March 20, 2009

ကဗျာနေ့ အမှတ်တရ



ကမ္ဘာ့ ကဗျာနေ့ အတွက် ကိုယ့်ဘလော့လေးမှာ အမှတ်တရလေးရှိချင်လာပါတယ်..။
သူငယ်ချင်း..မောင်မျိုးမွန်ရဲ့ ကဗျာရှည်ကြီးကိုလည်း...တင်ပေးချင်နေတာကြာပါပြီ..။
အခု ကဗျာနေ့မှာ..မှတ်မှတ်ရရ ဝေမျှ တင်ပြပေးလိုက်ပါတယ်..။
ကိုယ့်ကဗျာလေးလဲတင်ချင်တယ်ဆိုပြီး..
ကဗျာနဲ့ပတ်သက်တဲ့ ကဗျာလေးတွေ တင်ဖို့စဉ်းစားမိတဲ့အခါ
(အသစ်ကလည်းဘယ်လိုမှ..မရေးနိုင်တော့ကာ)
တင်ပြီသား ကဗျာဟောင်းလေးနှစ်ပုဒ်ကိုပဲ ပြေးမြင်တော့တာပါပဲ..။
ဘလော့အစောပိုင်ကတင်ခဲ့တာလေးမို့ အခုမှလည်ပတ်ဖြစ်ကြတဲ့ မိတ်ဆွေသစ်တွေ အတွက်က
အိုကေပေမယ့် မိတ်ဆွေဟောင်းတွေကတော့ မှတ်မိသွားအောင် နှစ်ထပ်ရှိလိုက်ကြပါ..လို့..။
အထိမ်းအမှတ်ပုံလေးက ယိမ်းနွဲ့ပါးကဆရာမိုးကြယ်ရဲ့ လက်ရာမွန်ပါ..။

################################################################

အသစ်စက်စက် ရှင်တမ်းစာ...

နှလုံးအိမ် နံရံအတွင်းမှာ
ဖေါက်ပြန်သံတွေ ပွက်ထန်လွန်းလှချည့်
ငါ...အသက်မရှုရဲလောက်အောင်ကို.......။

ငါ့စိတ်ကို..ဒီအတိုင်းလွှတ်ထားလိုက်ပြီး
ကိုယ့်အတ္တကိုယ်အိမ်မက်မက်ကြည့်တော့
အမှန်တရားက နည်းနည်းခါးပြန်ရော.....။

သီဆိုခွင့်မရတဲ့ သီချင်းကိုမှ..
နှုတ်တိုက်ဖွဖွ ရွတ်ဖတ်ချင်သေးတာလေ...
တစ်ကိုယ်ရည်နှလုံးသားအတွက်တော့
တိုးတိုးတိတ်တိတ် အသက်ရှုသံတွေသာ
ပဲ့တင်ဟိန်းထပ်ကျန်ရစ်..
(ဘုရားသခင်ပဲ ဖန်ဆင်းလေရော့သလား....)
သွေးရိုးသားရိုး အလွမ်းစစ်စစ်ထဲမှာ...။


တစ်ခါမျက်နှာသစ်လိုက်တိုင်း
တစ်ခါပိုပြီးဟောင်းလာတဲ့
သမိုင်းမတွင်သော..အလွမ်းအဆွေးများထဲ
နစ်မြုတ်ပျော်ဝင်နေချင်သော... အာရုံအသိမှားတွေနဲ့
ဆုံတွေ့တဲ့အခါမျိုးမှာတော့
ဆတ်ဆတ်ခါခါငြင်းဆိုတတ်ခဲ့ပြန်တယ်....။

ပေါ့ပေါ့ပါးပါး နေထိုင်ကြမှုမှာ...
သွက်လက်မှုတွေ ထုံထိုင်းလွန်းခဲ့ပေါ့
လေးလေးနက်နက်တွေးခေါ်မှုမှာတော့
ဖျတ်လတ်မှုတွေ သွက်လက်ကြပြန်တယ်...။

လက်ရှိအမြင် ကိုယ်တွေ့ဖြစ်စဉ်ရဲ့
ပြည်လည်သုံးသပ်ကြည့်သော...စိစစ်ချက်ပါ..
အမှန်တရားဆိုတာ
အမှားတစ်ခုပဲ ဖြစ်နေခဲ့သမို့
ဒီအမှားတစ်ခုကပဲ
အမှန်တရားဖြစ်နေခဲ့တာပါ...။

အမှတ်တမဲ့စမ်းကြည့်လိုက်တော့
ငါ့မိတ်ဆွေရဲ့ ဓါးရိုးကိုထိတွေ့မိရဲ့
အို...ဘယ့်...မိတ်ဆွေ...
ငါ့အသည်းနှလုံးက သင့်ဓါးကိုပြုံးပြရဲပါတယ်နော်..
သင်ဟာ..ဘုရားသခင်ရဲ့ တမန်တော်ပေလား..
နတ်ဆိုးရဲ့ ကိုယ်ရံတော်ပေလား
တကယ်တော့
လူတစ်ယောက်သာ ဖြစ်သင့်ပါပေတယ်..။

နှလုံးသားတွေ ဈာပနဖြစ်မှုဟာ..
ရိုးသားခြင်းအတွက် ပြယုဂ်အဖြစ်
ဘုရားသခင်ရဲ့ ဆုလဘ်တစ်ခုဆိုစေတော့
ငါ...ရဲရဲဝံ့ဝံ့ ငြင်းပယ်လိုက်ပါတယ်....။

ယုံကြည်မှုအရ ငြင်းပယ်ခွင့်ရှိသလို
ယုံကြည်မှုအရ..လက်ခံခွင့်ရှိတယ်
ယုံကြည်မှုအရလည်း မှားယွင်းခွင့်ရှိတယ်
ကိုယ်ယုံကြည်ရာကို ယုံကြည်လိုက်ကြပါ...
ယုံကြည်မှုဆိုတာ..ဘာသာတရားတို့ရဲ့
မရှိမဖြစ် သစ်ရွက်တစ်ရွက်ဖြစ်တယ်......။

ခလုတ်ထိလည်း အမိမတကြေး
ဘ၀ကို မျဉ်းဖြောင့်တစ်ကြောင်းလို ပြေးကြည့်ရင်
အရာရာဟာ ဖြောင့်တန်းနိုင်ကြပါ့မလား...
လူအမည်ခံရဲဖို့ဆိုတာ
ရိုးသားမှုနဲ့ သစ္စာတရားကို...
စိတ်ဓါတ်နဲ့ ရှက်တတ်တယ်ဆို လုံလောက်ပါတယ်..။

စည်းမျဉ်းတွေနဲ့ချည်း ကန်း နေတာကြာပြီ
မသိသားဆိုးဝါးလှတဲ့ သွေးထိုးမှု
တစ်ဖက်စောင်းနင်း ယဉ်ကျေးသိမ်မွေ့မှု
နတ်ရူးတို့ရဲ့ ဗုံသံဆာလောင်မှု
သစ္စာဆိုပြသူတွေရဲ့ မျက်နှာပြောင်တိုက်မှု
ဘာအတွက်ငါ..တုဖက်နေဦးမှာလဲ
လက်ရည်တူ ယှဉ်ပြိုင်ရမယ်ဆိုဦးတော့
ငါ့သိက္ခာအတွက် ငါ ရှက်လှချေရဲ့.....။

အေး..လေ.... ငါကလည်းငါပဲ...
ထစ်ကနဲရှိ နလုံးသားကို ချပြမိခဲ့တာ..
ကျားတွေစောင့်တဲ့ ဥပုဒ်သီလကိုမှ..
ငါက..သာဓုခေါ်နေမိတာလေ..
တေယ်ပါသေးရဲ့
နှုတ်မကျွံခင်သိလိုက်ရတာကိုပဲ...
ငါ့ကိုယ်ငါ ကျေနပ်နေမိတော့......။

ဘယ်သူ့အတွက် ဘယ်လောက် ဘာဖြစ်လာမလဲ
တစ်ခေတ်လုံးနဲ့တစ်ယောက်လို
နှလုံးသားကိုယ်စီရဲ့ ဒဏ်ရာတွေသာ..
စံချိန်မှီ လက်ရာတွေသာ ဖြစ်ခဲ့ပေတယ်..။

ကောင်းကင်ကလည်း..အမှားအယွင်းနဲ့ လှပ...
မြေပြင်ကလည်း....အလွဲလွဲအချော်ချော်နဲ့ လှပ
လူသားတွေကလည်း ရေလိုက်ငါးလိုက်နဲ့ လှပ
ငါသာ..အကျည်းတန်မိုက်မဲနေတော့တယ်....။

ခက်တာက
မှန်တယ်လို့ပဲယုံကြည်နေမိသေးတာ
မရေရာတဲ့လောကကြီးကို...

ရေရာတယ်လို့ ထင်နေခဲ့တာ
သေချာမယ်လို့ထင်တာတွေက
အသေမချာဖြစ်ပျက်ခဲ့တာ
မျက်ဝါးထင်ထင်အောင်မြင်မှုတွေ..
ပိုးစိုးပက်စက်ရှုံးနိမ့်ခဲ့တာ
.............................. စတာတွေ
မြင်နေရတော့

ဘာနဲ့ကုစားဦးမလဲ
သက်သေခိုင်လုံခဲ့ပေမယ့်
ထွက်ဆိုချက်က လက်တစ်လုံးခြားခဲ့ပြီ
ဗြဟ္မစိုရ် တရားတွေပျက်သုဉ်းသွားပြီပဲ...
အဖြစ်အတိုင်းပဲရှိပါစေတော့....။

ငါ...တတ်စွမ်းသလောက်...
လောကအတွက် အလွမ်းပျိုးခဲ့ပါတယ်
ကမ္ဘာမြေအတွက် အနမ်းမိုးခဲ့ပါတယ်...
အမေ့အတွက် အစမ်းဆိုးခဲ့ပါတယ်....။

ဘာတွေ တောင်းဆိုချင်သေးလဲ...
မျှော်လင့်ရက်စရာမရှိအောင်ကို
နုံချာညံ့ဖျင်းလှတဲ့ အကျိုးပေးနဲ့
ဘ၀အဆက်ဆက် ပါရမီသေးလှတဲ့ကောင်က
ဒီအမှောင်ကိုမှ....နှုတ်ဆက်ချင်သေးသတဲ့....။

ဆုံးဖြတ်လိုက်ပါပြီ
ဘ၀သစ်နဲ့ ဆက်လက်ရှင်သန်ဖို့
ဘ၀ဟောင်းကိုယအဆုံးသတ်ရတော့မယ်ဆိုတာ....

ဟော..ဒီ့မှာ....
အသက်ဓါတ်ရဲ့ တဆတ်ဆတ်တုန်ခါမှုနဲ့
လိပ်ပြာအသန့်ဆုံး ဖြောင့်ချက်တစ်ခုပါ...
ငါဟာ..ကဗျာဆရာဖြစ်တယ်...။

ဒီလို လူပီသခဲ့သူတစ်ယောက်ရဲ့
အသက်စစ်စစ် အသစ်စက်စက်
ကြေငြာချက်..
အမှာစကားမဟုတ်တဲ့ ရှင်တမ်းစာ.......

စကားလုံးများကို ချိုးနှိမ်ထားကြပြီး
ကိန်းဂဏန်းများကို ရူးသွပ်နေကြသူတွေထဲ
ခုလို..အရှက်မရှိသူတွေ လူအမည်ခံကြလို့
သစ္စာမရှိသူတွေ လူတွင်ကျယ်လာကြလိမ့်မယ်...။

ဒါဟာ...
ဘုရားသခင် ဖန်ဆင်းခဲ့မှုဆိုတာတွေအတွက်..
ကဗျာဆရာရဲ့ ပြောကြားချက်............

ဘုရားသခင်...ခင်ဗျား.....
အသင်ဟာ....ဘုရားသခင်ဖြစ်သလို...
ကျွန်ုပ်ဟာ..ကဗျာဆရာဖြစ်ပါပေတယ်......။

မောင်မျိုးမွန်

####################################################################

နာမကျန်းခြင်းတေးသံ


ကမ္ဘာဦးလေသန့်ကို ရှူရှိုက်ဖို့
သံသရာဆိုတာ ဘယ်လောက်ရှည်ကြာလိမ့်ဦးမလဲ
ပျက်ကို ပျက်ရမှာကတော့ သေချာတယ်။

ရေကြီးလွှမ်းလွှမ်း၊ မီးကြီးလောင်လောင်
ကမ္ဘာတစ်ခုပျက်လို့ နောက် ကမ္ဘာသစ်တည်ကြရင်
အဲဒီ့ကမ္ဘာကို ကဗျာဆရာတွေနဲ့ ပြန်စမယ်။

ကဗျာဆရာဆိုတာ စိတ်က လှမ်းလှမ်းခွပ်သမျှ
အနေအထိုင် မတတ်ပြတာလေးကလွဲလို့ ရိုးသားတယ်
ကဗျာဆရာတွေက ကိုယ့်နှလုံးသားကို ကိုယ်
ရဲရဲဝံ့ဝံ့ ဖွင့်လှစ်ပြ၀ံ့သူတွေလည်းဖြစ်တယ်
ကဗျာဆရာ့ ဥပဇာမှာ ဗြဟ္မစိုရ်တရားတွေထွန်းကားပြီး
ကဗျာရေးတဲ့လက်တွေဟာ ဘယ်တော့မှ စစ်မက်တွေကိုမရေးချယ်တတ်ဘူး
ကဗျာရေးခြင်းအတတ်မှာ High techမလိုသလို
ကဗျာရေးခြင်းစွမ်းရည်အတွက် လောင်စာဆီတွေမလိုဘူး

ကဗျာဆရာတွေက
အလေ့ကျပေါက်ပင်တွေ ဖြစ်ပေမယ့်
ဆေးဖက်တော့ဝင်တယ်
ကဗျာဆိုတာ ကဗျာဆရာတွေရဲ့ သစ္စာဓိဌာန်
အဲဒီ့ သစ္စာဓိဌာန်က ကမ္ဘာဦးတေးသံ ဖြစ်လိမ့်မယ်။

ကဲ... အကုသိုလ်တွေ ခဏအောင့်ရအောင်
ဘ၀ဆိုတာ
တနင်္လာဆန်ဆန် နှစ်ခါ ပြန်ရ ဖို့ မလွယ်ဘူးလေ..။

သင်က
မနေ့က၀င်သွားခဲ့တဲ့ နေမင်းကြီးပဲမဟုတ်လား..
ကျွန်ုပ်တို့ အပူငွေ့တွေလှုံပြီး
ရဲရဲတောက် ကျန်းမာနေတဲ့ပုံ။ ။


အိန္ဒြာ
( ပိတောက်ပွင့်သစ်မဂ္ဂဇင်း)

####################################################################


နှလုံးသား..သိုက်စာ

ငါတို့ ဆာလောင်မွတ်သိပ်မှုတွေက
အဲဒီ့စာမျက်နှာမှာ ရပ်တန့်သွားခဲ့တယ်..

အမှန်တကယ် လိုအပ်ချက်တွေအရ
ဖြစ်သင့်လို့ ဖြစ်တည်လာမှုတွေ
ဗီတာမင်လို သီး ဝေ လို့..

ဟေ့!
ငါတို့ ကိုယ်ပိုင်ဒိန်ခဲကို...
ငါတို့ ကိုယ်တိုင် တွေ့ရှိပြီ..။

တန်းမြင့် ခံစားချက်သဘင်တွေ ဆင်ယင်ကျင်းပကြ..
ယုံကြည်မှုစားကျက်မှာ စိတ်တွေလွှတ်ကျောင်းကြ..
အသက်ဓါတ်ကို စကားလုံးနဲ့ မျှားခြင်းအထုံအလေ့မှာ ပျော်မွေ့ကြ..
ငါတို့ ယဉ်ကျေးမှုတစ်ခေတ်ကို
အသစ်အတိုင်း ရုပ်ကြွင်းဖြစ်စေဖို့..
ကိုယ့် နှလုံးသွေး ကိုယ် မင်ရည်လုပ်
ကိုယ့် အရေခွံ ကိုယ် ဆုတ်ပြီး စာ စီ ကြ..။
ဒီနေရာ မှာ....
ငါတို့က..
အထက်တန်းစား ၀ဋ်နာကံနာသည်တွေမို့
ဝမ်းတွင်းပါမှော်တွေအတိုင်း
ပန်းမကိုင်ပဲနဲ့လည်း ကျ တတ် ကြ ရ မယ် .။

ငါတို့အတွက်
အနုပညာဆိုတာ..အဆာခံနိုင်ခြင်း သိဒ္ဓိ
ငွေကြေးဆိုတာ စိတ်တိမ်းပွေအောင်ပြုစားတတ်တဲ့ စုန်းကဝေပေါ့..
ကျော်ကြားမှုဆိုတာ တရွရွယားယံစေနိုင်တဲ့ ဗိုင်းရပ်ပိုး....
ဂုဏ်သိက္ခာဆိုတာ မိုးသံကြားတိုင်း ထပွင့်ပြချင်နေတဲ့ ပန်းပွင့်ပေါ့..
သေချာပါတယ်...
ငါ တို့ အ တွက် က
အဆင့်အတန်းဆိုတာ အနယ်ကျနိုင်ခြင်း စာအုပ်စင်..
ခေတ် ပေါ် က ဗျာ ဆို တာ ..
ငါတို့ နှလုံးသားသိုက်ကို ညွှန်းဆိုပြလိုက်တဲ့ ၀ှက်စာကွယ့်...
ဒီနေရာမှာလည်း...
ငါတို့တွေက
အမှားအယွင်းတွေကို လက်ထိုးအံပစ်ရဲရမယ်..။

ကဲ ရောင်နီလာရင်...
ပြဌာန်းချက်မြစ်ကျင်းကို ရေဆန် ဆန်ဆန်လှော်ခတ်ရင်း
ကိုယ့်သက်ပြင်းနဲ့ကိုယ် ရွက်ဖွင့်ထွက်ကြစို့...။

“ဟေး .....!!!!!!!!!”

တစ်လှေလုံး.....
ငါး ခုံး မ တွေ ချည်း ။ ။





အိန္ဒြာ
(ဧပြီလ၊၂၀၀၈ ခုနှစ်( အမှတ် - ၁၇ )ပိတောက်ပွင့်သစ်မဂ္ဂဇင်း)


9 comments:

လင်းဒီပ said...

ကဗျာနေ့အမှတ်တရ ကဗျာလေးတွေ အကုန်လုံးကောင်းပါတယ်...
အစ်မကဗျာတွေက ဖတ်ပြီးပေမယ့်
ပြန်ဖတ်တော့လည်း သစ်နေတုန်းပဲ...။
ကျွန်တော်ကလည်း ကဗျာဆို လွှတ်ချစ်တာကိုးဗျ..။
ကဗျာနေ့အမှတ်တရ ကဗျာရေးသူ ကဗျာဖတ်သူ ကဗျာချစ်သူ အားလုံး အေးချမ်းပျော်ရွှင်ကြပါစေဗျာ..။

အိုင်လွယ်ပန် said...

ဖတ်ရတာ အားရလိုက်တာ အစ်မအိန္ဒြာရေ ....

Nyein Chan Aung said...

နာမကျန်းခြင်းတေးသံ ကြိုက်တယ်

ဆောင်းယွန်းလ said...

ကဗျာဆရာဆိုတာ စိတ်က လှမ်းလှမ်းခွပ်သမျှ
အနေအထိုင် မတတ်ပြတာလေးကလွဲလို့ ရိုးသားတယ်
ကဗျာဆရာတွေက ကိုယ့်နှလုံးသားကို ကိုယ်
ရဲရဲဝံ့ဝံ့ ဖွင့်လှစ်ပြ၀ံ့သူတွေလည်းဖြစ်တယ်
ကဗျာဆရာ့ ဥပဇာမှာ ဗြဟ္မစိုရ်တရားတွေထွန်းကားပြီး
ကဗျာရေးတဲ့လက်တွေဟာ ဘယ်တော့မှ စစ်မက်တွေကိုမရေးချယ်တတ်ဘူး
ကဗျာရေးခြင်းအတတ်မှာ High techမလိုသလို
ကဗျာရေးခြင်းစွမ်းရည်အတွက် လောင်စာဆီတွေမလိုဘူး

ကဗျာဆရာတွေက
အလေ့ကျပေါက်ပင်တွေ ဖြစ်ပေမယ့်
ဆေးဖက်တော့ဝင်တယ်
ကဗျာဆိုတာ ကဗျာဆရာတွေရဲ့ သစ္စာဓိဌာန်
အဲဒီ့ သစ္စာဓိဌာန်က ကမ္ဘာဦးတေးသံ ဖြစ်လိမ့်မယ်။

သိပ်မှန်တာပဲ သိပ်ကောင်းတဲ့ ကဗျာတပုဒ်ဆိုတာထက်ကို ပိုပြီးကောင်းနေတဲ့ ကဗျာတပုဒ်ပါပဲ ညီမရေ

အရုပ်ကလေး said...

ကဗျာများနေ့ ကဗျာရှည်တွေ အနှစ်သာရ အပြည့်ပါ ..။
စာကောင်းလေးတွေနဲ့ ဖွဲ့တည်ထားတဲ့ ကဗျာတွေ ဖတ်ရလို့
ကျေးဇူးကမ္ဘာ ...။

MANORHARY said...

မောင်မျိုးမွန်ကဗျာတွက်ရော
သစ်နေသေးတဲ့ကဗျာဟောင်းနှစ်ပုဒ်တွက်ရော
ကျေးဇူး.............

ညီဇေ said...

ကဗျာတွေ တစ်ဝကြီး ဖတ်ရတာ အရသာရှိလိုက်တာ...။ ကဗျာမှာ အသစ်တွေ အဟောင်းတွေ မရှိပါဘူး အစ်မရေ...။ ဖတ်လိုက်တိုင်း အသစ်လို ခံစားရပါတယ်...။ ရတနာသိုက်ကို တူးဖော်နေရသလို ကဗျာတွေရဲ့ နောက်ကွယ်က လျှို့ဝှက်တဲ့ အရာတွေဟာ ရင်ခုန်စရာ အပြည့်ပါပဲဗျာ...။ ဆရာမောင်မျိုးမွန်ရဲ့ ကဗျာတွေ ရှိရင် တင်ပေးပါဦး အစ်မရေ...။ လွမ်းလို့...။

ညိမ်းညို said...

ကဗျာနေ့အမှတ်တရတင်ပေးတဲ့ ကဗျာတွေလာဖတ်ပါတယ်ခင်ဗျာ။
ပျော်ရွှင်ချမ်းမြေ့ပါစေ :) :)

pandora said...

ကဗျာဆရာတွေက
အလေ့ကျပေါက်ပင်တွေ ဖြစ်ပေမယ့်
ဆေးဖက်တော့ဝင်တယ်....

၉၆ ပါးပျောက်တဲ့ဆေးမို့ အေးအေးဆေးဆေးမှ လာမှီဝဲသွားပါကြောင်း