ဒီကဗျာကို ကဗျာဆရာမောင်လင်းခက်(ဟင်္သာတ) ကဗျာဆရာမလုံမငြိမ်းချမ်း(ခေါ်)ဝေနော်ရဲ့ အကို
ကွယ်လွန်ခြင်း(၃)နှစ်ပြည့် အမှတ်တရ
စုထုတ်ဖြစ်ခဲ့တဲ့ မှော်တောထဲက မီးအိမ် ဆိုတဲ့ ကဗျာစာအုပ်ကလေးထဲမှာ ရေးခဲ့တာပါ..။
၁၉၉၈ ခုနှစ်ကပါ။ အခုဆိုရင် ကဗျာလေးက ၁၂ နှစ်အရွယ်ရှိနေခဲ့ပါပြီ..။
ဘယ်မဂ္ဂဇင်းမှာ..မှ မပါဝင်သေးတဲ့ ကဗျာတစ်ပုဒ်လည်းဖြစ်ပါတယ်..။
ဘောင် အကျိုးထဲက ဈေးပြဇာတ် တဲ့
ကျွန်မတို့ ဘောင်အကျိုးထဲမှာလား..
အရောင်းအ၀ယ်သိပ်ဆန်တဲ့ ဈေးကွက်ထဲမှာလား..။
ပြဇာတ်တစ်ပုဒ်လို အစီအစဉ်တကျ ဖြစ်နေပျက်နေခဲ့တာလား..။
ဘယ်အချိန်ပြန်ဖတ်ဖတ် ဒီကဗျာကို လတ်ဆတ်အသက်ဝင်နေဆဲလို့မြင်လို့
ဒီနေ့ ဒီကဗျာလေးကို ထပ်တင်ဖို့စိတ်ကူးဝင်လာခဲ့ပါတယ်..။
++++++++++++++++

ဘောင်အကျိုးထဲက ဈေးပြဇာတ်
ရောင်းတယ်...
အဲဒီဈေးတန်းမှာ...။
ဘယ်တော့မှ အသားနုတက်မှာ မဟုတ်ဘဲ
ဖန်ရေဆေးနေရတဲ့
ခူစဉ်လိုက်အနာအိုင်းကြီးတွေ ရောင်းတယ်......
အအိပ်အနေကြီးလွန်းတဲ့ မြွေပွေးတစ်ကောင်ရဲ့လျှာနှစ်ခွနဲ့
ဖန်ပုလင်းထဲက ဆေးစိမ်ကင်းခြေများတွေ ရောင်းတယ်
ချွဲမဟတ်နိုင်တော့တဲ့ ဇီဝဇိုးမခံတွင်းနဲ့
သေခါနီးမျောက်သားအမိရဲ့ မျက်နှာထားတွေရောင်းတယ်
ဝံပုလွေတွေရဲ့ နှာသီးဖျားမှာ တဖျတ်ဖျတ်ပျံချင်တဲ့
လိပ်ပြာစိမ်းတွေရဲ့ ညာဖြောင့်လက်သီးတွေ ရောင်းတယ်
ကျေးလက်ရိုးရာစာကျက်ကွင်းတွေထဲက
ရေသူမတွေရဲ့ အကြေးခွံရောင်စုံတွေရောင်းတယ်
တကယ်တော့
အဲဒီဈေးတန်းကလေးကို
နရီချော်နေတဲ့ အထုပ္ပတ်ပေါင်းများစွာနဲ့
မျက်ဝန်းအစုံစုံရဲ့ ငတ်မွတ်ခြင်းတွေဖျော်ချပြီး
ဇာတ်ထွက်အမီ မွှေးထားခဲ့ရတာ....
အဲဒီဈေးတန်းကလေးမှာ
ကိုယ့်ကိုကိုယ် ရိုက်ခွဲပုလင်းထဲဝင်နေသူတွေနဲ့
ပွဲချင်းပြီးမွဲလိုက်ရတဲ့ မျက်ဝန်းမျက်ဆံတွေ ရောင်းတယ်
စံပယ်ခိုင်တွေရဲ့ ပွင့်ချပ်ပွင့်ဖတ်က
အာပတ်ဖြေသူတို့ရဲ့ ပေါင်းသင်လက်တွေ ရောင်းတယ်
သင်းကွဲမြို့ပြရဲ့နှုတ်ခမ်းကိုနင်းထားတဲ့
မလိမ်မိုးမလိမ္မာ မိုက်ဂိုက်တွေ ရောင်းတယ်
ပိုးစုန်းကျူးရင်ဘတ်ထဲကမီးလင်းဖိုနဲ့
အက်ဒီဆင်ရဲ့ ဦးနှောက်ဆားစိမ် ရောင်းတယ်
မြို့ကြီးခေါင်ခေါင်ရဲ့ခုံတန်းလျားပေါ်က
မုသာဝါဒနဲ့ ကာယကံမြောက် ချစ်ခြင်းမေတ္တာတွေရောင်းတယ်
ရောင်းနေတယ်
လရောင်ရဲ့ရင်ကွဲနာပြဇာတ်မှာ...
မချိုမချဉ်ပြုံးထားတဲ့ ကောင်မလေးရဲ့ သလုံးသားနဲ့
ရာသီဥတုရဲ့သန်းကောင်သန်းလွဲမှာ
အိမ်အပြန်မျှော်နေရှာတဲ့ အမေ့ရဲ့ နှလုံးသားတစ်စုံ ရောင်းတယ်
အဲဒီမှာ...
အိမ်မက်တွေ ဖုန်းဆိုးဖြစ်နေတဲ့အိမ်အသစ်နဲ့
အစာအိမ်ပျောက်သူတို့ရဲ့ မျက်လုံးဟောင်းလောင်းတွေရောင်းတယ်
အလကားနီးနီးပါဘဲ...
ကျားကုတ်ကျားခဲမာန်ဖီတဲ့ ရိုးတွင်းထဲကချဉ်ဆီနဲ့
သူ့ဥပတိနဲ့သူခမ်းနားနေတဲ့
ငါ့ ချွေးနှဲစာ ကဗျာတွေ ရောင်းလိုက်တယ်...........
တကယ်ပါ...
အဲဒီဇာတ်ထုပ်ကလေးကို
တဖျစ်ဖျစ်ကျိုးကျလာတဲ့ ဘောင်အသစ်တွေကိုကြပ်တင်ပြီး
နှလုံးအိမ်ကစိမ့်ကျလာတဲ့ ချော်ရည်ပူတွေနဲ့
ဈေး ကွက် အ မှီ မွှေး ထား ခဲ့ ရ တာ။ ။
အိန္ဒြာ

10 comments:
နိစ္စဓူဝ ဖြတ်သန်းနေရတဲ့ ...........
ဖြတ်သန်းနေရဆဲ ဈေးတန်းလေး...........
ခံစားချက်တွေပြင်းလွန်းတယ်။
ကဗျာက သိပ်ရှည်တယ်။
ကြပ်မပြည့်တဲ့ နှလုံးသားတွေကို ကယ်တင်ဖို့လာပြီး ...
ကံတော်ကုန်သွားတဲ့ကဗျာ အမျိုးအစားဖြစ်တယ်။
ဈေးမကွဲခင် ခေါင်းကွဲပြီး ပြန်လာရမယ်။
ကဗျာက ဈေးကွက်စီးပွားရေးမှာ ...
ရောင်းပြီးသား မရေးရသေးတဲ့ ကဗျာဖြစ်တယ်။
(ကဗျာလို့ပြောတာနားမလည်ရင် GAS လို့အစားထိုးဖတ်ကြည့်ပါ။)
ကဗျာဖတ်ပြီး ဆဲမိ ဆိုမိတွေ ဖြစ်ကုန်မှာစိုးလို့ ဖတ်ဖတ်တယ်သိလေးနဲ့ဖတ်နေရတယ်။ ဒါတွေပြောရင် ဒေါတွေပါတယ်။ မကောင်းကျောင်းပို့လို့ပြောလို့ရမယ့် အမျိုးအစားလည်းမဟုတ်ဘူး။
ကဗျာတွေလည်း ဒီစီကပ်ပြီးရင် ချက်ချင်းပြောင်းနော်။
ပြိုကျတော့မှ အပြစ်လာမတင်နဲ့ ....။
ဈေးကောက်တွေမလာခင် ကဗျာလေး ၀ယ်သွားပါစေ။
တစ်ရာကို တစ်ရာတိုးချေးနေတဲ့ခေတ်မှာ ....
သမာဓိချိန်ခွင် ရှာကြည့်တော့လည်း ...
ခိုးခံထိသွားမှန်း အလန့်တကြားသိလိုက်ရတယ်။
အခုတလော ဆဲရေးနေမိတာက ... ကန့်လန့်ကာမကျသေးတဲ့ ပြဇာတ်တွေပဲ။
ခင်မင်စွာဖြင့်
Zephyr
ကံဆိုးစွာပဲ................................
သားငယ် ထမင်းစားနေတုန်းကြီး
ဖတ်လိုက်မိတား(((
ကိုဇက်ကြီးပြောသလို စကားလုံးတွေက ပြင်းထန်လွန်းတယ်။
ထိမိကျစ်လစ်လွန်းတယ်။
ကိုယ်တစ်ခါမှ မထိတွေ့လိုက်ဖူးသေးတဲ့ field တစ်ခုအကြောင်း ကဗျာဖတ်ရင်း တစ်စွန်းတစ်စ ဆောင့်တိုက်လိုက်မိတယ်။ စိတ်ထဲမှာ လေးလံထွင်းဖောက်သွားတယ်။
ကဗျာကြီးက တခမ်းတနားဖြစ်မနေဘဲ သူ့ဥပတိနဲ့သူ ကျဉ်စက်ထွေးအိလွန်းနေတယ်။
ထဲထဲဝင်ဝင် ထိရှခဲ့ဖူးတဲ့
ကဗျာတစ်ပုဒ်ပါ ..
ပြန်နွှေးသွားတယ် အစ်မ ..။
နှလုံးအိမ်ကစိမ့်ကျလာတဲ့ ချော်ရည်ပူတွေနဲ့
ဈေး ကွက် အ မှီ မွှေး ထား ခဲ့ ရ တာ။ ။
တကယ်ပါ...
မှန်ကန်တိကျလှတဲ့ သရုပ်ပုံ စာသားတွေက
အပြင်းစား ချော်ရည်ပူလို
နှလုံးသားထဲ စီးမျောပျော်ဝင်...
လောင်ကျွမ်း....မောဟိုက်...
ရေးချက်နဲ့စာအဖွဲ့တွေ ပြင်းထန်လိုက်တာ မမရယ်။ ဖတ်ပြီး ရင်ထဲမှာ ရှတတနဲ့။
စကာလုံးတွေရဲ့ ပြင်းထန်တဲ့ ရိုက်ချက်ကြောင့် ရင်ဘတ်ရဲ့ ဘယ်ဘက်မှာ ထိရှနာကျင်သွားပါတယ်။
လေးစားအားကျလျက်ပါ ချစ်မလေး။
ချစ်တဲ့
=)
ကဗျာတွေကဘယ်တုံးကပဲရေးခဲ့
ရေးခဲ့..ခုထက်ထိကိုစကားလုံးအသုံးအနှုံး
ကထိပ်တန်းပဲ...အားကျတယ်...
အားကျတယ်....
ချစ်တဲ့
အမရာ
ကဗျာလေး..အရမ်းကောင်းတယ်အစ်မရေ...
ခံစားသွားပါတယ်နော်..။
အဲဒီဈေးတန်းကလေးမှာ
ကိုယ့်ကိုကိုယ် ရိုက်ခွဲပုလင်းထဲဝင်နေသူတွေနဲ့
ပွဲချင်းပြီးမွဲလိုက်ရတဲ့ မျက်ဝန်းမျက်ဆံတွေ ရောင်းတယ်
အစ်မရယ်
ကြက်သီးများတောင် ထတယ်
စာသားတွေ မိုက်ချက်
Post a Comment