March 28, 2009

ပစ္စပ္ပုန်ပေါ်..ရပ်ရင်း..တွေး...

သေခြင်းတရားဆိုတာ
မ၀တ်ဆင်ရသေးတဲ့ ၀တ်စုံတစ်စုံပါပဲ
ရှင်သန်နေထိုင်ခြင်းကတော့
ဆာလောင်မှုတွေဖိသိပ်ထည့်လာတဲ့
ခရီးဆောင်အိပ်တစ်လုံး..ဖြစ်နေခဲ့.......။

တဖြည်းဖြည်းနဲ့
မာနဆိုတာတောင်..
မိုး စား...
နေ စား..
မျှော်လင့်ချက်ဆိုတာလည်း
ဆိုက်ဘေးရီးယား သွား ရထားရဲ့
ဥ သြ သံ ဆန် လာ ပေါ့..

ဒီနေ့လဲ..စိတ်ကို တိုင်တစ်ဝက်မှာ လွင့်ထူလို့....

အချစ်ဆိုတာ..က
အနမ်းရှိမှပွင့်လို့လှတဲ့ နှင်းဆီဖူးပါ......ကွယ်...
အလွမ်းအဆွေးဆိုတာလည်း..
နာတာရှည်အဖျားသွေး...တွေပါပဲ...

ဒီလိုပါ..ပဲ..................
သွေးလေလှည့်ပတ်မှုမညီညွှတ်တဲ့...
အတွေး..အာရုံတွေကလည်း.ညောင်းရိလို့..

အတိတ်ဆိုတာ..
ရွဲကုန်သည်..ဆုံးရှုံးသွားခဲ့တဲ့
ရွှေ ခွက် အ ဟောင်း တစ်လုံးလိုလို......
အနာဂါတ်ဆိုတာ အချဉ်ဖေါက်စပြုနေတဲ့
အိမ်မက် အရိအရွဲတွေလိုလို........

ယုံကြည်ချက်ဆိုတာကတော့
ချောင်းမျောင်းလုပ်ကြံသူ
အမြဲစောင့်ကြည့်နေတဲ့
ဇာတ်လိုက်...တစ်ဦးဖြစ်နေခဲ့.....

အင်း.......
ဒီနေ့လည်း...........

ဂျင်းဘောင်းဘီဝတ်ကဗျာဆရာမတစ်ယောက်
West Coast လမ်းမပေါ်မှာ..
လမ်း ....လျှောက်....ဆဲ....။ ။


အိန္ဒြာ (၁၈.၃.၂၀၀၉)

ပုံလေးကီ က

March 22, 2009

သီချင်းတစ်ပုဒ် ဆုံးသွားတိုင်း

လမ်းကြို လမ်းကြားထဲက
ဝါးဆစ်ဗုံလေး..ခတ်လိုက်တဲ့...
ဂီတပေါ့....

မိုး လေ...မလုံတဲ့
သံစဉ် နရီ လေး တွေ...
ပြသဒါး ဇာတာခွင်ထဲ..မှာ
ဘ၀ကို......
ဖြစ်သလို.......
နေ ရာ ချ ထား ကြ ရှာ တယ်..

နတ်ထွင်းတဲ့ ခံတွင်းလေးတွေပါ
အဲဒီ့မှာ.....
မှော်ဝင်နေတဲ့ တေးသွားတွေ
အ ဖိတ် ဖိတ် အ စင် စင်..

အပျိုဖေါ်ဝင်သမလေး...မချိရှက်ပြုံးနဲ့...
လမ်းဘေး....ပလက်ဖေါင်းပေါ်က
အသံရောင်း ပွဲတော်လေးမှာတောင်
မစည်ကားနိုင်လေတော့......

မိစ္ဆာ ၀ှက်ခံထားရတဲ့
အနာဂါတ်လေးတွေရေ...
မင်း..တို့...သီချင်းတွေထဲမှာ..............
မင်း တို့ မနက်ဖန်တွေဟာ.....
မျော.........လို့....... ။ ။

အိန္ဒြာ(၂၁.၃.၂၀၀၉)



သူငယ်ချင်းတစ်ယောက်ပေးတဲ့ youtube က link ကလေးကို ဖွင့်ကြည့်ရင်း...စိတ်ထဲကို စိုက်ဝင်သွားခဲ့တဲ့ အတွေးတစ်စပါ..။
ဒါပဲအတွေးထဲရောက်နေတော့ ကဗျာလေးတစ်ပုဒ်ချရေးမိပါတယ်..
နောက်တော့..ကဗျာလေးကိုရော...ဒီ link ကိုပါ ဝေမျှချင်စိတ်ပေါ်လာတာနဲ့...
သိပ်ရှည်ရှည်ဝေးဝေးတွေ စဉ်းစားမနေတော့ပဲ...Post အဖြစ်အသွင်ပြောင်းချလိုက်တယ်ပေါ့.....။

March 20, 2009

ကဗျာနေ့ အမှတ်တရ



ကမ္ဘာ့ ကဗျာနေ့ အတွက် ကိုယ့်ဘလော့လေးမှာ အမှတ်တရလေးရှိချင်လာပါတယ်..။
သူငယ်ချင်း..မောင်မျိုးမွန်ရဲ့ ကဗျာရှည်ကြီးကိုလည်း...တင်ပေးချင်နေတာကြာပါပြီ..။
အခု ကဗျာနေ့မှာ..မှတ်မှတ်ရရ ဝေမျှ တင်ပြပေးလိုက်ပါတယ်..။
ကိုယ့်ကဗျာလေးလဲတင်ချင်တယ်ဆိုပြီး..
ကဗျာနဲ့ပတ်သက်တဲ့ ကဗျာလေးတွေ တင်ဖို့စဉ်းစားမိတဲ့အခါ
(အသစ်ကလည်းဘယ်လိုမှ..မရေးနိုင်တော့ကာ)
တင်ပြီသား ကဗျာဟောင်းလေးနှစ်ပုဒ်ကိုပဲ ပြေးမြင်တော့တာပါပဲ..။
ဘလော့အစောပိုင်ကတင်ခဲ့တာလေးမို့ အခုမှလည်ပတ်ဖြစ်ကြတဲ့ မိတ်ဆွေသစ်တွေ အတွက်က
အိုကေပေမယ့် မိတ်ဆွေဟောင်းတွေကတော့ မှတ်မိသွားအောင် နှစ်ထပ်ရှိလိုက်ကြပါ..လို့..။
အထိမ်းအမှတ်ပုံလေးက ယိမ်းနွဲ့ပါးကဆရာမိုးကြယ်ရဲ့ လက်ရာမွန်ပါ..။

################################################################

အသစ်စက်စက် ရှင်တမ်းစာ...

နှလုံးအိမ် နံရံအတွင်းမှာ
ဖေါက်ပြန်သံတွေ ပွက်ထန်လွန်းလှချည့်
ငါ...အသက်မရှုရဲလောက်အောင်ကို.......။

ငါ့စိတ်ကို..ဒီအတိုင်းလွှတ်ထားလိုက်ပြီး
ကိုယ့်အတ္တကိုယ်အိမ်မက်မက်ကြည့်တော့
အမှန်တရားက နည်းနည်းခါးပြန်ရော.....။

သီဆိုခွင့်မရတဲ့ သီချင်းကိုမှ..
နှုတ်တိုက်ဖွဖွ ရွတ်ဖတ်ချင်သေးတာလေ...
တစ်ကိုယ်ရည်နှလုံးသားအတွက်တော့
တိုးတိုးတိတ်တိတ် အသက်ရှုသံတွေသာ
ပဲ့တင်ဟိန်းထပ်ကျန်ရစ်..
(ဘုရားသခင်ပဲ ဖန်ဆင်းလေရော့သလား....)
သွေးရိုးသားရိုး အလွမ်းစစ်စစ်ထဲမှာ...။


တစ်ခါမျက်နှာသစ်လိုက်တိုင်း
တစ်ခါပိုပြီးဟောင်းလာတဲ့
သမိုင်းမတွင်သော..အလွမ်းအဆွေးများထဲ
နစ်မြုတ်ပျော်ဝင်နေချင်သော... အာရုံအသိမှားတွေနဲ့
ဆုံတွေ့တဲ့အခါမျိုးမှာတော့
ဆတ်ဆတ်ခါခါငြင်းဆိုတတ်ခဲ့ပြန်တယ်....။

ပေါ့ပေါ့ပါးပါး နေထိုင်ကြမှုမှာ...
သွက်လက်မှုတွေ ထုံထိုင်းလွန်းခဲ့ပေါ့
လေးလေးနက်နက်တွေးခေါ်မှုမှာတော့
ဖျတ်လတ်မှုတွေ သွက်လက်ကြပြန်တယ်...။

လက်ရှိအမြင် ကိုယ်တွေ့ဖြစ်စဉ်ရဲ့
ပြည်လည်သုံးသပ်ကြည့်သော...စိစစ်ချက်ပါ..
အမှန်တရားဆိုတာ
အမှားတစ်ခုပဲ ဖြစ်နေခဲ့သမို့
ဒီအမှားတစ်ခုကပဲ
အမှန်တရားဖြစ်နေခဲ့တာပါ...။

အမှတ်တမဲ့စမ်းကြည့်လိုက်တော့
ငါ့မိတ်ဆွေရဲ့ ဓါးရိုးကိုထိတွေ့မိရဲ့
အို...ဘယ့်...မိတ်ဆွေ...
ငါ့အသည်းနှလုံးက သင့်ဓါးကိုပြုံးပြရဲပါတယ်နော်..
သင်ဟာ..ဘုရားသခင်ရဲ့ တမန်တော်ပေလား..
နတ်ဆိုးရဲ့ ကိုယ်ရံတော်ပေလား
တကယ်တော့
လူတစ်ယောက်သာ ဖြစ်သင့်ပါပေတယ်..။

နှလုံးသားတွေ ဈာပနဖြစ်မှုဟာ..
ရိုးသားခြင်းအတွက် ပြယုဂ်အဖြစ်
ဘုရားသခင်ရဲ့ ဆုလဘ်တစ်ခုဆိုစေတော့
ငါ...ရဲရဲဝံ့ဝံ့ ငြင်းပယ်လိုက်ပါတယ်....။

ယုံကြည်မှုအရ ငြင်းပယ်ခွင့်ရှိသလို
ယုံကြည်မှုအရ..လက်ခံခွင့်ရှိတယ်
ယုံကြည်မှုအရလည်း မှားယွင်းခွင့်ရှိတယ်
ကိုယ်ယုံကြည်ရာကို ယုံကြည်လိုက်ကြပါ...
ယုံကြည်မှုဆိုတာ..ဘာသာတရားတို့ရဲ့
မရှိမဖြစ် သစ်ရွက်တစ်ရွက်ဖြစ်တယ်......။

ခလုတ်ထိလည်း အမိမတကြေး
ဘ၀ကို မျဉ်းဖြောင့်တစ်ကြောင်းလို ပြေးကြည့်ရင်
အရာရာဟာ ဖြောင့်တန်းနိုင်ကြပါ့မလား...
လူအမည်ခံရဲဖို့ဆိုတာ
ရိုးသားမှုနဲ့ သစ္စာတရားကို...
စိတ်ဓါတ်နဲ့ ရှက်တတ်တယ်ဆို လုံလောက်ပါတယ်..။

စည်းမျဉ်းတွေနဲ့ချည်း ကန်း နေတာကြာပြီ
မသိသားဆိုးဝါးလှတဲ့ သွေးထိုးမှု
တစ်ဖက်စောင်းနင်း ယဉ်ကျေးသိမ်မွေ့မှု
နတ်ရူးတို့ရဲ့ ဗုံသံဆာလောင်မှု
သစ္စာဆိုပြသူတွေရဲ့ မျက်နှာပြောင်တိုက်မှု
ဘာအတွက်ငါ..တုဖက်နေဦးမှာလဲ
လက်ရည်တူ ယှဉ်ပြိုင်ရမယ်ဆိုဦးတော့
ငါ့သိက္ခာအတွက် ငါ ရှက်လှချေရဲ့.....။

အေး..လေ.... ငါကလည်းငါပဲ...
ထစ်ကနဲရှိ နလုံးသားကို ချပြမိခဲ့တာ..
ကျားတွေစောင့်တဲ့ ဥပုဒ်သီလကိုမှ..
ငါက..သာဓုခေါ်နေမိတာလေ..
တေယ်ပါသေးရဲ့
နှုတ်မကျွံခင်သိလိုက်ရတာကိုပဲ...
ငါ့ကိုယ်ငါ ကျေနပ်နေမိတော့......။

ဘယ်သူ့အတွက် ဘယ်လောက် ဘာဖြစ်လာမလဲ
တစ်ခေတ်လုံးနဲ့တစ်ယောက်လို
နှလုံးသားကိုယ်စီရဲ့ ဒဏ်ရာတွေသာ..
စံချိန်မှီ လက်ရာတွေသာ ဖြစ်ခဲ့ပေတယ်..။

ကောင်းကင်ကလည်း..အမှားအယွင်းနဲ့ လှပ...
မြေပြင်ကလည်း....အလွဲလွဲအချော်ချော်နဲ့ လှပ
လူသားတွေကလည်း ရေလိုက်ငါးလိုက်နဲ့ လှပ
ငါသာ..အကျည်းတန်မိုက်မဲနေတော့တယ်....။

ခက်တာက
မှန်တယ်လို့ပဲယုံကြည်နေမိသေးတာ
မရေရာတဲ့လောကကြီးကို...

ရေရာတယ်လို့ ထင်နေခဲ့တာ
သေချာမယ်လို့ထင်တာတွေက
အသေမချာဖြစ်ပျက်ခဲ့တာ
မျက်ဝါးထင်ထင်အောင်မြင်မှုတွေ..
ပိုးစိုးပက်စက်ရှုံးနိမ့်ခဲ့တာ
.............................. စတာတွေ
မြင်နေရတော့

ဘာနဲ့ကုစားဦးမလဲ
သက်သေခိုင်လုံခဲ့ပေမယ့်
ထွက်ဆိုချက်က လက်တစ်လုံးခြားခဲ့ပြီ
ဗြဟ္မစိုရ် တရားတွေပျက်သုဉ်းသွားပြီပဲ...
အဖြစ်အတိုင်းပဲရှိပါစေတော့....။

ငါ...တတ်စွမ်းသလောက်...
လောကအတွက် အလွမ်းပျိုးခဲ့ပါတယ်
ကမ္ဘာမြေအတွက် အနမ်းမိုးခဲ့ပါတယ်...
အမေ့အတွက် အစမ်းဆိုးခဲ့ပါတယ်....။

ဘာတွေ တောင်းဆိုချင်သေးလဲ...
မျှော်လင့်ရက်စရာမရှိအောင်ကို
နုံချာညံ့ဖျင်းလှတဲ့ အကျိုးပေးနဲ့
ဘ၀အဆက်ဆက် ပါရမီသေးလှတဲ့ကောင်က
ဒီအမှောင်ကိုမှ....နှုတ်ဆက်ချင်သေးသတဲ့....။

ဆုံးဖြတ်လိုက်ပါပြီ
ဘ၀သစ်နဲ့ ဆက်လက်ရှင်သန်ဖို့
ဘ၀ဟောင်းကိုယအဆုံးသတ်ရတော့မယ်ဆိုတာ....

ဟော..ဒီ့မှာ....
အသက်ဓါတ်ရဲ့ တဆတ်ဆတ်တုန်ခါမှုနဲ့
လိပ်ပြာအသန့်ဆုံး ဖြောင့်ချက်တစ်ခုပါ...
ငါဟာ..ကဗျာဆရာဖြစ်တယ်...။

ဒီလို လူပီသခဲ့သူတစ်ယောက်ရဲ့
အသက်စစ်စစ် အသစ်စက်စက်
ကြေငြာချက်..
အမှာစကားမဟုတ်တဲ့ ရှင်တမ်းစာ.......

စကားလုံးများကို ချိုးနှိမ်ထားကြပြီး
ကိန်းဂဏန်းများကို ရူးသွပ်နေကြသူတွေထဲ
ခုလို..အရှက်မရှိသူတွေ လူအမည်ခံကြလို့
သစ္စာမရှိသူတွေ လူတွင်ကျယ်လာကြလိမ့်မယ်...။

ဒါဟာ...
ဘုရားသခင် ဖန်ဆင်းခဲ့မှုဆိုတာတွေအတွက်..
ကဗျာဆရာရဲ့ ပြောကြားချက်............

ဘုရားသခင်...ခင်ဗျား.....
အသင်ဟာ....ဘုရားသခင်ဖြစ်သလို...
ကျွန်ုပ်ဟာ..ကဗျာဆရာဖြစ်ပါပေတယ်......။

မောင်မျိုးမွန်

####################################################################

နာမကျန်းခြင်းတေးသံ


ကမ္ဘာဦးလေသန့်ကို ရှူရှိုက်ဖို့
သံသရာဆိုတာ ဘယ်လောက်ရှည်ကြာလိမ့်ဦးမလဲ
ပျက်ကို ပျက်ရမှာကတော့ သေချာတယ်။

ရေကြီးလွှမ်းလွှမ်း၊ မီးကြီးလောင်လောင်
ကမ္ဘာတစ်ခုပျက်လို့ နောက် ကမ္ဘာသစ်တည်ကြရင်
အဲဒီ့ကမ္ဘာကို ကဗျာဆရာတွေနဲ့ ပြန်စမယ်။

ကဗျာဆရာဆိုတာ စိတ်က လှမ်းလှမ်းခွပ်သမျှ
အနေအထိုင် မတတ်ပြတာလေးကလွဲလို့ ရိုးသားတယ်
ကဗျာဆရာတွေက ကိုယ့်နှလုံးသားကို ကိုယ်
ရဲရဲဝံ့ဝံ့ ဖွင့်လှစ်ပြ၀ံ့သူတွေလည်းဖြစ်တယ်
ကဗျာဆရာ့ ဥပဇာမှာ ဗြဟ္မစိုရ်တရားတွေထွန်းကားပြီး
ကဗျာရေးတဲ့လက်တွေဟာ ဘယ်တော့မှ စစ်မက်တွေကိုမရေးချယ်တတ်ဘူး
ကဗျာရေးခြင်းအတတ်မှာ High techမလိုသလို
ကဗျာရေးခြင်းစွမ်းရည်အတွက် လောင်စာဆီတွေမလိုဘူး

ကဗျာဆရာတွေက
အလေ့ကျပေါက်ပင်တွေ ဖြစ်ပေမယ့်
ဆေးဖက်တော့ဝင်တယ်
ကဗျာဆိုတာ ကဗျာဆရာတွေရဲ့ သစ္စာဓိဌာန်
အဲဒီ့ သစ္စာဓိဌာန်က ကမ္ဘာဦးတေးသံ ဖြစ်လိမ့်မယ်။

ကဲ... အကုသိုလ်တွေ ခဏအောင့်ရအောင်
ဘ၀ဆိုတာ
တနင်္လာဆန်ဆန် နှစ်ခါ ပြန်ရ ဖို့ မလွယ်ဘူးလေ..။

သင်က
မနေ့က၀င်သွားခဲ့တဲ့ နေမင်းကြီးပဲမဟုတ်လား..
ကျွန်ုပ်တို့ အပူငွေ့တွေလှုံပြီး
ရဲရဲတောက် ကျန်းမာနေတဲ့ပုံ။ ။


အိန္ဒြာ
( ပိတောက်ပွင့်သစ်မဂ္ဂဇင်း)

####################################################################


နှလုံးသား..သိုက်စာ

ငါတို့ ဆာလောင်မွတ်သိပ်မှုတွေက
အဲဒီ့စာမျက်နှာမှာ ရပ်တန့်သွားခဲ့တယ်..

အမှန်တကယ် လိုအပ်ချက်တွေအရ
ဖြစ်သင့်လို့ ဖြစ်တည်လာမှုတွေ
ဗီတာမင်လို သီး ဝေ လို့..

ဟေ့!
ငါတို့ ကိုယ်ပိုင်ဒိန်ခဲကို...
ငါတို့ ကိုယ်တိုင် တွေ့ရှိပြီ..။

တန်းမြင့် ခံစားချက်သဘင်တွေ ဆင်ယင်ကျင်းပကြ..
ယုံကြည်မှုစားကျက်မှာ စိတ်တွေလွှတ်ကျောင်းကြ..
အသက်ဓါတ်ကို စကားလုံးနဲ့ မျှားခြင်းအထုံအလေ့မှာ ပျော်မွေ့ကြ..
ငါတို့ ယဉ်ကျေးမှုတစ်ခေတ်ကို
အသစ်အတိုင်း ရုပ်ကြွင်းဖြစ်စေဖို့..
ကိုယ့် နှလုံးသွေး ကိုယ် မင်ရည်လုပ်
ကိုယ့် အရေခွံ ကိုယ် ဆုတ်ပြီး စာ စီ ကြ..။
ဒီနေရာ မှာ....
ငါတို့က..
အထက်တန်းစား ၀ဋ်နာကံနာသည်တွေမို့
ဝမ်းတွင်းပါမှော်တွေအတိုင်း
ပန်းမကိုင်ပဲနဲ့လည်း ကျ တတ် ကြ ရ မယ် .။

ငါတို့အတွက်
အနုပညာဆိုတာ..အဆာခံနိုင်ခြင်း သိဒ္ဓိ
ငွေကြေးဆိုတာ စိတ်တိမ်းပွေအောင်ပြုစားတတ်တဲ့ စုန်းကဝေပေါ့..
ကျော်ကြားမှုဆိုတာ တရွရွယားယံစေနိုင်တဲ့ ဗိုင်းရပ်ပိုး....
ဂုဏ်သိက္ခာဆိုတာ မိုးသံကြားတိုင်း ထပွင့်ပြချင်နေတဲ့ ပန်းပွင့်ပေါ့..
သေချာပါတယ်...
ငါ တို့ အ တွက် က
အဆင့်အတန်းဆိုတာ အနယ်ကျနိုင်ခြင်း စာအုပ်စင်..
ခေတ် ပေါ် က ဗျာ ဆို တာ ..
ငါတို့ နှလုံးသားသိုက်ကို ညွှန်းဆိုပြလိုက်တဲ့ ၀ှက်စာကွယ့်...
ဒီနေရာမှာလည်း...
ငါတို့တွေက
အမှားအယွင်းတွေကို လက်ထိုးအံပစ်ရဲရမယ်..။

ကဲ ရောင်နီလာရင်...
ပြဌာန်းချက်မြစ်ကျင်းကို ရေဆန် ဆန်ဆန်လှော်ခတ်ရင်း
ကိုယ့်သက်ပြင်းနဲ့ကိုယ် ရွက်ဖွင့်ထွက်ကြစို့...။

“ဟေး .....!!!!!!!!!”

တစ်လှေလုံး.....
ငါး ခုံး မ တွေ ချည်း ။ ။





အိန္ဒြာ
(ဧပြီလ၊၂၀၀၈ ခုနှစ်( အမှတ် - ၁၇ )ပိတောက်ပွင့်သစ်မဂ္ဂဇင်း)


March 17, 2009

ဘယ်ကို လမ်းကြုံပေးရမှန်းမသိတဲ့အလွမ်းတွေ


အိမ်လေးရဲ့ တံစက်မြိတ်အစွန်းကနေ
အလင်းတွေ အိပ်တန်းပြန်ချိန်ထိ
ဟောဒီ့ ပြတင်းလေးဆီက မျှော်မောနေရတုန်း...

ချစ်သူ့ရယ်သံနဲ့ ယက်ဖောက်ထားခဲ့တဲ့
ခန်းဆီးစလေး...
တဖျတ်ဖျတ် ငါ့ပါးကို နမ်းမွှေးနေတာလောက်
ဝမ်းနည်းစရာကောင်းတာ မရှိတော့ပါဘူးကွယ်....

အချစ်ရေ...
ဘယ်ရှုထောင့်ကကြည့်ကြည့် အချစ်တွေချည်းပါဘဲ..၊
အချစ်ဟာ...
ဘဏ္ဍာစိုး မဟုတ်မှန်းလည်း သိခဲ့ကြတာဘဲ...၊
ဒါပေမဲ့
ငါတို့ကူးခတ်နေရတဲ့ ၀ဲဂယက်က ရက်စက်တယ်..

အိမ်လေးတစ်လုံး ၀ယ်မယ်..
ဆေးအပြာနုလေး သုတ်မယ်
ပန်းပင်လေးတွေ စိုက်မယ်
ဒါန်းလေးတစ်ခု ဆင်မယ်
အချစ်နဲ့ သမီးလေးကို တင်ပြီး
ကိုယ်က လွှဲပေးမယ်..
အဲဒီ့လိုမှာ... ပြီး ......
သူ......
ထွက်...သွား...လိုက်...တာ...........


အိန္ဒြာ
(ကလျာမဂ္ဂဇင်း၊ဇန်န၀ါရီလ၊၂၀၀၆ခုနှစ်)
(ကဗျာအဟောင်းလေးတစ်ပုဒ်ပါ..။ )

March 14, 2009

နေ့ဟောင်းများ

ညနေခင်းအမှောင်ဟာ..
ကြောင်တစ်ကောင်လို ခုန်ဝင်လာတယ်...။

ပလက်ဖေါင်းပေါ်က
အစာအိမ်ရဲ့ အူသံတွေ
ချော်ရည်ပူလို အန်ကျလာတယ်....။

ကိုယ်တို့ရဲ့
တစ်နေ့တာဟာလည်း
ဖတ်ပြီးသား နာရေးကြော်ငြာလို
အမှိုက်ခြင်းထဲ ထည့်ရုံသာ....။

မိုးရေထဲမှာ
လက်နှီးစုတ်ကို လျှောက်လှမ်းရင်း
ကိုယ့်မျက်နှာကို ပွတ်သတ်မိရဲ့...။

ဟက်ကနဲ
ရယ်သံလို..
ဘရိတ်အုပ်လိုက်တဲ့နေ့တွေ ညတွေ
ကျီးပေါင်းထလို့........။

ကိုယ်ခန္ဓာကို
စောင်တစ်ထည်လိုလိပ်ပြီး
အိပ်ရာထဲ ပစ်သွင်းလိုက်တယ်
ဟောက်သံတွေ
မရွာသွန်းသေးသမျှတော့
မျက်လုံးရဲ့ ဒဏ်ရာကို
အကြိမ်ကြိမ် ပွတ်သပ်မိရဲ့.....။ ။

အောင်ဘညို
(ဖက်ရှင်မဂ္ဂဇင်း ၊ မတ်လ၊၂၀၀၃)

စကားလုံးရိုးရိုးရှင်းရှင်းတွေနဲ့ အရောက်ပို့နိုင်တဲ့ ဆရာအောင်ဘညိုရဲ့ကဗျာတွေကိုလည်း စွဲလမ်းနှစ်သက်မိပါတယ်..။
ကိုယ့်တစ်နေ့တာကို ကိုယ်တွေးနေမိတဲ့အချိန်..ဆရာ့ကဗျာကိုပြန်ဖတ်မိရင်း......
...မျှဝေပေးလိုက်တာပါ..။

March 11, 2009

ဝါရှင်တန်ဒီစီမှာ..ဖယောင်းတိုင်မီးတွေငြှိမ်းလို့ရပါပြီ

အောင်နိုင်သူရေးဖွဲ့ထားတဲ့
သမိုင်းဇာတ်ဝင်ခန်းတွေမှာ..
အရေးနိမ့်သူတွေက..
ဗီလိန်ပဲ...

သူရဲကောင်းဆိုတာတော့..
စစ်တလင်းရဲ့ မြေသြဇာတွေပေါ့..

ထရိုဂျန်စစ်ပွဲကြီးဖြစ်ချင်ဖြစ်
အော်လန်ဒိုဗလွန်းသာခေါ်ခဲ့ရင်..
ကျွန်မဆိုလည်း..လိုက်မှာ..တဲ့
အပြစ်ဆိုတာ..
ရင်ခုန်ရူးသွပ်ချင်စရာ
ဆွဲဆောင်မှုအားကောင်းတဲ့ အရာပေါ့လေ...။

စစ်ပွဲတစ်ပွဲရဲ့တန်ကြေးကို
(အသက်သွေးတွေ မပါသေးဘဲ..)
ကြမ်းခင်းဘယ်ဈေး..ဘယ်နာလဲ..
တွက်ချက်မှန်းဆကြည့်ရအောင်..

အိုဘားမား...ရေ..
ခင်ဗျားရုပ်သိမ်းလိုက်တဲ့
ဘုရှ် အမျိုးအစား..တင့်ကားတွေဟာ..
ဘ၀ရောင်စုံတွေကိုပါ..
နင်း..ကြိတ်.. ထား.. ခဲ့..တာ...

ကဲ..
ဝါရှင်တန်ဒီစီမှာ..
ဖယောင်းတိုင်မီးတွေငြှိမ်းလို့ရပါပြီ..။

အိန္ဒြာ(၁၀.၃.၂၀၀၉)

(အိမ်ရှေ့ပူအိမ့်နောက်မချမ်းသာပါ..။ အလုပ်ဖြုတ်စာရတဲ့ မောင်လေးတစ်ယောက်နဲ့ ခုတလောနားထောင်နေရတဲ့ သတင်းတွေကြောင့် ....။)

(ပုံလေးက ဒီ က)


March 8, 2009

မြစ်တွေ စီး ထွက်လာတဲ့ အကြောင်း

မြစ်ဟာ..
့မြို့ကလေးကို
မွေးကင်းစကနေ ကြီးကောင်ဝင်ချိန်အထိ
ရစ်ခွေစောင့်ရှောက်ခဲ့သူပေါ့...

မြစ်ဟာ..
သူ့မြို့လေးရဲ့ကမ်းနဖူးက အရိုင်းအစိုင်း ကိုင်းပင်တွေကအစ
သူ့ဝမ်းဗိုက်ထဲမှာ ငါးဖေါင်ရိုးလေးကူးခတ်နေတာအဆုံး..

သူ့မြို့လေးရဲ့ပြောင်းဆန်နံ့လေပြည်အရူးကစ
သူ့ကမ်းပါးမှာနေ၀င်သွားတဲ့ ဆည်းဆာရောင်ခြည်အဆုံး..

သူ့ရင်ခွင်ကိုတဖျမ်းဖျမ်းရိုက်ခတ်နေတဲ့ ကွန်ချက်တွေကအစ..
သူ့မြို့လေးကိုခေါင်းအုံးထားတဲ့သဲသောင်ဝါ၀ါအဆုံး...
အစွမ်း ကုန် ချစ်မြတ်နိုးခဲ့တယ်..။

မြစ်ဟာ...
ဘယ်တော့မှ ထိမ်ဝှက်လို့မရနိုင်တဲ့ အတိတ်ကာလတွေကို..
တစ်လွှာချင်း..ကျစ်ကျစ်ပါအောင်ပို့ချပေးခဲ့..
မြစ်ဟာ...
တစိမ့်စိမ့် နစ်မြုတ်နေတဲ့ သစ္စာတရားတွေကို
သူ့အံဝှက်ကနေ ကော်ထုတ်ပြနိုင်ခဲ့..
မြစ်ဟာ.
မြို့လေးရဲ့သမိုင်းကြောင်းကို သက်သေထွက်ဆိုဖို့
သူ့ရေးစီးသံတွေနဲ့ ကျမ်းသစ္စာတွေကျိမ်ဆိုခဲ့......၊

မြစ်ဟာ..ငြိမ်းချမ်းရေးဆင်ဖိုနီနဲ့
တသွင်သွင်စီးဆင်းချင်ခဲ့တယ်
မြစ်ဟာ ဗဟုဝါဒဆန်ဆန်
မြစ်ငယ်ချောင်းငယ်တွေကို...မငြင်းဆန်ခဲ့ဘူး..။

မြစ်ဟာ..
ကျဉ်းမျောင်းတဲ့ စီးလမ်းကြောင်းမှာတော့
အရှိန်ပြောင်းချင်ပြောင်းမပေါ့..
မြစ်ဟာ..
မြစ်ဆန်ဆန်..
သင့်တင့်လျှောက်ပတ်တဲ့ လေပြင်းတွေပဲ ထန် ပြခဲ့..
ဖြစ်သင့်ဖြစ်ထိုက်တဲ့ လှိုင်းကြမ်းတွေပဲ ဆင့် ပြခဲ့
မြစ်ဆန်သလောက်တော့ ကွေ့ကောက်ခဲ့
မြစ်ဆန်သလောက်တော့ ညစ် နောက်ခဲ့.....။

ဒါပေမယ့်...
မြစ်ခမျာ.
မြို့လေးရဲ့ရယ်မောသံတွေကို အလျော်မပေးဆပ်နိုင်ခဲ့ဘူး
သူ့အမြဲစိမ်းတောအုပ်တွေ..ပြုန်းတီးလေလွင့်သွားတာလည်း
အံကြိတ်မျက်ရည်ဝဲယုံ..ပဲ..

မြစ်မှာ...ယူကျုံးမရစရာ.
သတင်းအချက်အလက်တွေနဲ့ချည်း
ဘောင်ဘင်ဆန်လိုက်လို့........

မြစ်ဟာ..
သူ့ထက်မြစ်ဆန်ပြနေတဲ့...မြစ် အ တု တွေကို..
နာကျည်းစိတ်ကုန်ရလွန်းလို့.....

မြစ်ဟာ..
.................................
သူ့ကိုယ်သူအဆုံးစီရင်ဖို့ဆိုပြီး..
ပင်လယ်ဆီထွက်လာခဲ့လိုက်ပေါ့.....။

အိန္ဒြာ(၈.၃.၂၀၀၉)

ပုံလေးကို မိုးကြယ်(ယိမ်းနွဲ့ပါး)ကဆွဲပေးထားပါတယ်။

March 6, 2009

ကဝေကြောက်တတ်တဲ့ အနာ..



(၁)
ဒီတစ်ခါပိုစ့်က ဟာသလိုလိုဘာလိုလိုဆိုတော့ အိန္ဒြာကထူးထူးဆန်းဆန်းတွေလုပ်ထားတယ်ဆိုပါတော့..။
ဘာလို့လဲဆိုတော့ ကိုယ့်ဘလော့ကိုယ်ဖွင့်ရင်တောင်စိတ်တွေညစ်ညစ်လာလို့ပါ..။
လာလာဖတ်ကြတဲ့သူတွေကိုလည်း ကြာတော့အားတွေနာလာရော..
တစ်ခါတစ်လေလောက်..ပေါ့ပေါ့ပါးပါး..ပျော်ပျော်ရွှင်လေးပြန်သွားစေ့ချင်တာပေါ့လေ...
တကယ်တော့ ဘလော့ကိုစတည်ကတည်းက အက်ဆေးလေးတွေလဲရေးမယ်ပေါ့..။
ပန်းချီ မတောက်တခေါက်လဲဆွဲပစ်လိုက်မယ်ပေါ့၊ ကဗျာတွေကိုလဲ ဆောင်းပါးတွေနဲ့ အပီအပြင်ခံစားပစ်မယ်ပေါ့..။
စိတ်ကြိုက်ရေးပစ်လိုက်မယ်ဟဲ့ လွပ်လွပ်လပ်လပ်ဆိုတာ..လက်တွေ့မှာ စိတ်ကူးထဲတောင်မနည်းဖြစ်နေရပါတယ်..။
အခုဆို ကိုယ့်ရှိပြီးသား ကဗျာလေးတွေ..၀တ္ထုလေးတွေကလဲ ကုန်သလောက်ဖြစ်လာတော့ ပိုစ့်မှန်မှန်တင်နိုင်ဖို့ မျက်ခုံးကလည်းလှုပ်လာပြီဆိုပါတော့..
အဲဒါနဲ့ ပေါ့ပေါ့ပါးပါး အက်ဆေးလေးတွေရေးကြည့်ဖို့ သတိရလာတာလည်းဝန်ခံပါတယ်နော်...
ကဗျာဆရာမ(ကိုယ့်ကိုကိုယ်ကဗျာဆရာမလို့ခံယူပါတယ် တစ်ပြားမှမလျှော့နိုင်ပါ..။)ရေးတဲ့ အက်ဆေးဆိုတော့ နည်းနည်းအချိုးမပြေဖြစ်နေလည်း အော်သာသွားကြပါတော့လို့..။


(၂)
ဇာတိမွေးရပ်ကဧရာဝတီအရှေ့ဘက်ကမ်းနဖူးပေါ်ကပါ..။ (ထိန်တောမိုးညိုဆိုရင် လူမိုက်တွေဆိုပြီးနည်းနည်းလန့်သွားကြမလားမသိ..)
ဟိုးတုန်းက သိပ်ကိုခေါင်ခဲ့တဲ့ ရွာလေးတစ်ရွာပေါ့..။ဒီလိုပဲ ဧရာဝတီရဲ့ အနောက်ဖက်ကမ်းမှာလဲ ဒီလိုပဲ ရွာစဉ်ရွာတန်းလေးတွေ ရှိနေခဲ့ပါတယ်..။
ခပ်လွယ်လွယ်ပဲ အရှေ့ဘက်ကမ်းကလူတွေက အနောက်ဖက်ကမ်းသားတွေပေါ့ အနောက်ဘက်ကမ်းကလူတွေက အရှေ့ဘက်ကမ်းသားတွေပေါ့..
ဒီလိုပဲ ရောင်းဝယ်ဖေါက်ကားကြပေမယ့် တစ်ချို့ သိပ်ရှေးရိုးဆန်သူတွေရဲ့စိတ်ထဲမှာ အစွဲအလန်းတစ်ခုကရှိနေကြခဲ့ပါတယ်..။
အဲဒါက စုန်းကဝေ အတတ်တွေ တတ်သူတွေရှိတယ်လို့ တစ်ဖက်နဲ့တစ်ဖက် အထင်တွေကြီးနေကြတာပါ..။
ငယ်ငယ်က ထိမ်းကျောင်းပေးခဲ့တဲ့ ဒေါ်အေးတိုဆိုရင် စုန်းကဝေကိစ္စ သိပ်ကို စိတ်ဝင်စားတော့ကာ..တစ်နေ့တစ်နေ့သူ့ဆီက စုန်းကဝေပုံပြင်တွေလဲမထပ်အောင်နားထောင်ခဲ့ရပါတယ်..။
အနောက်ဖက်ကမ်းသားတွေစုန်းတတ်တာ.ညညမီးလုံးတွေ အပြိုင်အဆိုင်တက်နေတာ ဒီဘက်ကမ်းကလှမ်းမြင်နိုင်ကြောင်း..။
ဈေးလာဝယ်ရင်းဈေးဆစ်တာမလျှော့လို့ ပြုစားသွားတာ..ရွာချပေးမှပျောက်ကြောင်း
နောက်ရွာချတုန်း..လာစားတဲ့ခွေးကို ထန်းပိုးနဲ့ဆော်လွှတ်လိုက်တာ..နောက်နေ့ စုန်းမက ခါးမှာဒဏ်ရာကြီးနဲ့ဖြစ်နေကြောင်း...
တော်တော့်ကို ရင်သိမ့်တုန်ချင်စရာ ဖြစ်ရမ်းတုတ်ဇာတ်လမ်းတွေကို နားထောင်ခဲ့ရတာပါ..။
သူဖြစ်စေချင်သလို ပါးစပ်အဟောင်းသားနဲ့ တဖြည်းဖြည်းလူကြားထဲတိုးဝင်မလာပဲ သူမဖြေနိုင်တဲ့မေးခွန်းတွေချည်း
ညစ်တီးညစ်ကန်မေးခွန်းထုတ်တတ်လို့ ဒေါ်အေးတိုက အမြင်တော်တော်ကပ်ခဲ့တာလဲ မှတ်မိပါသေးတယ်.။
အဲသလို အနောက်ဘက်ကမ်းမှာကလဲ အရှေ့ဘက်ကမ်းသူတွေ စုန်းကဝေအတတ်မှာ တစ်ဖက်ကမ်းခတ်တဲ့အကြောင်းပုံတိုပတ်စတွေနဲ့ပါတဲ့..။
ကိုယ်တို့အရှေ့ဘက်ကမ်းကတောင် လက်စောင်းပိုထက်ပုံရပါတယ်..
အရှေ့ဘက်ကမ်းသူတွေ စုန်းကဝေအတတ်ကျွမ်းကျင်လိုက်ပုံများ..
သန်းရှာတာတောင် သူများကို ခိုင်းနေစရာမလိုဘူး..ကိုယ့်ဦးရေပြားကိုယ်ချွတ်ပြီးဒူးမှာစွပ်ပြီး ကိုယ့်ဟာကိုယ်သန်းရှာကြဆိုပဲ...
တစ်ခါတစ်လေ..ကလေးငိုရင်တောင်..ချောက်စရာလှန့်စရာတစ်မျိုးဖြစ်လို့ပေါ့..။
(၃)
အဲဒီ့မှာပဲ ကိုယ်တို့အစ်မ၀မ်းကွဲ မမထားထားဦးနဲ့ အနောက်ဖက်ကမ်းသားကိုမြ၀င်းဆိုတဲ့ အကိုကြီးတို့ ချစ်သူတွေဖြစ်ကြ ၊
အိမ်ကသဘောမတူကြ၊ခိုးရာတွေလိုက်ပြေးကြတွေဖြစ်ပါတော့တယ်.။
မမထားက သူ့အမျိုးသားရဲ့ရွာကိုပါသွားပြီးရွာကိုပြန်မရောက်ဖြစ်ပဲတော်တော့်ကိုကြာသွားခဲ့ပါတယ်..။
ရွာလေးကလည်းတော်တော်ဝေးဝေးခေါင်ခေါင်မှာလို့သိရပါတယ်.။
ဒေါ်အေးတိုကတော့ စုန်းဆိုတာသူပညာပေးချင်ရင်ဗူးသွင်းလိုက်ကြောင်း ထားထားဦးဗူးသွင်းခံနေရပလားမသိဆိုတာမျိုးတွေ မထပ်အောင်ပြောနေတုန်းပါပဲ..။
တစ်နေ့တော့ကိုယ်တို့ဘဘကြီးက ပဉ္ဖင်းခံရှင်ပြုအကြီးအကျယ်လုပ်မှာမို့ သူ့မြေးဦးမကိုရအောင်ဖိတ်ဖို့အမိန့်ချလိုက်တော့ မမထားရွာပြန်လာမယ်ဆိုတဲ့ သတင်းကြားရပါတော့တယ်.။
ကိုယ်တို့ကလေးတွေကတော့ အလှူဆိုတာရယ်.။ မမထားလည်းပြန်လာမယ်. ကလေးလေးလည်းပါလာမယ်ဆိုတာတွေနဲ့မြူးဆောင့်နေခဲ့ကြပါတယ်.။
တကယ်ရောက်လာတော့လဲ..မမထားပါလာသမျှမုန့်တွေစား..ကိုယ်တို့တူမဆိုတာလေးကို ကစားစရာအရုပ်တစ်ရုပ်လိုလုကြယက်ကြ..၊ ပျော်နေကြတော့တာပါပဲ..။
အဲဒီ့မှာ မမထားက သူ့ယောင်းမလေးကို ကလေးထိမ်းဖို့ဆို ခေါ်လာခဲ့တာပါ..။
ကောင်မလေး...(အဲ.. အစ်မကြီးပေါ့..) ၊ က အပျိုပေါက်အရွယ်ခပ်ချောချောလေးပါ..။ အစ်ကိုတွေဝိုင်းပိုးကြတာကိုလဲမှတ်မိနေပါသေးတယ်..။
သူကစလာကတည်းက တော်တော့်ကိုရှိုးရှိုးရှမ်းရှမ်းစိတ်မသက်မသာပုံနဲ့ရှိနေခဲ့ပါတယ်.။
မမထားကိုလည်းမျက်စိအောက်ကအပျောက်မခံ. ဘယ်မှလည်းမသွားရဲမလာရဲ တော်တော်လေး..ကတ်သီးကပ်သပ်နိုင်နေလို့ ခေါ်လာမိတာမှားပါတယ်အေလို့ မမထားညည်းပုံချနေတာခဲ့ရတာပါ..။
ညမှောင်လာလေ..ငိုမလိုမျက်နှာထားမို့ဖြစ်လာလေပေမယ့် အားလုံးက ကိုယ့်အလုပ်ကိုယ့်အပျော်တွေနဲ့မို့ သူ့ကို မသိလိုက်ဘာသာဖြစ်နေခဲ့ကြအသေအချာပေါ့..။
အဲ..မိုးလင်းမှ..ပြသနာကစတော့တာပါ..ပဲ..။
(၄)။
တဟီးဟီးချုံးပွဲချငိုနေတဲ့ ကောင်မလေးဘေးမှာ လူတွေက၀ိုင်းလို့ပေါ့..။
အခုပြန်မယ် ခုချက်ချင်းပြန်ပို့ပေးပါ..ဆိုတော့လဲ မမထားခမျာ ခေါင်းတွေချောက်လို့ပေါ့..
ဟဲ့ ဘာဖြစ်လို့လဲဆိုတော့ တုန်တုန်ရီရီနဲ့ "ကြီးကြီး" ကိုလက်ညှိုးချည်းထိုးထိုးပြနေတော့ ကြီးကြီးခမျာမျက်နှာငယ်လေးနဲ့ ငါ ဘာတွေများပြောလိုက်မိလဲ ပုတ်ခတ်ပုတ်ခတ်ပြန်စဉ်းစားလို့..ပေါ့..
ကြောက်တယ် ချည်းထပ်ထပ်ပြောနေတော့ မဖြစ်မနေသေသေချာချာမေးကြရပေါတော့တယ်...
ပြသနာက..ဒူးမှာဦးရေပြားစွပ်ပြီးသန်းရှာတဲ့ပြသနာပါ...
မနက်အစောကြီး ကြီးကြီးကလာနှိုးတယ်တဲ့ ကြီးကြီးခေါ်တဲ့နောက်လိုက်သွားပြီးမျက်နှာလိုက်သစ်ပါတယ်တဲ့
အဲဒီ့မှာ ကြီးကြီးက
သူ့သွားတွေကိုချွတ်ပြီး..သွားတိုက်ပြ ပါတယ်တဲ့...
သူအရှေ့ဘက်ရွာသူတွေအကြောင်းကြားဖူးထားပြီးသားပါတဲ့
အသက်၅၀ကျော်နဲ့အံပုံလုပ်ထားရရှာတဲ့ ကြီးကြီးခမျာ မျက်ရည်တွေရော သူ့အံကပ်ရောထွက်ကျအောင်ရယ်လိုက်တာ..မှ..။
(၅)
အဲလိုနဲ့ မမထားခမျာ ဘယ်လိုမှရှုင်းပြချော့မော့လို့မရတဲ့အဆုံးရှင်လောင်းလှည့်တာလေးတောင်မနေရတော့ပဲ ပြန်ပို့လိုက်ရတော့တာပါပဲ..။
အမျိုးထဲလဲ ပြောစမှတ်ကိုတွင်ကျန်ရစ်တော့တာပါပဲ..။
တွေးကြည့်မိပါတယ်..
သူဘယ်လောက်ကြောက်လန့် တုန်လှုပ်သွားရှာမလဲနော်....
သူ..အထိတ်တလန့် ကိုယ်တွေ့ဖြစ်ရပ်မှန်အနေနဲ့တွေ့သမျှလူကိုပြောပြနေတော့မှာ..
တစ်ဆင့်စကားတစ်ဆင့်နားနဲ့ အရှေ့ဘက်သားတွေ သွားတောင်ချွတ် သွားတိုက်တဲ့အဆင့်ရောက်သွားရဦးမှာ..
နောက်..ဘယ်လောက်ရိုးသား(ရိုးအတယ်ပဲပြောရတော့မှာပါ)လိုက်တဲ့..၊အယုံလွယ်လိုက်တဲ့ အစွဲအလမ်းတွေကြီးတဲ့..တောသူတောင်သားတွေများလဲ...
ဒီလိုလူမျိုးတွေ ဘယ်လောက်ရှိနေကြဦးမလဲ..စသဖြင့်ပေါ့လေ....။



အိန္ဒြာ
(၆.၃.၂၀၀၉)

March 1, 2009

တစိမ့်စိမ့်ခါးသက်နေခဲ့တယ်

စိတ်ကို လက်တစ်လုံးခြား
လှည့်စားထားခဲ့ရတာလည်းကြာပြီ..၊
မျှော်လင့်ချက်ကို
သင့်လျှော်သလို နေရာချထားလိုက်ကြတော့၊
အနာဂါတ်ဟာ
ချုပ်ရိုးအသစ်ဖိ အပ်ကြောင်းထပ်ကုတ်အင်္ကျီပါပဲ၊
ဒီနေ့အထိ
အောင်မြင်ခန့်ငြားတဲ့ သီတင်းတစ်ပုဒ်ဆာလောင်တယ်.။

အချိန်အခါက
ကြိုးတန်းလမ်းလျှောက်ရာသီဥတုပေါ့.၊
ကမ္ဘာကိုတောချောက်ခံရတော့ အကမ်းအလှမ်းမှာ
သူတို့လည်း..သူတို့အပူနဲ့ သူတို့မီးနဲ့..၊
ဘာဆက်လုပ်ကြမလဲဆိုတဲ့
အကျောပေးခံနှစ်ချို့မေးခွန်းများ..၊
ကိုယ့်နောက်ကျောကို
ဓါးနဲ့ထိုးရမယ့်အဖြစ်သနစ်တစ်ချို့ရှိလာမယ်.။

တွက်ဆမကြည့်ရဲတဲ့ အရင်းအနှီးများစွာနဲ့
အလျော် အစား...၊
အိမ်မက်မဟုတ် ၊ ဒဏ္ဍာရီမဟုတ်
ကစားနည်းမဟုတ် ၊ လုပ်ဇာတ်မဟုတ် ၊
နှလုံးသားဟာ..
ခံစားချက်တွေအပေါ် ထုံထိုင်းမူးမော်လို့ ၊
နာတာရှည်ရောဂါတွေအတွက်
ဆေးမီးတိုဆိုတာတွေပဲရှိခဲ့ဖြစ်ခဲ့ ၊
အားလုံးဟာ..
အမှန်တရားရဲ့ ဘေးထွက်ဆိုးကျိုးတွေပေါ့.......ဟုတ်စ။

အကျအပေါက်များလွန်းတဲ့
သင်ခန်းစာတွေလေ့ကျက်သင်အံ၊
တဖြည်းဖြည်း..တဖြည်းဖြည်းချင်း
ကိုယ်ရည်သွေးတီးလုံးများကို နားယဉ်စေသော ပညာရပ်၊
ခေတ်ပေါ်ရွာချနေတဲ့မိုးကိုက
တစိမ့်စိမ့်ခါးသက်နေခဲ့တယ်...၊
စနစ်တကျကြီး...
သေသေသပ်သပ်ယိုယွင်းပျက်စီး...၊
ဒီလိုပဲ..ဆောက်တည်ရာမရလည်း.
တည်ဆောက်ဖို့နေရာရှာကြပေါ့...၊
အမြီးကျက်လို့ အမြီးကိုဖဲ့ချင်နေသူတွေလည်း
ဆန္ဒအတိုင်းရှိပါစေ။

ငါတို့နာကျဉ်ကြေကွဲခြင်းနဲ့
တိုက်ရိုက်အချိုးကျ မေတ္တာရောင်ပြန်တွေ..၊
ခင်ဗျားထပ်တိုးလိုက်တဲ့ခြေတစ်လှမ်းတိုင်းမှာကို
ကျိမ်စာသင့်နေတာ...!၊
ခင်ဗျားအိပ်မက်တွေနဲ့ ခင်ဗျား
သွေးလေချောက်ချားရဦးမှာ..၊
ဒါတွေဟာ..
စိတ်ဗဟိုမှာ.အနယ်ကျနေတဲ့ သစ္စာစကား..သစ္စာတရား.။

ကဗျာတွေဟာ..အတိတ်တဘောင်ဆန်လွန်းလို့
မနက်ဖန်အကြောင်းဒီနေရာမှာ ရပ်ထားလိုက်ဦးစို့..၊

ဘာပဲဖြစ်ဖြစ်
အခုငြင်းဆိုလိုက်တဲ့နွားနို့ဟာ..
အချဉ်ဖေါက်နှင့်ပြီးသားလို့ ယုံကြည်တယ်....။ ။

အိန္ဒြာ (၂၈.၂.၂၀၀၉)