပြောလိုက် ပြန်တော့မသိမသာလေးခေါင်းငြိမ့်ပြရှာတယ်..။
စိတ်မချဘူးတစ်ယောက်တည်း ဆိုတာကိုမျက်ဝန်းတွေနဲ့ပဲ့တင်ထပ်အောင်ပြောလိုက်တော့။
အို...ဒါ...ကျွန်မမြို့ပဲဟာ ကိုကြီးကိုသာစိတ်မချတာလို့ မျက်ဝန်းတွေနဲ့ပဲ
နွေလယ်တည့်တည့်ရဲ့ညသန်းခေါင်ဟာ လေပူတွေနဲ့ချွေးစေးပြန် နေခဲ့တယ်..။

ညထဲမှာ ပျော်ဝင်နေတဲ့ရနံ့တွေက ပိုပြီးသိပ်သည်း လာသလိုပဲ..။
ခုံတန်းလျားလေးကိုမှီထားတဲ့ခေါင်းငိုက်စိုက်ပုံရိပ်ကိုအကွေ့နေရာမရောက်ခင်အထိ
သမင်လည်ပြန် လှည့် လှည့် ကြည့်နေမိတယ်..။

စူးစူးဝါးဝါး ထိုးဟောင်လိုက်တဲ့ ခွေးတွေကိုတော့ ဘာအရေး လဲ..။
အကွေ့ကျော်တာနဲ့သုတ်ချေတင်လိုက်တဲ့ခြေဖ၀ါးတွေမှာ ဒီလောက်လောင်မြိုက် ကြေကွဲ၊
ပူပန်စိုးရွံ့မှုတွေ လိမ်းကျံထူထဲနေခဲ့လိမ့်မယ်မှန်းဘယ်တုန်းကမှ မတွေး ထင်တတ်ခဲ့ဘူး။


ဒီလမ်းတွေပေါ်မှာဆယ်ကျော်သက်မလေးတစ်ဦး နှစ်ဘက်ခွဲပြီးချ ထားတဲ့ ကျစ်ဆံမြီးလေးရဲ့ အရိပ်တွေ စွန်းထင်နေခဲ့ဖူးပြီး ၊ ကြည် စင်ချို အေးနေတဲ့ ရယ်မောသံတွေ ဖိတ်ကျနေခဲ့ဘူးတာပေါ့။
ဆယ်တန်းအောင်ဖို့ဆိုတာသိပ်ကိုခက်ခဲပြီး ပညာတတ် ရှားပါး ခက်ခဲတဲ့ခေတ်ကြီးထဲမှာ ၁၅နှစ်ကျော်ကျော်လေးနဲ့ ဆယ်တန်း ကိုနှစ်ချင်း ပေါက်အောင်မြင်သွားခဲ့တဲ့သမီးအတွက်
အဖေတစ်ယောက်ရဲ့ဂုဏ်ယူဝံ့ကြွားမှုတွေ၊ အနာဂါတ်အသစ်တွေ လိမ်းကျံနေတာပေါ့..။
ဟိုး..ခေါင်တယ်ဆိုတဲ့နယ်ကိုမှတာဝန်သွားကျတဲ့ ကျောင်းဆရာမ ပေါက်စလေး အတွက်ဆွေမျိုးညာတိတွေရဲ့ စိုးရိမ်သောက၊ပူပင်ကြောင့်ကျတွေ ထပ်ထပ်ကြမ်းခဲ့ဖူး တာပေါ့။
အခုဒီလမ်းကိုဖြတ်လျောက်ပြီး၊
သန်းခေါင်သန်းနွှဲမှာ သေကောင် ပေါင်း လဲဖြစ်နေတဲ့ခင်ပွန်းသည်ကိုတွဲပြီး၊
သောကတစ်ထုတ်တစ်ပိုးနဲ့ ရုတ် တရက်ကြီး ရောက်ချ လာတဲ့ သမီးကြီးကို ဖအေက ဘယ်လို နှလုံးသား နဲ့ဆီးကြိုမှာပါလိမ့်..။
လ၊ ရက် ရှည်ရှည်သူတို့ဘေးကရုတ်တရက်ပျောက်ရှနေတဲ့ ၊
ဖေကြီးကိုပို ချစ်ပါတယ်လို့ အတိအလင်းကြော်ငြာထားခဲ့တဲ့ သူတို့ ဖအေ လူမမာကို သူ့သားသမီးနှစ်ယောက်က ဘယ်လိုနာကျဉ်တုန်လှုပ်မှုမျိုးနဲ့ လက်ခံမှာပါ လိမ့်..။

အမှောင်ထဲကို တရွေ့ရွေ့တိုးဝင်နေပုံဟာ ဘယ်နေရာမှာ အဆုံး သတ်မယ်မှန်းမသိတဲ့ တွင်းနက်ကြီးထဲကို အရှိန်ပြင်းပြင်း ပစ်ချခံလိုက် ရတဲ့ ခဲ တစ်လုံးလိုရှိနေလိမ့်မလား။
အရှိန်ငြီးငြီး လောင်ကျွမ်းနေတဲ့မီးတောက်တွေဟာ.. ကိုယ့်ဟာ ကိုယ် ပူလောင်ဖို့ တော့ မေ့လျော့နေတတ် ကြပြန်တယ်.။

+++++++++++++++++++++++++++++++++++++++++++

ခရီး(၂)။

ညဟာ မူးဝေ မိန်းမောစေနိုင်တဲ့ရနံ့တွေကိုသိုဝှက်ထားတဲ့ လှပ မွှေးပျံ့လွန်းတဲ့ ပန်းရိုင်းတစ်ပွင့်လည်းဖြစ်ခဲ့တယ်။
ဆတ်ဆတ်ကော့ကော့ နိုင်လွန်းလှတဲ့ လေပြည်မှာ နှလုံးသား တစ်ခုလုံးကလည်း တဆတ်ဆတ်ခါချင်နေခဲ့တဲ့ ။
ဒီကိစ္စမှာ ညရဲ့ ဖျား ယောင်းမှု က ၁၀ရာခိုင်နှုန်း ၊ ချစ်တတ်ခြင်းက ၆၀ရာခိုင်နှုန်းနဲ့ ၊ အား ကိုးလေးစားခြင်းတို့က ၃၀ရာခိုင်နှုန်းတို့ တိတိကျကျ ပါဝင်နေလိမ့်မယ်..။
ရပ်ရွာကို သိပ်ချစ်ပြီး အစစအရာရာ ဦးဆောင်ဦးရွက်နဲ့ လေးစား အားကိုးကြရတဲ့ ၊
တည်ကြည်ဖြောင့်မတ် သလောက် ၊ မတရားဘူးထင်ရင် ဘယ်သူ့အတွက်မဆို နည်းနည်းလေးမှ ခေါင်းငုံ့မခံတတ်တဲ့၊
ရင်ဆိုင်ဖြေရှင်း ပေးဖို့လည်း အမြဲတမ်းအဆင်သင့်ရှိနေတတ်တဲ့၊ ပျော်ပျော်နေတတ်သလောက် ၊သွေးအေး တည်ငြိမ်တဲ့၊
ကိုယ့်ထက် ကိုးနှစ်တိတိကြီးပြီး ကိုယ့်အပေါ်၊ကြင်နာတတ်လွန်းတဲ့ လူမျိုးကို ခင်ပွန်းအဖြစ် ရွေးချယ်မိလိုက်တာဟာ နောင်တရ စရာလို့ ဘယ်တော့မှ ထင်မိမှာမဟုတ်ဘူး..။
သူ ဦး ဆောင်ဦး ရွက်ပြုမယ့် အိမ်ထောင် ဟာ ဘယ်လောက်များ နွေးထွေး သာယာနေလိုက်မလဲပေါ့..။
ဒါပေမယ့် အဖြူရှိပြီး အမည်းရှိသလိုမျိုး ၊ ဒီက ရွာ ဟောင်း နဲ့ရွာ သစ်လို ဆန့်ကျင်ရာအရပ်ကို တစ်စတစ်စဝေးကွာနေကြ သလိုမျိုး၊
ချစ်သူတွေ ရှိတဲ့ အရပ်မှာပဲ မုန်းသူလည်း ရှိနေနိုင်သေးတဲ့အကြောင်းကိုတော့ နည်း နည်းလေး တောင် တွေးထင် မကြည့်တတ်ခဲ့ကြဘူး..။
သူတို့ရဲ့ ဂေါ်မစွံ လူပျိုကြီး နဲ့ သိပ်ကို ယဉ်ကျေးလှပတဲ့ တစ်ရွာသူ ဆရာမလေးတို့ ဇာတ်လမ်းကို ၀မ်းသာအားရပြော နေကြမယ့် ရွာသူ ရွာသား တွေရဲ့ ညချမ်းမှာ
ဖေဖေက သူ့အားအထားဆုံး သမီးကြီး အတွက် တိတ်တဆိတ် မျက်ရည်ကျ နေခဲ့ရှာသတဲ့။

ဟင့်အင်း..။

ညဥ့်လေဟာ ရင့်ရိုင်းစိုစွတ်နေပေမယ့် အရာရာကို မေ့လျော့ချင် လောက်အောင် ချိုအီနွေးထွေးနေခဲ့တယ်.။
တစ်စိတ်တည်းတစ်ဝမ်းတည်းမြဲမြဲ ဆုတ်ကိုင်လိုက်ကြတဲ့ တွဲလက်တွေဟာတစ်သက်လုံးအတွက်ပေါ့..။
ချစ်သူ့ရင်ခွင်သည်ကား ငြိမ်းချမ်းနယ်မြေဆိုတဲ့သီချင်းစာသားတွေက
တဖြည်းဖြည်းလှပသိပ်သည်းလာခဲ့တယ်..။

အို.....သံသရာဆွဲဆန့်လို့ ဘယ်လောက်ပဲ ရှည်ပါစေတော့ကွယ်..။
အဖေတူတဲ့ သမီးနဲ့၊ အမေတူတဲ့ သားလေးကို တယုတယ ပျိုးထောင်ကြရမယ့် လက်တွေဟာဘယ်တော့မှမကွဲကွာနိုင်ကြတော့ဘူး ပေါ့..။
တစ်ယောက်ရဲ့ ယုံကြည်ချက်ဟာ တစ်ယောက်ရဲ့ ရင်ခုန်သံ ဖြစ်လာပြီး.. ၊
တစ်ယောက်ခြေသံတွေနဲ့ တစ်ယောက်ခရီးဆက်ခဲ့ကြတယ်..။

ကြမ်းတမ်း ခက်ထန်တယ်ဆိုတဲ့ နေ့တွေ ရက်တွေကိုတောင်မှ အတူရှိနေကြတယ်ဆိုတာတစ်ခုနဲ့တင် ချိုမြိန်နေတတ်ခဲ့ကြတာ...။

+++++++++++++++++++++++++++++++++++++++++++

ခရီး(၃)။

ညဟာ ကျိန်စာတွေကို သံစဉ်သွင်းထာတဲ့ တေးသီချင်း တစ်ပုဒ် လည်းဖြစ်ပြန်တယ်။
ရှိုက်ထုတ်ရလွန်းနေတဲ့ သက်ပြင်းပူပူတွေနဲ့ လေထု တစ်ခုလုံးပါးကျဲသလိုရှိနေတယ်။
ညထဲမှာ စိမ့်ပျော်နေတဲ့ ရနံ့တွေဟာ စိမ်းရွှေ ရိုင်းစိုင်းပြီး တစ်စတစ်စ စိုးရိမ်လှုပ်ခတ်စရာ ကောင်းလာကြတယ်။
မဟုတ်ဘူး..။
မဖြစ်နိုင်ဘူး....ဆိုတဲ့ အထပ်ထပ်ပဲ့တင်နေတဲ့မှတ် ချက်ကို လက်လျော့ လိုက်ရချိန်မှာတော့ ဆေးရုံဝန်းထဲက သွေးရှုးသွေး တမ်းထွက်ပြေးလာခဲ့တယ်..။

တစ်ရံမလပ်အပ်ထားမိတဲ့ မျက်နှာတစ်ခုရဲ့ အရိပ်အခြေကို ဘယ်သူက ပိုသိနိုင်ဦးတော့မှာလဲ...။
ဆေးရုံတင်တာနောက်ကျသွားတယ်ဆိုတဲ့ဆရာဝန်ရဲ့မှတ်ချက်ဟာသိပ်ကို နာကျည်းကြေကွဲစရာ ကောင်းတဲ့မှတ်ချက်တစ်ခုပဲ..။
ဘယ်သူ့ကိုမှ နောက်ဆန်ငင်မနေရတော့အောင် သတိ လုံးလုံး ကင်းမဲ့ နေတာလို့အကောင်း ဘက်ကတွေးကြည့်ရမလား..။
နှုတ်ဆက်မှာကြားခြင်းကို ဖေါ်ဆောင်မယ့် အကြည့်ယဲ့ယဲ့လေးတစ်ချက်မှတောင်ရခွင့်မရှိတော့တာဟာ ဘ၀ရဲ့နောက်ထပ် ဆုံးရှုံးခြင်းများလား..။
ဆေးရုံကိုချက်ချင်းမတင်နိုင်ဘဲသင့်လျော်သလို နေထိုင် ရှောင်တိမ်း နေကြခဲ့ရတာအတွက် ဘယ်သူ့ ကို အပြစ် တင် ဆဲရေး ပစ်လိုက် ရမလဲ..။
အို.. ဒီလောက် ချွဲတဂူးဂူးနဲ့ မချိမဆန့် နာကျဉ် ပင်ပမ်း လွန်းနေတဲ့ ခင်ပွန်းကို ဘာမှ ဖြည့်ဆည်း၊ဖေးမ မပေးနိုင်တော့တဲ့ ဇနီး သည်တစ်ယောက်အဖြစ် နဲ့
စိတ်လျော့လက်လျော့ကြီး ဇိမ်ပြေ နပြေထိုင် ကြည့်နေရဦးမှာလား..။
ချစ်သူ့ရဲ့နှုတ်မဆက်နိုင်တော့တဲ့တစိမ့်စိမ့်ခွဲခွာသွားခြင်းမှာ တဖြည်း ဖြည်း ကျန်နေရစ်ရမှာလား..။
မခံနိုင်ဘူး...။

မမကြီးဆိုတဲ့ အငယ်မရဲ့ အသံကိုလည်းမကြားချင်တော့ဘူး..။
အသားကုန်ပြေးထွက်လာတဲ့ခြေလှမ်းတွေဟာ ဘူတာဘေးကဖြတ်လာတော့
ဆောင့်အဆွဲခံလိုက်ရသလို ရပ်တန့်သွားခဲ့တယ်။

မှောင်မဲတိတ်ဆိတ် နေတဲ့ ဘူတာရဲ့ချောင်ကျကျ နေရာက ထိုင်ခုံလေးပေါ်မှာ...။
အိုဘယ်လိုမှ စိတ်မချနိုင်ပါဘူးဆိုတဲ့ မျက်ဝန်းအကြည့်တွေ..။
လက်ဖ၀ါးတွေကိုမလွတ်တမ်း တင်းကြပ်နေအောင်ဆုတ်ကိုင်ထား တဲ့ နောက်ထပ် လက်ဖ၀ါး တွေ...။
အို ဘုရား... ဘုရား.. ၊ သူ့ရဲ့ အဆမတန် တင်းမတ်ထားရတဲ့ စိတ် တွေကို သမီးနဲ့သားကို တွေ့ပြီးသွားလို့ လျော့ချလိုက်တာလား..။
ဒီလောက်ရိုးစင်းတဲ့မိသားစုထဲကို ဒီလောက်ရက်စက်ဆိုးဝါးတဲ့ကံကြမ္မာမျိုး
ရောက်လာတယ်ဆိုတာကရော ဟုတ်နိုင်ပါ့မလား..၊

အခက်အခဲ၊ အကြပ် အတည်းတွေကြားထဲက အုတ်ဖိုသွားချင်တယ် ဆိုတာကရော...
သားနဲ့ သမီးကို ဘယ်လိုပြောပြရမလည်း..။
ဖေကြီးက မနိုးသေး ဘူးလားလို့ မေးတတ်တဲ့ အငယ်ကောင်လေးရဲ့ မေးခွန်းတွေ၊
မအေရဲ့ မျက်နှာရိပ်မျက်နှာခြေကြည့်နေရှာတဲ့အကြီးမကြီးရဲ့မျက်ဝန်းတွေ...
အို အဆုံးအစမရှိတဲ့ လေဟာနယ်ထဲကို စိတ်ရောကိုယ်ပါ တစ်စစီ ပေါက်ကွဲလွင့်စင် ထွက်သွားသလိုလို..။

သမီးဆိုပြီး ဆွဲပွေ့လိုက်တာဟာ ဖေဖေပဲ..။
ထုံကျဉ် အေး စက်နေတဲ့ ရုပ်ခန္တာတစ်ခုလုံးကို အားမရနိုင်တော့ဘူး..။
နာကျဉ် ပူပြင်း နေလွန်းတဲ့ စိတ်အခြေအနေကို ခံနိုင်ရည်မရှိတော့ဘူး..။
ဒိုင်းကနဲ ဆောင့်တိုက်လိုက်တဲ့အသံနဲ့ ဦးခေါင်းတစ်ခုလုံး နာကျဉ်မူးဝေသွားတော့မှ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်စီးကျလာခဲ့တယ်..။
ဟုတ်တယ် ဖေဖေ..ရဲ့ ... သူ..။

ဖေကြီးပြန်လာပြီတဲ့ ဆိုပြီး လှေခါးက တဒိုင်းဒိုင်း ဆင်းချသွား တဲ့ သမီးကြီးကို မတားမြစ်မိတော့ဘူး..။
ဗလုံးဗထွေး အော်ဟစ်သံနဲ့ အိမ်ပေါ် ပြန်ပြေးတက်လာပြီး သွေးပျက်ခမန်း လူးလှိမ့်ငိုယိုနေတဲ့ တိုင်နဲ့ခေါင်းနဲ့ပစ်ဆောင့်ချလိုက်တဲ့ သမီးကြီးကို မချော့မြှူ၊မဖျောင့်ဖျနိုင်တော့ဘူး..။
အိပ်မှုန်စုံမွှားလေးနဲ့ထထိုင်ပြီး အားလုံးကိုကြောင်ကြောင်အအလေးငေးနေရှာတဲ့ သားငယ်လေးကိုမထွေးပိုက်မိတော့ဘူး..။
သမီး ငိုလိုက်စမ်း..။
ငိုချလိုက် စမ်းဆိုပြီး တအိအိရှိုက်ငို နေတာ ဖေဖေပဲပေါ့..။

အို...။ မနက်ဖြန်ဆို ဘာတွေဖြစ်ဦးမှာပါလိမ့်..။
အခု..အတူတကွရင်ဆိုင်ဖြေရှင်းနေရသမျှတွေကို ဒီအတိုင်းပစ်ချခဲ့ပြီး တကယ်ပဲထွက်ခွာသွားပြီလား...။
ဥိးဆောင်ဦးရွက်နဲ့ ဒီမတရားသဖြင့် လီဆည်ခင်းကျင်းထားတဲ့ အမှုအခင်းကို သွေးအေးအေး ဦးဏှောက် ကြီးကြီးနဲ့ ရင်ဆိုင်ဖြေရှင်း မပေးခဲ့တော့ဘူးလား..။
ဘယ်လောက်များ...နောက်ဆန်တငင်ငင်နဲ့ထွက်ခွာသွားလိုက်ရမယ့် ခရီးကြီးလဲ..။
ဘာတွေကိုများတတွတ်တွတ်မှာကြားချင်နေလိုက်မလဲ..။
အသက်သုံးဆယ်စွန်းစွန်း မြေဖြူနဲ့ ကလေးပုခက်ကိုပဲ ကိုင်ခဲ့ဖူးတဲ့ ဇနီးသည်လေးရဲ့ လက်ဖ၀ါး အစုံအတွက် ဘယ်လောက် စိုးရိမ်ကြောင့်ကျ သွားလိုက် ရှာမလဲ..။

ညက တဖြည်းဖြည်း အေးစက်ရင့်ရော်နေခဲ့တယ်..။
ညရဲ့ရနံ့ဟာ မခံမရပ်နိုင်အာင်ကို ညှီဟောက်နေခဲ့တယ်…။

ရင်ဆိုင်ရဦးမယ့်နေ့ရက်တွေအတွက် အသင့်ပြင်ထားရဦးမယ် မဟုတ်လား..။
ငိုချလိုက်ပါ မမကြီးရယ်ဆိုတဲ့ ညီမလတ်ကို အော်ငေါက် ပစ်လိုက်မိတာလား..။

လောလောဆည်မှာတော့ မျက်ဝန်းအားလုံးနဲ့ အဝေးဆုံးကို ထွက်ပြေးချင်နေခဲ့တယ်..။

နွေလည်ညရဲ့ လေပြည် ရိုင်းရိုင်းဟာ ရင်ထဲကမီးတွေကိုမြှောက်ပင့် ပေးနေခဲ့သေးလား..။
အထုံးအနှောင်မဲ့ ဖွာဝဲကျနေတဲ့ဒီဆံနွယ် အရှည်ကြီးကို ချစ်သူက သိပ်မြတ်နိုးတာပေါ့..။
လမ်းမီးရောင်အောက်မှာ ရဲမြနေအောင်ပွင့်ခဲ့တဲ့ စိန်ပန်းပွင့်ချပ် အကြွေတွေကို အသာဖွဖွ လျောက်ကောက်နေမိတော့ ဖေဖေက စိုးရိမ် တကြီး ရပ်ကြည့်နေရှာတယ်..။
အနီတွေ..။ ရဲရဲတောက်နေတဲ့ အနီတွေ ။ အို အကိုကြီး သိပ်ကိုကြိုက်တဲ့ အရောင်ပေါ့ကွယ်..။

+++++++++++++++++++++++++++++++++++++++++++

ခရီး(၄)။

ညက အလွမ်းနဲ့ ရန်ငြိုးတွေကို ကြောင်လက်သည်းလို ၀ှက်ထား ပေးနိုင် တယ်။
နဖူးပြင်ကို နွေးညက်သွားစေတာဟာ နှုတ်ဆက်အနမ်းပေါ့..။
ကလေးတွေရဲ့ခြင်ထောင်ကိုအသာလေးပြန်ချထားလိုက်တဲ့သူ့မျက်နှာက ဆုံး ဖြတ် ချက်တွေနဲ့ ရဲရင့်ခိုင်မာနေခဲ့တယ်..။
အစစအရာရာ စိတ်ချပါရစေဆိုတာ တတွတ်တွတ်ပြောနေခဲ့တဲ့ စကားပေါ့..။
ကြေကွဲညှိုးငယ်လွန်းနေတဲ့ မျက်ဝန်း တွေကတော့ မမြင် ရက်စရာပါ ပဲ..။

ပုဂ္ဂလိကဆန်တဲ့အပြင် အတော့်ကို သိမ်းဖျင်းအောင်တန်းကျ တယ်လို့ ပြောလို့ရတဲ့ ရန်ငြိုး ရန်ကြွင်းတွေကို အခြေခံထားပြီး
အုံနဲ့ကျင်းနဲ့ လုပ်ဇာတ်ဆင်ဖွဲ့နွဲ့ထားတဲ့ ဥပဒေအခင်းအကျင်းမှာ သူမပါ ကန့်လန့်ပါ နေတာ အတွက် သူက ရင်ထုမနာ ဖြစ်နေခဲ့ရှာတယ်..။
တရားကို နတ် စောင့်တယ်..၊ ငါ တို့ သစ္စာတရားက ငါတို့ကိုကယ်တင်လိမ့်မယ် ဆိုတာကို သူက ယုံယုံကြည်ကြည်ထက်ထက်သန်သန်ကြီး ပြောဆိုနေခဲ့ရှာ သေးပေါ့..။
ဒါဟာ ကိုယ်သားသမီးတွေရဲ့ အနာဂါတ်အတွက်နဲ့ပါဆိုင်တယ် ဆိုတာက ကဗျာ တစ်ပုဒ်လိုလွှတ်လှ နေခဲ့တယ်..။

သူတို့ကိုမနိုးတော့ဘူးနော်ဆိုတာ တို့တွေ ရက်ရက် စက်စက် ကြီးကို မှားခဲ့ကြတဲ့အမှား...ပဲ။
ကလေးတွေအတွက် သူ့ဖခင်ရဲ့ ခပ်သြသြကြီး ရယ်မောလိုက်သံကို နောက်တစ်ခါ ထပ်ကြား နိုင်ကြရဦး မယ် ပေါ့..။
သူ့အဖေလက်မောင်းကို အလုအယက်ခိုစီးပြီး ဖေဖေကြီး ကိုချစ် တယ်ဆိုတဲ့ တေးသီချင်းကို အသံကုန်သီကျွေးခွင့်လည်ထပ်ရကြဦး မယ်ပဲပေါ့။

ကိုကြီး သွေးတက်စာတွေမစားနဲ့နော်..။
အအေးသိပ်မခံနဲ့နော် ဆိုတာခင်ပွန်းသည်တစ်ယောက်အတွက်ဇနီးသည်ရဲ့ကြောင့်ကျ..။
အကိုအကြီး ဆုံးအတွက် အငယ်ဆုံးညီမလေးရဲ့ စိုးရိမ်သောကတွေလို့လည်း ပြောလို့ ရနေသေးရဲ့ကွယ်.. ။
တစ်စတစ်စအမှောင်ထဲကိုတိုးဝင်ပျောက်ကွယ်သွားတဲ့ကျောပြင်ကို ကြည့်ပြီး အံကို တင်းတင်းကြိတ်ထားမိခဲ့တယ်..။

အမှန်တွေက မှားသွားသလား..၊ အမှားတွေအားလုံးမှန်သွားခဲ့တာ လား..။
အမှန်တရားဆိုတာအင်အားလား၊ငွေကြေးဓနလား၊လုပ်ပိုင်ခွင့်တွေလား..။
ဘယ်လို ဖြေရှင်းရမယ်မှန်းမသိတဲ့ ပုစ္ဆာ တစ်ပုဒ်ကို အတူတကွ ဖြေရှင်းကြ ဖို့ဖန်တီးလာခဲ့တယ်လေ..။
အငြင်းပွားမှုတွေ ၊အတ္တမာနတွေ၊ဒေါသမောဟတွေ၊စွဲချက်ပုဒ်မတွေ၊ တရား တဘောင်တွေ၊ နောက်ဆုံး စစ်ပွဲတွေ...၊
တစ်မြေတည်းနေ တစ်ရေတည်းသောက်၊ တစ်ကျောင်းတည်းတက် တစ်စာထဲအံခဲ့ကြတဲ့၊ လည်ပင်းဖက် ပေါင်းဖော်လာကြသူတွေမှာတောင်
ကိုယ်ယုံကြည်ရာ ကိုယ်စွဲထင်ရာနဲ့ ပတ်သက်လာရင် ဘာကိုမှသတိမရနိုင် လောက်အောင်
နာကျည်း မုန်းတီး တတ်ကြတယ်၊

ရက်စက် ကောက် ကျစ်နိုင်ကြတယ်ဆိုတာကို ဒီရွာလေးကို ရောက်မှ သေသေချာချာ သိရှိသွား ခဲ့ရတယ်..။
အို ကိုကြီးနဲ့အတူ အရာရာကို ရင်ဆိုင်တိုက်ခိုက်ဖို့ အဆင် သင့်ရှိနေပါတယ်လို့ သွေးရူးသွေးတမ်းဆန်ဆန် အထပ်ထပ်ပြော နေမိခဲ့သေး ရဲ့...။

ဘ၀ထဲက တိုက်ပွဲငယ်တစ်ခုလို၊ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကျော ချင်းကပ်ပြီး ရွတ်ရွတ်ချွံချွံ ရင်ဆိုင်တိုက်ခိုက်ကြဖို့ နှလုံးသွေးတွေ နဲ့ရင်းပြီး
သစ္စာပြုလိုက်ကြချိန်မှာ ကံကြမ္မာဆိုတာကြီးကိုတောင် မေ့လျော့ နေခဲ့မိကြ ပါရော....။

ဒီညမှ ချွဲချွဲ ငင်ငင် မြည်ကျွေးနေတဲ့ ဥသြငှက်ကလေးဟာ.. ဖိတ်လျှံကျနေတဲ့ အလွမ်းတွေကို မြင်တွေ့ သွားလေလို့များလား..။
ညထဲမှာ စိမ့်ပျော်နေတဲ့ ခရမ်းရောင်တွေဟာ စိတ်ညစ်ညူးစရာ သင်းထုံ နေခဲ့တယ်..။

ချစ်သူနဲ့ ကွေကွင်းရခြင်းဆိုတဲ့ ဝေါဟာရတွေ…...။
အို...အဲ ဒီ အချိန်မှာ အဲဒီစကားစုတွေက ထင်သလောက် လေးပင် မနေကြသေးဘူး..။
ခြေဖျားထောက်ပြီးမွှေးကြူလိုက်တဲ့ အနမ်းမှာတော့ အလွမ်း ကျင်ကျင် တွေနဲ့ အနာတရတွေက မှိုင်းအုံလို့ရယ်...။
ချစ်သူက သူ့ပါးပြင်ပေါ်စွန်းသွားတဲ့ သူမမျက်ရည်တွေကို တယုတယ တမြတ်တနိုး သယ်ဆောင်သွားလေရဲ့..။

+++++++++++++++++++++++++++++++++++++++++++

ခရီး(၅)။


ညဟာ မဆုံးနိုင်သေးတဲ့ ခရီးကြမ်း တစ်ခုလည်းဖြစ်သေးရဲ့..။
မှောင်မည်းတိတ်ဆိတ်နေတဲ့သန်းခေါင်ယံခရီးမှာ ငေးချင်ရာ ငေးနေ ရတာက စိတ်တွေ နေလို့သိပ်ကောင်းတာပေါ့...။
ကောင်းကင်မှာဖျောက်ဖျောက်ချားချား ထင်နေတဲ့ကြယ်တွေကို ယောင်ရမ်းပြီး ရေတွက်ကြည့်နေမိသေးရဲ့..။ဟိုးဝေးဝေးကလွင့်ကြွေသွားတဲ့ ကြယ်ဟာ သူပဲဖြစ်မှာပါ..။
အေးမြလတ်ဆတ်နေတဲ့ လေထဲမှာခပ်မြမြပါနေတာဟာ ဘာရနံ့ တွေလဲ..။
ရင်ဆိုင်ကြုံတွေ့ရဦးမယ့် အနာဂါတ်အတွက် လှုပ်ရှားစိတ် စော လွန်းနေရတဲ့ ဇောရနံ့တွေများလား…။
ဟိုး…တရွေ့ရွေ့ဝေးကျန်ရစ်တာဟာ သူ သိပ်ချစ်တဲ့ ထိန်တော ဆိုတဲ့ရွာလေးပေါ့..။
ကြီးတောင့်ကြီးမားနဲ့ ပိုးပန်းစဉ်ကရှက်ကိုးရှက်ကန်း အပြုံးကိုမြင်ယောင်မိလိုက်တော့ ရင်ကနင့်သွားအောင်နာကျဉ်လာမိပြန်တယ်..။
မျက်ရည်ဆိုတာကို ဘယ်အချိန်ရောက်မှ ကျနိုင်တော့မလဲ..။
ဘ၀မှာ မျက်ရည်ထက် လေးနက်ခန့်ထည်တဲ့ အရာရှိနေ သေးတယ်ဆိုတာကို တအံ့တသြ သင်အံသိရှိ လိုက်ရပြီလေ..။

အကိုကြီး အခုဆို ဘယ်နေရာမှာလဲဟင်..။ သင်သွားလိုရာသွား နိုင်သည်ဆိုတဲ့အတိုင်း အမှန်တကယ်ပဲ လွတ်မြောက်ချမ်းသာ ခွင့်ရရှိ သွားပြီလား..။
ဟုတ်ပါ့မလား..။
ဟုတ်မှာပါ…..။
ဟုတ်ပါစေကွယ်..။

သူမကတော့ သူနဲ့အတူသွားရမယ်ဆိုတဲ့ခရီးကြမ်းကို တစ်ယောက် တည်း ရဲရဲဝံ့ဝံ့ လှမ်းထွက်ခဲ့ပါရော..။
သူပြောဖူးတဲ့ တရားကိုနတ်စောင့် တယ်ဆိုတဲ့ စကားနဲ့ သစ္စာတရား ကို ရဲရဲရင့်ရင့်ကြီး အဖေါ်ပြုလို့ရယ်လေ..။
မနက်ဖန်ဆိုဘာတွေဖြစ်လိမ့်ဦးမလဲ..။

အမှောင်တွေကြားထဲမှာ မမြင်ရတော့လောက်အောင် မှောင်အိ ကျန်ရစ်တဲ့ရွာ လေးဆီကို လှမ်းမျှော် မနေတော့ဘူး..။
နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေရှာတဲ့ ကလေးတွေရဲ့ ပါးပြင်ကို စိတ်ကူးနဲ့ မွှေးမြ ကြည့်မနေချင်တော့ဘူး..။
ကလေးတို့ရဲ့ အနာဂါတ်မှာ မေမေက ကြက်သအုပ်မကြီးလို ဘယ်သိမ်းစွန်ငှက်ကိုမဆို ရင်ဆိုင်ဖို့ ရဲရင့် နေမယ်ဆိုတာကိုတော့ တိုးတိုးဖွဖွလေး ကတိပေးခဲ့တယ်..။
ပုံပြင်သိပ်ကြိုက်တဲ့ သားလေးအတွက် သိပ်ကို စိတ်ဝင်စား စရာကောင်းပြီး တုန်လှုပ်အံသြစရာ၊ နာကျည်းရွံရှာစရာ ပုံပြင်တွေ သယ် ဆောင် လာနိုင်ခဲ့မယ် ထင်ပါရဲ့..။
ပန်းပွင့်လေးတွေကို သိပ်ချစ်တတ်ပြီး.. နှလုံးသား နူးညံ့လွန်းတဲ့ သမီးကြီးအတွက် ဆိတ်ဖလူးပန်းခြောက်လေးတွေကိုလက်ဆောင်ပေးလိုက်ရင်တော့ပျော်ရွှင်ကျေနပ်သွားလေမလားပဲ..။

ဘာပဲဖြစ်ဖြစ်
ဘ၀ဆိုတာမှာ ထင်မှတ်မထားပဲ ယုတ်မာ ရက် စက် လွန်းစွာ ချုံခိုတိုက်ခိုက်တတ်တဲ့ ရန်သူတွေရှိနေတတ်တဲ့အကြောင်းကိုတော့ ရေရေ လည်လည် ပြောကိုပြောထားရဦးမယ်....။

တဖြည်းဖြည်းအလင်းဖေါက်လာတဲ့ညဟာကျဲတောက်တောက်နိုင် လာတယ်..။
ညတွေရဲ့ ဟိုမှာဘက်မှာ အလင်းဆိုတာ ရှိနေနိုင်သေး တာပဲ..... ။

မနက်ဖန်မှာ ဘာဖြစ်လာလိမ့်ဦးမလဲ.။

မနက်ဖန်ဆို ဘာတွေရင်ဆိုင်ရလိမ့်ဦးမလဲ..။

အို... လောလောဆည်မှာတော့ အလင်း အနက်တွေ ချယ်သ ထားတဲ့ ညရထားကို စီးနင်းလာခဲ့တယ်.။ ။


အိန္ဒြာ(၁၆.၂.၂၀၀၇)

(မဟေသီမဂ္ဂဇင်း-၂၀၀၇ ခုနှစ်)

March 28, 2010

ဘောင်အကျိုးထဲက ဈေးပြဇာတ်

ဒီကဗျာကို ကဗျာဆရာမောင်လင်းခက်(ဟင်္သာတ) ကဗျာဆရာမလုံမငြိမ်းချမ်း(ခေါ်)ဝေနော်ရဲ့ အကို
ကွယ်လွန်ခြင်း(၃)နှစ်ပြည့် အမှတ်တရ
စုထုတ်ဖြစ်ခဲ့တဲ့ မှော်တောထဲက မီးအိမ် ဆိုတဲ့ ကဗျာစာအုပ်ကလေးထဲမှာ ရေးခဲ့တာပါ..။
၁၉၉၈ ခုနှစ်ကပါ။ အခုဆိုရင် ကဗျာလေးက ၁၂ နှစ်အရွယ်ရှိနေခဲ့ပါပြီ..။
ဘယ်မဂ္ဂဇင်းမှာ..မှ မပါဝင်သေးတဲ့ ကဗျာတစ်ပုဒ်လည်းဖြစ်ပါတယ်..။
ဘောင် အကျိုးထဲက ဈေးပြဇာတ် တဲ့
ကျွန်မတို့ ဘောင်အကျိုးထဲမှာလား..
အရောင်းအ၀ယ်သိပ်ဆန်တဲ့ ဈေးကွက်ထဲမှာလား..။
ပြဇာတ်တစ်ပုဒ်လို အစီအစဉ်တကျ ဖြစ်နေပျက်နေခဲ့တာလား..။
ဘယ်အချိန်ပြန်ဖတ်ဖတ် ဒီကဗျာကို လတ်ဆတ်အသက်ဝင်နေဆဲလို့မြင်လို့
ဒီနေ့ ဒီကဗျာလေးကို ထပ်တင်ဖို့စိတ်ကူးဝင်လာခဲ့ပါတယ်..။



++++++++++++++++

ဘောင်အကျိုးထဲက ဈေးပြဇာတ်

ရောင်းတယ်...
အဲဒီဈေးတန်းမှာ...။

ဘယ်တော့မှ အသားနုတက်မှာ မဟုတ်ဘဲ
ဖန်ရေဆေးနေရတဲ့
ခူစဉ်လိုက်အနာအိုင်းကြီးတွေ ရောင်းတယ်......

အအိပ်အနေကြီးလွန်းတဲ့ မြွေပွေးတစ်ကောင်ရဲ့လျှာနှစ်ခွနဲ့
ဖန်ပုလင်းထဲက ဆေးစိမ်ကင်းခြေများတွေ ရောင်းတယ်
ချွဲမဟတ်နိုင်တော့တဲ့ ဇီဝဇိုးမခံတွင်းနဲ့
သေခါနီးမျောက်သားအမိရဲ့ မျက်နှာထားတွေရောင်းတယ်

ဝံပုလွေတွေရဲ့ နှာသီးဖျားမှာ တဖျတ်ဖျတ်ပျံချင်တဲ့
လိပ်ပြာစိမ်းတွေရဲ့ ညာဖြောင့်လက်သီးတွေ ရောင်းတယ်
ကျေးလက်ရိုးရာစာကျက်ကွင်းတွေထဲက
ရေသူမတွေရဲ့ အကြေးခွံရောင်စုံတွေရောင်းတယ်

တကယ်တော့
အဲဒီဈေးတန်းကလေးကို
နရီချော်နေတဲ့ အထုပ္ပတ်ပေါင်းများစွာနဲ့
မျက်ဝန်းအစုံစုံရဲ့ ငတ်မွတ်ခြင်းတွေဖျော်ချပြီး
ဇာတ်ထွက်အမီ မွှေးထားခဲ့ရတာ....

အဲဒီဈေးတန်းကလေးမှာ
ကိုယ့်ကိုကိုယ် ရိုက်ခွဲပုလင်းထဲဝင်နေသူတွေနဲ့
ပွဲချင်းပြီးမွဲလိုက်ရတဲ့ မျက်ဝန်းမျက်ဆံတွေ ရောင်းတယ်

စံပယ်ခိုင်တွေရဲ့ ပွင့်ချပ်ပွင့်ဖတ်က
အာပတ်ဖြေသူတို့ရဲ့ ပေါင်းသင်လက်တွေ ရောင်းတယ်

သင်းကွဲမြို့ပြရဲ့နှုတ်ခမ်းကိုနင်းထားတဲ့
မလိမ်မိုးမလိမ္မာ မိုက်ဂိုက်တွေ ရောင်းတယ်

ပိုးစုန်းကျူးရင်ဘတ်ထဲကမီးလင်းဖိုနဲ့
အက်ဒီဆင်ရဲ့ ဦးနှောက်ဆားစိမ် ရောင်းတယ်

မြို့ကြီးခေါင်ခေါင်ရဲ့ခုံတန်းလျားပေါ်က
မုသာဝါဒနဲ့ ကာယကံမြောက် ချစ်ခြင်းမေတ္တာတွေရောင်းတယ်

ရောင်းနေတယ်
လရောင်ရဲ့ရင်ကွဲနာပြဇာတ်မှာ...
မချိုမချဉ်ပြုံးထားတဲ့ ကောင်မလေးရဲ့ သလုံးသားနဲ့
ရာသီဥတုရဲ့သန်းကောင်သန်းလွဲမှာ
အိမ်အပြန်မျှော်နေရှာတဲ့ အမေ့ရဲ့ နှလုံးသားတစ်စုံ ရောင်းတယ်

အဲဒီမှာ...
အိမ်မက်တွေ ဖုန်းဆိုးဖြစ်နေတဲ့အိမ်အသစ်နဲ့
အစာအိမ်ပျောက်သူတို့ရဲ့ မျက်လုံးဟောင်းလောင်းတွေရောင်းတယ်

အလကားနီးနီးပါဘဲ...
ကျားကုတ်ကျားခဲမာန်ဖီတဲ့ ရိုးတွင်းထဲကချဉ်ဆီနဲ့
သူ့ဥပတိနဲ့သူခမ်းနားနေတဲ့
ငါ့ ချွေးနှဲစာ ကဗျာတွေ ရောင်းလိုက်တယ်...........

တကယ်ပါ...
အဲဒီဇာတ်ထုပ်ကလေးကို
တဖျစ်ဖျစ်ကျိုးကျလာတဲ့ ဘောင်အသစ်တွေကိုကြပ်တင်ပြီး
နှလုံးအိမ်ကစိမ့်ကျလာတဲ့ ချော်ရည်ပူတွေနဲ့
ဈေး ကွက် အ မှီ မွှေး ထား ခဲ့ ရ တာ။ ။

အိန္ဒြာ


March 19, 2010

တစ္ဆေကြောက်တတ်တဲ့ အနာ

ခေါင်းတလားထဲမှာ
တစ္ဆေတွေ
က ခုန်.........

လမ်း ကန်း နေတဲ့ ချယ်ရီသားတုတ်ကောက်ကလေးက
ခရီးတွေကို အငမ်းမရဖြစ်နေသလိုမျိုး...
သော့တူနဲ့တူတဲ့လူတွေက
နှလုံးသားတွေကို ဖွင့်ဖေါက်စစ်ဆေးသလိုမျိုး....
ကောင်းကင်ပေါ် တိမ်အတုတွေ ပစ်တင်ပြီး
တစိမ်စိမ့် ရွာသွန်းဖြိုးတဲ့ မိုးစိမ်းတွေက
နာတာရှည်အဖျားသွေးတွေကို အရသာခံသလိုမျိုး....

တစ္ဆေတွေက ခေါင်းတလားထဲမှာ...က ခုန် တယ်။

သင် ပျင်းရိတဲ့အခါ သမ်းဝေလိုက်ပါ၊
သင် အားငယ်တဲ့အခါ စစ်တုရင်ကစားပါ၊
သင် ကြောက်ရွံ့တဲ့အခါ မေတ္တာသုတ်ရွတ်ပါ၊

အထပ်ထပ် ရစ်ကျော့ခံနေရတဲ့ စီဒီဓါတ်သားမှာ
အသံတွေ ဂျမ်းဖြစ်နေသလိုမျိုး...
မျှော်လင့်ချက်တွေကော့ညွှတ်နေတဲ့ ဆင်စွယ်ရောင်မျက်စောင်းလေးက
မိုးကြိုးမုန်တိုင်းကို ထိမ်ဝှက်ထားသလိုမျိုး..
ပခြုပ်ထဲက ညောင်းညောင်းရိရိ မြွေဆိုးတစ်ကောင်ရဲ့
သတိယတိုင်း ထထတိုက်တတ်တဲ့
အလမ္မယ်ဆရာအတွက် ကျိမ်စာလိုမျိုး

ခေါင်းတလားထဲမှာ...တစ္ဆေတွေက က ခုန် တယ်။

သင် စိတ်ညစ်ညူးတဲ့အခါ တောင်တက်လေ့ကျင့်ပါ၊
သင် လွမ်းဆွတ်လာတဲ့အခါ သစ်ပင်စိုက်လိုက်ပါ၊
သင် ရယ်မောချင်တဲ့အခါ တစ္ဆေကပွဲကြည့်ပါ၊

သင့် ဒုက္ခအတိုအစတွေကိုတော့
ရေခဲရိုက်ပြီး သိမ်းထုပ်ပါ ။

ဒီကနေ့
တစ္ဆေ စွန့်ကြဲမယ့်...အိမ်မက်တစ်ဆုပ်တစ်ခဲနဲ့
အဆာပြေရဦးမယ့် နေ ၀င် ဖျိုး ဖျ မှာ
တစ္ဆေ အသစ်ဝတ်ဆင်လာမယ့်
ညနေခင်း ၀တ်စုံက ။ ဘာ ??!!!

ပြောတယ်..
၃၁ ဘုံမှာ
လူ့ပြည်က
ကတိတွေဖေါင်းပွလွန်းတဲ့ ၀ပ်ကျင်းလို့..။ ။


အိန္ဒြာ
(၂၀၀၈ ခုနှစ် ၊ မုဒိတာမဂ္ဂဇင်း)

March 17, 2010

ဘယ်တော့မှ ပြန်လာမှာမဟုတ်တော့တဲ့ ကောင်းကင်

ဘယ်တော့မှ ပြန်မလာတော့ဘူးတဲ့ စိတ်လိုက်မာန်ပါ သူ့အတောင်တွေတောင် ပါးစပ်အဟောင်းသား

သူ့နာကျည်းရာ ဒဏ်ရာကို သူ အတိမ်အနက် အကြောင်း ဂယက်အနက်နဲ့တကွ ထုတ်ပြန်ပြောကြား

ဖို့ဆိုတာ တယ်လီဖုန်းတလုံးရဲ့ ကီးပက် တွေကိုနှိပ်ရသလိုမျိုးလောက်တော့ စိတ်အလိုလိုက်မိ သွက်

လက်မိသွားလောက်အောင်အထိ ဘယ်ရည်ရွယ်ချက်မျိုးမှ ပြဌာန်းပြီးဖြစ်မနေဘူးလို့ အောက်လင်းမီး

အိမ် ဖြန့်ထားနိုင်သလောက် အလင်းရောက်မှုပေါ်မူတည်ပြီး ပြုံးလိုက်တဲ့အပြုံးကိုတောင်မှ နှစ်ချီပြီးသင်

ယူမှ ရတဲ့ မှော်ပဉ္စလက်ဆန်ဆန်လို သွတ်သွင်းချင်တဲ့ စေတနာအလျားအနံရဲ့ မက်ထရစ်စံနစ် အတိုင်း

အတာ နိုင်ငံတကာအသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်လို့ ရတဲ့ ယူနစ်မျိုးနဲ့ ဂစ်တာကြိုးညှိသလို ညှိ

ကြမယ်လေ၊ ဒါမှလည်း ပြောဆို မက်ဆေ့ခ်ျပေးလိုရာကို ပီပြင်စေပြီး ကဗျာအရာရောက်မှုနဲ့အငြင်းပယ်

မခံရမှု ဆုလဒ် (အရပ် အခေါ်)နှောင်ကြိုးကျစ်မိပြီးသား၊ဟာ….မလုပ်ပါရစေနဲ့၊မလိုက်လျောပါရစေနဲ့

ရုန်းရင်းကန်ရင်း ဆေးထိုးအပ်ဖျားမှာ ကလောင်သွားထက်မြက်မှု လမ်းကြောင်းအတိုင်း အလိုမတူတဲ့

စိတ်ကြေကွဲရမှု ရာဇ၀င်အခင်းအကျင်း တခုကို ခင်းကျင်းတင်ဆက်မိလျက်သားဖြစ်နေပြီးမှ မထူးဇာတ်

ကိုပဲ ထပ်တလဲလဲ က တော့မယ်လို့ သူ့ဇာတ်မင်းသားက ပြောတဲ့ အခါ မိတ်ကပ်လူးပြီး ရေအိုးစင်မှာ

ရေစစ်နဲ့ စစ်မထားတဲ့ ရေတခွက်ကို သောက်ရေ လို့…

ကောင်းကင်က sms ပို့တယ်။

I will never be young again တဲ့။

သူ ဘယ်တော့မှ ပြန်လာမှာမဟုတ်တော့ဘူး။ ။


ခင်အောင်အေး

၂၇ ဖေဖော်ဝါရီ ၂၀၁၀ ဘန်ကောက်ချိန် ၂၁း၁၆ နာရီ

March 13, 2010

သူ့ရေတွေဖေါက်ချခံနေရတဲ့ ငါး

ငါးဟာ
အပျင်းပြေ အသတ်ခံဖို့အတွက်တော့
နွံအိုင်ကို ခံတပ်လုပ်မနေဘူး....

သူ့အကြေးခွံ လှန်မပစ်နိုင်သေးသ၍...

သူ့ယုံကြည်ချက် ရွှံ့တွေ နွံတွေကြား
သူ့သစ္စာတရားကနေ
ပတ္တမြား ထပွင့်နိုင်ကြောင်း ပြလိမ့်မယ်။

အိန္ဒြာ
(၁၃.၃.၂၀၁၀)

March 11, 2010

Poem __ not for One to read


In the last drawer of her right palm
Is a gown hidden from her *One.
In the very garden has she locked
Is a flower wild, which is not
Supposed t' be kissed by *daught'.
In, also, theaters darkened by herself
Are fake settings, not deserved.

In the urban current that she's omitted
Are tempestuous storms of sleight,
That, for One, are capable of dizziness.
In mouth of ox-bow lake she dried up,
A flock of *Ardeola grayii are awaiting, what
Her dear One hasn't learned yet.

In some pages that she's folded
Are prescripts her dear should not focus.
The red cross that she's marked out
Is the long poisoned road,
That her One shouldn't be curious about.

In the lullabies she must compose to soothe with,
There must not be .... bitter sobs of split.
In the stories she is going to tell up,
There must not be .... insane foolishness.

Dear Little Daughter is
__Just a door, that
She'll be abl' to open herself back.

Dear Little Daughter is
__The little audacious heroin
Who is gonna star in her dream,
__The most vivid comet line
That'll be heading up in her sky,
___The purest little bud of flower,
Whose scent is growing fragrant like her ideas,
__Her very new clone of role,
Who's gonna lighten with her souls.

Oh, Dear Little Daughter!
Just don't want you to know,
What all mothers have diaries,
Which can't be let to read from A-Z.

Craton
March 11, 2010.

(Translated, using American English, from "Tha Mee Layy Ma Phet Phot Gabyar" by Eaindra)

Quotation:
*One = Dear Little Daughter
*daught' = Daughter
*Ardeola grayii = Indian Pond Heron (or) Paddybird


+++++++++++++++++++++++++++++++++++++++++++++++++

သမီးလေးမဖတ်ဖို့ ကဗျာ

သူမ ညာလက်ထဲက နောက်ဆုံးအံဆွဲထဲမှာ
သမီးလေး မသိအောင်ဝှက်ထားတဲ့ ၀တ်စုံတစ်စုံ ရှိနေ
သူမ သော့ခတ်ထားတဲ့ ဥယျာဉ်သာထဲမှာ
သမီးလေး မနမ်းရှိုက်ရမယ့် ပန်းရိုင်းတစ်ပွင့် ပွင့်နေ
သူမ မှောင်မိုက်ထားတဲ့ ခန်းမသဘင်တွေထဲမှာက
သမီးလေးနဲ့ မထိုက်တန်တဲ့ ဆက်တင်အတုတွေ

သူမ ထိန်ချန်ထားတဲ့ မြို့ပြစီးကြောင်းမှာ
သမီးလေး မူးဝေစေနိုင်တဲ့ ပဉ္စလက်မုန်တိုင်းတွေ လှိုင်းထန်
သူမ ခမ်းခြောက်ထားတဲ့ မြစ်ကျိုးအင်းဝမှာ
သမီးလေး မသိနိုင်သေးတဲ့ ဗျိုင်းအောက် တစ်အုပ်က စောင့်ကြိုလို့

သူမ ခေါက်ထားတဲ့ စာမျက်နှာ တစ်ချို့မှာက
သမီးလေးမသင်အံသင့်တဲ့ ပြဌန်းချက်တွေ
သူမ ခတ်ချထားတဲ့ အနီရောင်ကြက်ခြေက
သမီးလေး မစူးစမ်းသင့်တဲ့ အဆိပ်သင့်လမ်းမရှည်

သူမချော့သီရမယ့် တေးချင်းတွေထဲမှာ
နာကျည်း ရှိုက်ငင်သံ ...........မပါစေရဘူး
သူမပြောပြဖြစ်မယ့် ပုံပြင်တွေထဲမှာ
ရှုးနှမ်းမိုက်မဲမှု .......မပါစေရဘူး။

သမီးလေးက.....
သူမကိုယ် သူမ အသစ်ပြန်လည်ဖွင့်နိုင်မယ့်
တံခါးတစ်ချပ်လေ..

သမီးလေးက....
သူမ အိပ်မက်တွေမှာ သရုပ်ဆောင်မယ့်
မင်နဲ့ မောင်းနဲ့ ဇာတ်လိုက် ပေါက်စလေး....
သူမ ကောင်းကင်ယံမှာ ၀ံ့ ကြွားမယ့်
အရွှန်းပဆုံး ကြယ်စင် ကြယ်တန်းလေး...
သူမ စိတ်ကူးတွေအတိုင်း မွှေးမြမယ့်
အသန့်စင်ဆုံး ပန်းဖူး ပန်းနုလေး...
သူမ၀ိဉာဉ် တွေနဲ့ တောက်စားမယ့်
အသစ်စက်စက် သူမ ကိုယ်ပွားလေး...

သမီးလေး.....ရေ
သမီးလေး မသိစေချင်ပါဘူး၊
အမေတွေ ဆီ မှာ......
တစ်အုပ်လုံး ပေးဖတ်လို့ မဖြစ်တဲ့...
ဒိုင်ယာရီတွေ ရှိတာကို...။ ။


အိန္ဒြာ

+++++++++++++++++++++++++++++++++++++++++++++++++++++++++++


မေးလ်ထဲကို တီဒြာအတွက်ကဗျာလက်ဆောင်ဆိုပြီး ကရေတွန်လေးဆီက စာလေးတစ်စောင်ဝင်လာပါတယ်။
ဒီလိုပဲ ဖေါက်ဖတ်လိုက်တော့ မထင်မှတ်ထားတဲ့ အတွက် အရမ်းအံ့သြ၀မ်းသာသွားမိပါတယ်။
တီဒြာ့ ကဗျာလေးကို သားတော်တော်ကြိုက်လို့ ဘာသာပြန်ကြည့်ထားတာတဲ့..။
အသံအစီးအဆင်းရော စကားလုံးတွေပါ ပြေပြစ်လှပနေလွန်းတာ တွေ့လိုက်ရတော့ ဒီကလေးကို ချီးကျူးပြီးရင်း ချီးကျူးရပြန်ပါတယ်။
အရွယ်လေးငယ်သလောက် အနုပညာရော အတတ်ပညာပါ မသေးတဲ့ ကလေးလို့ အသိအမှတ်ပြုထားရတာကတော့ ကြာပါပြီ။
စောင့်ကြည့်ရဦးမှာပါ အဆိုတော်ပဲ လုပ်မလား၊ စာရေးဆရာလုပ်မလား ၊ ဘာသာပြန်ပဲလုပ်မလား ဆိုတာ.။

"" သားငယ်လေးရေ ဒီလက်ဆောင်အတွက် အရမ်း အရမ်းကျေးဇူး ""

March 8, 2010

သမီးလေး မဖတ်ဖို့ ကဗျာ


သူမ ညာလက်ထဲက နောက်ဆုံးအံဆွဲထဲမှာ
သမီးလေး မသိအောင်ဝှက်ထားတဲ့ ၀တ်စုံတစ်စုံ ရှိနေ
သူမ သော့ခတ်ထားတဲ့ ဥယျာဉ်သာထဲမှာ
သမီးလေး မနမ်းရှိုက်ရမယ့် ပန်းရိုင်းတစ်ပွင့် ပွင့်နေ
သူမ မှောင်မိုက်ထားတဲ့ ခန်းမသဘင်တွေထဲမှာက
သမီးလေးနဲ့ မထိုက်တန်တဲ့ ဆက်တင်အတုတွေ

သူမ ထိန်ချန်ထားတဲ့ မြို့ပြစီးကြောင်းမှာ
သမီးလေး မူးဝေစေနိုင်တဲ့ ပဉ္စလက်မုန်တိုင်းတွေ လှိုင်းထန်
သူမ ခမ်းခြောက်ထားတဲ့ မြစ်ကျိုးအင်းဝမှာ
သမီးလေး မသိနိုင်သေးတဲ့ ဗျိုင်းအောက် တစ်အုပ်က စောင့်ကြိုလို့

သူမ ခေါက်ထားတဲ့ စာမျက်နှာ တစ်ချို့မှာက
သမီးလေးမသင်အံသင့်တဲ့ ပြဌန်းချက်တွေ
သူမ ခတ်ချထားတဲ့ အနီရောင်ကြက်ခြေက
သမီးလေး မစူးစမ်းသင့်တဲ့ အဆိပ်သင့်လမ်းမရှည်

သူမချော့သီရမယ့် တေးချင်းတွေထဲမှာ
နာကျည်း ရှိုက်ငင်သံ ...........မပါစေရဘူး
သူမပြောပြဖြစ်မယ့် ပုံပြင်တွေထဲမှာ
ရှုးနှမ်းမိုက်မဲမှု .......မပါစေရဘူး။

သမီးလေးက.....
သူမကိုယ် သူမ အသစ်ပြန်လည်ဖွင့်နိုင်မယ့်
တံခါးတစ်ချပ်လေ..

သမီးလေးက....
သူမ အိပ်မက်တွေမှာ သရုပ်ဆောင်မယ့်
မင်နဲ့ မောင်းနဲ့ ဇာတ်လိုက် ပေါက်စလေး....
သူမ ကောင်းကင်ယံမှာ ၀ံ့ ကြွားမယ့်
အရွှန်းပဆုံး ကြယ်စင် ကြယ်တန်းလေး...
သူမ စိတ်ကူးတွေအတိုင်း မွှေးမြမယ့်
အသန့်စင်ဆုံး ပန်းဖူး ပန်းနုလေး...
သူမ၀ိဉာဉ် တွေနဲ့ တောက်စားမယ့်
အသစ်စက်စက် သူမ ကိုယ်ပွားလေး...

သမီးလေး.....ရေ
သမီးလေး မသိစေချင်ပါဘူး၊
အမေတွေ ဆီ မှာ......
တစ်အုပ်လုံး ပေးဖတ်လို့ မဖြစ်တဲ့...
ဒိုင်ယာရီတွေ ရှိတာကို...။ ။


အိန္ဒြာ

အသစ်မရေးဖြစ်သေးလို့ အဟောင်းထဲက ရှာဖွေတင်ပေးလိုက်ပါတယ်။
တော်တော်ကြာပါပြီ ရေးထားဖြစ်တာ ..
၂၀၀၂- ၂၀၀၃ လောက်ကထင်ပါရဲ့။

March 1, 2010

ချစ်တဲ့အကြောင်း ကဗျာပေါ့ သူငယ်ချင်း


နင်ဟာ အောင်မြင်မှုရွှေသားရွှေရောင်မီးလျှံပဲ
နင်ဟာ ရိုးသားခြင်းအခြေခံသစ်သီးပဲ
နင်ဟာ နူးညံမှုမြသားချည်မျှင်ပိုးထည်ပဲ
နင်ဟာ လန်းဆန်းခြင်းမနက်ခင်းမိုးသောက်နေရောင်ပဲ
နင်ဟာ ကြိုးစားမှု တောင်တက်ပန်းတိုင်ပဲ
နင်ဟာ ထက်ရှခြင်း မဟုတ်မခံဓါးသွားပဲ

နင်ဟာ..တောက်ပခြင်း ကြယ်စင်ကြယ်တန်းပဲ
နင်ဟာ...၀ံ့ကြွားနိုင်မှု အလင်္ကာဂုဏ်ရည်ပဲ..

နင်ဟာ
ငါ့အရိပ်ကြည့် ကြည့်မှန်တစ်ချပ်ပဲ
နင်ဟာ
ငါ့ ဧည့်ခန်းဆောင်က ချစ်စနိုးပန်းချီပဲ
နင်ဟာ
ငါ့ တိုးတိတ်ခြင်း နားရံတစ်ဘက်ပဲ

""သင်းသင်းမရေ..""
ငါကတော့
နင့်စိတ်ကောက်ခြင်းရဲ့ ပြေရာပြေကြောင်းတေးချင်းဂီတ
နင့် မွန်းကြပ်မှုတွေထဲက ခပ်ဟဟ ပြတင်းမျက်နှာစာ
နင့် မိုင်ပေါင်း မြောက်များစွာက အနီးဆုံးလူပဲပေါ့..။


အိန္ဒြာ

(၁.၃.၂၀၁၀)

အချစ်ဆုံးသူငယ်ချင်း သင်းသင်းထွဋ် ရဲ့မွေးနေ့မှသည်
မပြောပဲသိနေနိုင်သည့် ဆုမွန်ကောင်းများနဲ့
ပြည့်ဝကုံလုံပါစေ ပျော်ရွှင်ချမ်းမြေ့ပါစေ ပြောင်မြောက် ထွန်းပေါက်နိုင်ပါစေ။