May 24, 2010

ကဇာတ်ရုံထဲကထွက်လာခဲ့တဲ့အကြောင်း A ကနေ Z

ပြောရရင်...
ပျင်းရီငြီးငွေ့လာလို့ပါဆို မလုံလောက်ဘူးလား..
မင်းရဲ့ပုံတူကူးအပ်ကြောင်းထပ် ဖျော်ဖြေတင်ဆင်မှုတွေထဲ
ဇာတ်တိုက်မနာသလို အမှားမှားအယွင်းယွင်း စကားလုံးတင်ဆက်မှုတွေ ညံ့ဖျင်းလို့
ဦးနင်းပဲ့ထောင် ပဲ့နင်းဦးထောင် မညီမညွတ် အနုပညာတွဲရေးခွဲရေးလှိုင်းဂယက်တွေကြား
အံခဲ ဇွဲသန် မှတ်ကိုက်ခြင်ကိုက် ဒုက္ခခံခဲ့ရတဲ့ ညတွေ သိပ်များ သိပ်ကိုများ
ငါ့ခံနိုင်ရည်ကို မှတ်ကျောက်တင် ဓါးသွေးနေခဲ့ရ
မျှော်လင့်တကြီး......ဒါပြီးရင် လာတော့မှာပါလေဆိုတာမျိုး
လည်တံကို အဆုံးအထိ ငံ့လင့်တကြီးဆန့်တန်းလို့
ယုံကြည်ချက်ဆိုတာ မညှိုးသောပန်းလို့ ထပ်မံယုံကြည်ရင်း
မင်းရဲ့ ညှို့ဓါတ်ပြည့် မှော်သားပင်လယ်ထဲ
ပိုးစိုးပက်စက်မျောပါချင်လွန်းလို့ ငုတ်တုတ်ထိုင်စောင့်ကြည့်နေခဲ့ရတဲ့ ကောင်
လူတစ်ကိုယ် စိတ်တစ်ကိုယ်လုံး စုံးစုံးမြုပ် လက်ပမ်းကျသည်အထိ...

သိလား...
ပွဲလန့်တုန်းဖျာခင်းဖို့မဟုတ်ဘူး ငါ ဒီကဇာတ်ရုံထဲ ၀င်လာတာ..
ပွဲပြီးမီးသေ..ဒီလိုလား ပွဲကလည်း မပြီး....မီးတောက်လည်း ပိုပိုကြီးလာပေါ့

စိတ်ပျက်ဖွယ်ရာ ဖန်တစ်ရာတေကြော်ငြာစာသားများ
သေမထူးနေမထူး မွဲပြာပုဆိုးဝတ်စုံများ
ကိုယ့်ဟာကို ဘယ်လိုဆည်ရမှန်းမသိတဲ့ ရေမျောကမ်းတင်ဇာတ်ဝင်ခန်းများ
ပွဲသိမ်းကို ကြိုသိနိုင်တဲ့ ဇာတ်သွားဇာတ်လား ချုပ်ရိုးအဟောင်းများ
မရယ်လို့ ရယ်ရယ်နေရတဲ့ အပေါစားဟာသတွေ..ကာလာစုံနိုင်လွန်း
ဘယ်လောက်ပဲ ဘယ်လိုလုပ်လုပ် အသစ်ရုပ်မထွက်နိုင်တော့ကာ.....
ငါ့သည်းခံနိုင်စွမ်းအားတွေအားလုံးက သုညမျှခြေထိဆင်းသွားခဲ့ပြီပေါ့

ဝါးးးးးးး
ငါ့ ငြီးငွေ့မှုတွေက ငါ့ သွေးပြန်ကြောထဲအထွတ်အထိပ်
ငါ့ ငိုက်မျဉ်းခြင်းတွေ ရုပ်ပျက်ဆင်းပျက် ပြိုကျမလာခင်လေးအချိန်မီ
ငါ.....
ဟော ဒီ ကဇာတ် ရုံ ထဲက ထွက်ချလာခဲ့ပြီ ။

အိန္ဒြာ
(၂၄.၅.၂၀၁၀)

ဒီစာလုံးတွေကြောင့် ဒီကဗျာရသလား
ဒီကဗျာအတွေးရှိနေခဲ့လို့ ဒီစာလုံးတွေ ပေါ်လာသလား ဘယ်ဟာမှ မသေချာပါဘူး..။
သေချာတာက ကဗျာတစ်ပုဒ်နဲ့..
ချစ်သော မမ ရဲ့ TAG ကိုဖြေလိုက်တာပါ..

Advertise , Banal, Color , Disappointed , Doz, Entertainment,Fascination , Garble
Hope, In the disfigured condition , Joke, Knife , Lazy , Mosquito , Neck
Old , Pinnacle , Quench , Resistance , Seam , Tension ,Unbearable , Vein , Wave,
Xeranthemun , Yawn , Zero
ဒီ စာလုံး၂၆ လုံးရဲ့အဓိပ္ပာယ်တွေကို
ကဗျာထဲမှာ
သင့်သလိုရောသမမွှေထားပါကြောင်း.။

11 comments:

pandora said...

ဒီဆရာမက ဒီလိုလား
ဘယ်လိုပဲဖြစ်ဖြစ် ကဗျာလှလှလေးတစ်ပုဒ် ရလိုက်တာပေါ့။
ငြီးငွေ့မှုတွေကို သွေးပြန်ကြောထဲက ဖောက်ထုတ်ပြီး ဇာတ်စင်ပေါ်ကိုသာ တက် က လိုက်ပါ။

ကောင်းကင်ပြာ said...

ကောင်းချက်...

MANORHARY said...

တစ်ယောက်တစ်မျိုး မရိုးရအောင်ပါပဲ ..
ကဇာတ်ရုံထွက်ကနေ ထွက်လာခဲ့တဲ့အကြောင်းတွေက
များမြန်ထွေပြားလွန်းလှပါတယ်လေ ......

Anonymous said...

မင်းရဲ့ ညှို့ဓါတ်ပြည့် မှော်သားပင်လယ်ထဲ
ပိုးစိုးပက်စက်မျောပါချင်လွန်းလို့ ငုတ်တုတ်ထိုင်စောင့်ကြည့်နေခဲ့ရတဲ့ ကောင်...


ခိုက်ထှာာာာာာ......

Anonymous said...

(ငါ့တီဒြာ.. အလောတကောနဲ့ ရေးထည့်လိုက်ပြန်ပြီ....။ စာလုံးပေါင်းတချို့ပြန်စစ်ပါဗျို့)

မေငြိမ်း said...

အင်း အိန္ဒြာ.. တကယ့် ချစ်စရာ ကဗျာဆရာမ...

kay said...

Dictionary လှန်လိုက်အုံးမယ်..
ချစ်စရာ ကဗျာဆရာမ..း)

emayarKhin said...

မမအိန္ဒြာရဲ့..ရောသမမွှေတဲ့ကွ..
လန်းနေတာ...

မယ့်ကိုး said...

ချစ်မလေး ... ကဗျာလေး အရမ်းအရမ်မိုက်။

Moe Myint Tane said...

သားစိုးပြီးရင် နောက်တက်မှာက ဒီကဗျာဆရာမပေါ့။
သမီးစိုးလို့ နာမည်ပေးလိုက်ပါ။ ဟဲ ဟဲ စိတ်မဆိုးကြေးနော်။
ပုံရိပ်တွေနဲ့ ရောမွှေထားတဲ့ ကဗျားလေးကို ဖတ်သွားပါတယ် မကြီးရေ.. ဂွတ်ထနေတယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

tin min htet said...

ဒီလိုရေးလိုက်တော့လည်း တယ်ကောင်း။

ကျွန်တော့်မှာတော့ အေဘီစီဒီ မတတ်ဘဲနဲ့ အရပ်ထဲကို လည်မလားအောက်မေ့ပါတယ်။ ခုတော့ ကကြီးခကွေး အိမ်ကိုပြေးပြီဗျို့။ ဘာရေးရမှန်း မသိတော့ :P