December 25, 2008

သုံးဆယ့်နှစ်နှစ်စာ အတွေး

ဒီဝတ်စုံက
ဘယ်ခေတ်မှာ..မှ ပွဲမ၀င်တော့ဘူး ။

ကောင်းကင်ကို ချွတ်ပြီးလဲလို့ရရင်
ကိုယ့်လူက ဘယ်အရောင်ကို ကဲလိုက်ချင်သလဲ
ကိုယ်ကတော့ တိမ်တွေကို နည်း.နည်း..လျှော့ပစ်မယ် ။

သမိုင်းဆိုတာ တစ်နေ့ တခြားထူထဲလာတဲ့ စာအုပ်စင်
ရာဇ၀င်ဆိုတာ နှောင်းလူတွေ အသက်ပြန်သွင်းဦးမယ့် စိတ်ဝိဉာဉ်
ကိုယ့်လူက ... ကိုယ့်သမိုင်းကိုယ် ဖဲဆင်ရိုက်ဦး..မ လို့ ၊
ကိုယ်ကတော့.....ကိုယ့်ရာဇ၀င်ကို အပွန်းပဲ့ မခံနိုင်သလို
နှောင်းလူတွေ ငြင်းဆိုနေမှာကိုလည်း ..
ရှက် တတ် တယ် ။

လမ်းဘေးမှာ ဆေးမြစ်အော်ရောင်းသလိုကြီး..
လက်ခုပ်တဖျောင်းဖျောင်း တီး ပြီး ဂုဏ်ဖေါ်ဖို့ကလည်း
ဘ၀က ခပ်ညံ့ညံ့ မျက်လှည့်ဝိုင်း မဟုတ် ဘာမဟုတ်
ဒီလို ရောင်းအားမြှင့်တင်နည်းမျိုးဟာ..
ဒီခေတ်မှာ သိပ် ရိုး တာ သွားပြီ ။

တောင်ရှည်ပုဆိုး .. ဗန်ကောက်လုံချည် .. ဂျင်းဘောင်းဘီ
ဒါကို ခေတ်ရေစီးပါ..လို့
ပေါ့ပေါ့လွင်လွင် ၊ ကိုယ့်လူ ပြောနိုင်ရင်..
ကိုယ်က
အတ္တ ၊ လှည့်ကွက်
ကိုယ့်ဘက်ကိုယ်ယက်မှု၊
အနုပညာ
လိမ်ဆင်နဲ့ လိင်စိတ် တွေကို ဘုံထုတ်ထားချင်တယ်..။

ဆိုလိုရင်းက...
"သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား” ဆိုတာလည်း
ကိုယ့်လူ သစ်ပင်အတွက်
ကိုယ့်လူ့  ငှက်တွေချည်းပဲ မဟုတ်လား...။

လက်တွေ့ က
အခု ကဗျာရေးနေသလောက် ပေါ့ပါးချမ်းသာ မနေတော့-
မွေးနေ့ ဆိုတာ သေနေ့ ရဲ့ နိဒါန်းစာမျက်နှာ
ဒါ့ထက်ပိုပြီး...ရင် ခုန် ကြည် မွေ့ စ ရာ-
မ ရှိ ။ ။

အိန္ဒြာ

(၂၀၀၆ခုနှစ်၊ဧပြီလထုတ် ပိတောက်ပွင့်သစ်မဂ္ဂဇင်းမှာပုံနှိပ်ဖေါ်ပြခဲ့ပါတယ်..။ )
(မွေးနေ့တွေတိုင်းနီးပါး..ကဗျာတစ်ပုဒ်လောက်တော့ရေးဖြစ်ခဲ့ပါတယ်..။ အခု..၃၂နှစ်ပြည့်က.ကဗျာလေးကို
(၃၀.၁၂.၂၀၀၈)နေ့ မွေးနေ့ အတွက်အကြိုတင်လိုက်တာပါ..။ လာဦးမယ်ဆိုတဲ့..သဘောပေါ့..။)

13 comments:

Anonymous said...

ဟီဟီး.. ကဗျာလေးကကောင်းလိုက်တာ။
ဒီဇင်ဘာ ၃၀ ဆိုတော့.. တားတားနဲ့တိတ်မကွာဝူးဘဲ။
တားတားက ဇန်န၀ါရီ ၁ ရက်နေ့။း)

ဘာပဲဖြစ်ဖြစ် ကျရောက်လာမယ့် မွေးနေ့မှာ
ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ချမ်းသာနိုင်ပါစေ မကြီးရေ..။ (ဒါလည်းမကြီးအိန္ဒြာလို အကြိုဆုတောင်းထားတာ)
းP

minn thuka said...

ဖြတ်ကနဲအလင်းစူးစူး ပရမ်းပတာဝင်ဆောင့်လို့ မျက်ခွံတွေမှိတ်အချ မမှိတ်ခင်တဒင်္ဂံကလေး ရိပ်ကနဲတွေ့လိုက်ရတာ ငါမှငါ..မှန်တစ်ချပ်မှမရှိပဲငါ့ကိုငါပြန်မြင်နေရတယ် ညို့နေတဲ့တိမ်လိပ်တွေ ပစ္စက္ခမှာကောင်းကင်ကြီးကို စပါးကြီးမြွေတစ်ကေင်လိုရစ်ပတ်နေဆဲ.. ငါကိုယ်တိုင်ရေးခဲ့တဲ့ ရာဇဝင်တွေမှာတောင် သူရဲကောင်းမဖြစ်ခဲ့တဲ့ငါ အခုလူတွေကမျှော်လင့်တကြီး စုတ်တသတ်သတ်.. အရေးတယူတခါမှမလုပ်ဖူးတဲ့ ထုတ်ဝေသူ..ငါ့ဘေးမှာဒူးထောက်လို့ ငါ့ကိုတသသ တဖွဖွခေါ်နေ
ခပ်လှမ်းလှမ်းကမျက်လှည့်ဝိုင်းက မျက်လှည့်ဆရာတောင် ငါ့ကိုမြင်ပြီးတိမ်ပေါ်က သူ့ကြွားလုံးတွေ မသိမသာပြန်ရစ်ငင်နေရဲ့
တမင်မဖြဲရပဲ ဒူးပြဲနေတဲ့ ငါ့ဂျင်းဘောင်းဘီလေးဘေးမှာ
ငါ့အတ္တတွေတနင့်တပိုးနဲ့ ထုပ်ပိုးထားတဲ့ အနုပညာတွေက တစက်စက်နီထွေးထွေး
တိုက်ပွဲဝင်စိတ်နဲ့ အအိပ်ပျက်အစားပျက် ဖန်တည်းခဲ့တဲ့
့ကဗျာတွေအတွက် တနေရာစာမခင်းကျင်းပေးနိုင်
အဲဒီစိတ်ဓါတ်ယိုင်နဲ့နဲ့ နားခိုရာမဲ့နေတုန်း
ဝရုန်းသုန်းကား သိန်းထောင်ကျော်ကားတစ်စီး...ငါ့မွေးနေ့အမှတ်တရလက်ဆောင်လား..
စူးရှရှအလင်းရောင်..ပြီးတော့တစစမှောင်လာတဲ့အဲဒီတိမ်ညိုညိုတွေအောက်မှာ
ငါ့ကိုကြည့်နေသူတွေ..နောက်ဖက်ကငါပြန်ကြည့်နေရင်း..
....................
"တမတ်ပါလား"
တောင်ရှည်ပုဆိုးကို ခါးတောင်းကြိုက်ပြီး လှော်တက်ကိုင်ထားတဲ့ အရေပြားဒေါင်းကွက်ပရပွနဲ့ လူရဲ့အမေး..ငါ့ကဗျာလေးထုတ်ပေးတော့..
"အဲဒါပါရင် ငရဲလာလို့မရဘူးတဲ့"
တရွေ့ရွေ့ဝေးသွားတဲ့လှေလေးကိုကြည့်ရင်း
ငါ့သက်ပျင်းနဲ့အတူ ကောင်းကင်ကြီကလင်းလို့...၊၊

(ကဗျာလေးကို ဘေးဖက်ကနေ ခံစားကြည့်ထားတာမို့
ဖျက်ဆီးသလိုဖြစ်နေတဲ့အတွက် တောင်းပန်ပါတယ်)

HAPPY CLOUD said...

မာမီနော်.. မာမီ..
ကဗျာက အားလုံးကောင်းတယ်.. တိမ်တွေလျှော့ပြစ်မယ် ဆိုတာတော့ မမိုက်ဘူးဗျာ.. အချင်းချင်းတွေ ဂလိုလုပ်စရာလားလို့...း)။

ရေလည်ခင်တဲ့...
မိုးမောင်

မိုးမြင့်တိမ် said...

အရောင်တွေ နဲနဲကဲပေမယ့်..ပွဲမ၀င်တော့တဲ့ ခေတ်မှာ..ဖဲဆင်ရိုက်တာလည်း ကိုယ့်သမိုင်းဘဲ
မဟုတ်လား..ရာဇ၀င်ဆိုတာ ပွန်းချင်ပွန်းမယ် ပဲ့ချင်ပဲ့မယ်..နှောင်းလူကတော့ မဲ့ရွဲ့ ဦးမှာဘဲ..
ခေတ်ရေစီးမှာ လိုက်ပါစီးမျော..အတ္တနဲ့ လှည့်ကွက် ကိုဆုပ်ကိုင်..မျက်လှည့်ဝိုင်းမှာ လက်ခုပ်ကို..
အားရပါးရတီးလိုက်..ဘ၀ဆိုတာ ခဏတာနားခိုရာ စခန်းတစ်ခု..လိမ်ဆင်နဲ့ လိင်စိတ်ကိုဘုံထုတ် လူဆိုတဲ့ ရုပ်မှာ မပါမဖြစ်တာကမေတ္တာ..
သစ်ပင်ဆိုတာလည်း ငှက်တွေနားဘို့ဘဲမှလား..
ကဗျာရေးနေရချိန်တော့ စိတ်ချမ်းသာတာပေါ့..
ကိုယ်က ကဗျာတွေကိုမြိန်ယှက်စွာသောက်သုံး
တတ်သူလေ..ရင်ခုန်ကြည်မွေ့စရာမရှိတဲ့..
သေခြင်းရဲ့ စာမျက်နှာမှာ..လှပစွာဘဲ ကဗျာတွေရေးခဲ့ဦးမယ်..။


စိတ်ထဲရှိတာကို ဒေါင်လိုက်ဖြတ်တိုက်ပြီးမန့်သွားတယ်
မကြီးရေ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ဆောင်းယွန်းလ said...

ကဗျာလေးကြိုက်တယ်ညီမရေ..
၃၂နှစ်ဆိုတော့ကိုယ့်ထက်ငယ်တယ်ဆိုတာသိပ်သေချာ
သွားလို့ညီမလို့သုံးလိုက်တာပါ..
အကိုက၃၀ပြည့်ပြီး၉နှစ်ကျော်...
ညီမကအကို့ထက်အသက်ငယ်ပေမယ့်ညီမကဗျာတွေက
အကို့ထက်ကြီးလို့လေးစားပါတယ်..
မွေးနေ့မှာပျော်ရွှင်နိုင်ပါစေ...
ခင်မင်လျက်....

Moe Cho Thinn said...

ဒီဇင်ဘာမွေးတဲ့သူတွေက သဘောကောင်းတယ် ၊ အေးချမ်းတယ်တဲ့။ ဟုတ်မှာပါပဲ။ မွေးနေ့အကြို တင်တဲ့ ကဗျာလေး ဖတ်ပြီး မွေးနေ့မှာလဲ ပျော်ရွှင်ပါစေလို့ ကြို ဆုတောင်းလိုက်တယ် ညီမရေ။

emayarKhin said...

သုံးဆယ့်နှစ်နှစ်စာအတွေး
ဆိုတော့နဲနဲနောနောမှမဟုတ်တာ...မရယ်....
ဘဝရဲ့အတွေ့အကြုံတွေရော....ကဗျာတွေရောနော်....
တကယ့်ကိုဂန္ဓင်ဝင်ပါဘဲ...............

Unknown said...

အိန္ဒြာ ၄၅ နှစ် ကျော်နေပြီ . . . ၃၂ နှစ်က ရေးထားတဲ့ ကဗျာကို တင်ထားတာ . . . ဟီး . . ဟီး . . . secretတွေကို ပြောလိုက်တာ စိတ်မဆိုးနဲ့ နော် . . . :P

ကိုရင်နော်ခင်လေးငယ် said...

မကြီး...
တစ်ပုဒ်ဆို တစ်ပုဒ်ပါဘဲနော်...
သေဒါဏ်းရဲ့ စာမျက်နှာနံပါတ် ၃၂.. ကို
ကျေနပ်စွာ.....
ဖတ်ခွင့် ပေးတာ ကျေးဇူးအထူးပါ...

မကြီးရဲ့....
.... .... ....

HAPPY CLOUD said...

တို့ အမက ဆရာကျတာလည်း မပြောနဲ့ ထင်ယောင်ထင်မှားဖြစ်အောင် ၃၂ နှစ်က ကဗျာ ကြီးကောက်တင်ပြစ်လိုက်တာပါပဲ...အင်း လုပ်ပေါ့ဗျာ... ဒီကြားထဲ တိမ်တွေကိုလျှော့မယ်ဆိုပြီး ၃၂နှစ်ကတည်းကကြံစည်ထားတာ ခုမပဲသိတော့ တယ်....ဟားဟားဟား...
ပက်ပက်စက်စက်ခင်တဲ့

ဖိုးမောင်

Tesla said...

ကဗျာလေးက ကောင်းလှတယ် .. အောင်ရင်ငြိမ်း ရဲ့ ကဗျာထဲက စကားလုံးတွေနဲ့ ကွန်မန့်ပေးသွားတယ်..
" လူ့ဘ၀ဆိုတာ
လေယာဉ်ပျံပေါ်ကကြည့်တော့ ကမ္ဘာမြေပြင်.
ကမ္ဘာမြေပြင်ကကြည့်တော့ နတ်ဘုံနတ်နန်း
ကိုယ့်အဓိပ္ပါယ်က
မူရင်းအတိုင်းပဲ။ "
ပျော်ရွှင်ဖွယ် မွေးနေ့ ဖြစ်သွားပါစေ..။

အိုင်လွယ်ပန် said...

ဟုတ်တယ်အစ်မရေ
လက်တွေ့က ခုကဗျာရေးနေတာလောက်ကို
ပေါ့ပါးချမ်းသာမနေခဲ့တော့ .....
ကောင်းသောမွေးနေ့ပါအစ်မရေ....
အကြိုဆုမွန်ကောင်းလေးပေါ့ .............

တက်လူငယ် said...

ကဗျာလေးကောင်းတယ်ဗျာ။