March 14, 2009

နေ့ဟောင်းများ

ညနေခင်းအမှောင်ဟာ..
ကြောင်တစ်ကောင်လို ခုန်ဝင်လာတယ်...။

ပလက်ဖေါင်းပေါ်က
အစာအိမ်ရဲ့ အူသံတွေ
ချော်ရည်ပူလို အန်ကျလာတယ်....။

ကိုယ်တို့ရဲ့
တစ်နေ့တာဟာလည်း
ဖတ်ပြီးသား နာရေးကြော်ငြာလို
အမှိုက်ခြင်းထဲ ထည့်ရုံသာ....။

မိုးရေထဲမှာ
လက်နှီးစုတ်ကို လျှောက်လှမ်းရင်း
ကိုယ့်မျက်နှာကို ပွတ်သတ်မိရဲ့...။

ဟက်ကနဲ
ရယ်သံလို..
ဘရိတ်အုပ်လိုက်တဲ့နေ့တွေ ညတွေ
ကျီးပေါင်းထလို့........။

ကိုယ်ခန္ဓာကို
စောင်တစ်ထည်လိုလိပ်ပြီး
အိပ်ရာထဲ ပစ်သွင်းလိုက်တယ်
ဟောက်သံတွေ
မရွာသွန်းသေးသမျှတော့
မျက်လုံးရဲ့ ဒဏ်ရာကို
အကြိမ်ကြိမ် ပွတ်သပ်မိရဲ့.....။ ။

အောင်ဘညို
(ဖက်ရှင်မဂ္ဂဇင်း ၊ မတ်လ၊၂၀၀၃)

စကားလုံးရိုးရိုးရှင်းရှင်းတွေနဲ့ အရောက်ပို့နိုင်တဲ့ ဆရာအောင်ဘညိုရဲ့ကဗျာတွေကိုလည်း စွဲလမ်းနှစ်သက်မိပါတယ်..။
ကိုယ့်တစ်နေ့တာကို ကိုယ်တွေးနေမိတဲ့အချိန်..ဆရာ့ကဗျာကိုပြန်ဖတ်မိရင်း......
...မျှဝေပေးလိုက်တာပါ..။

11 comments:

Anonymous said...

ဟာ ...
ကောင်းလိုက်တာကဗျာပါလား မကြီးရေ...
အရမ်းကြိုက်သွားတယ် ..
အပုဒ်တိုင်းမှာ ... ပေးထားတဲ့ ရသနဲ့ သရုပ်ပြထားတဲ့သင်္ကေတ
ထပ်တူကျလိုက်တာဗျာ ...
အဲလိုကဗျာမျိုးကို ဖတ်လိုက်ရတဲ့အခါ ...
အားကျတဲ့စိတ် ...
လေးစားတဲ့စိတ်နဲ့ ...
အားပါးတရ ချီးကျူးချင်တဲ့ စိတ်တွေက
လက်ခမောင်း ထခတ်လို့ရယ် ...

ခင်မင်လေးစားမှုများစွာဖြင့်

ဆောင်းယွန်းလ said...

ကိုအောင်ဘညိုရဲ့ နိမိတ်ပုံတွေသုံးထားတာကို ဖတ်ရပြီး လေးစားတယ်...မျှဝေမှုအတွက် ကျေးဇူးတင်ပါတယ် ညီမရေ..

Anonymous said...

ဟုတ်တယ်.. ရိုးရှင်းတယ် ထိမိတယ်.. သေသပ်တယ်။

MANORHARY said...

ကိုအောင်ဘညိုရဲ့နေ့ဟောင်းများကိုပြန်မြင်လိုက်ရတော့
ကိုယ့်နေ့တွေနဲ့ဘာများထူးလို့လဲ..လို့တွေးမိတယ်။

လင်းဒီပ said...

ဆရာအောင်ဘညိုက ကြိုက်တဲ့ဆရာတစ်ယောက်ပါပဲဗျာ...

ညိမ်းညို said...

ကဗျာကောင်းတစ်ပုဒ်ကို မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ
ပျော်ရွှင်ချမ်းမြေ့ပါစေ :)

ဇေဇော် said...

အစ်မရေ... အသံဖိုင်လေးတွေ တင်ပေးနိုင်ရင် ကောင်းမယ်ဗျာ... အစ်မရဲ့ ကဗျာရွတ်သံလေးတွေ နားထောင်ရတာပေါ့... အစ်မ ကြိုက်တဲ့ကဗျာလေးတွေကို ရွတ်ပြတော့ အရသာ တစ်မျိုး ဖြစ်နိုင်တယ်.... အားရင် စမ်းကြည့်ပါဦးဗျာ... wave editing အကြောင်းနားလည်တဲ့သူတွေရှိရင်လည်း အကြံပေးကြပါဦးဗျာ... ကဗျာလေးတွေကို ဖတ်လို့လည်း ရနေသလို နားထောင်လို့လည်း ရရင် ပိုအဆင်ပြေမယ် ထင်တယ်ဗျာ... နောက်ခံ ဂီတလေးတွေ ထည့်နိုင်ရင်တော့ ပိုကောင်းတာပေါ့... လောလောဆယ် မလုပ်နိုင်သေးရင်တောင် စမ်းကြည့်ပေးပါဦးနော်... ကဗျာတွေ မတင်ဖြစ်ရင်တောင်မှ ကိုယ်ကြိုက်တဲ့ ကဗျာတွေကို ရွတ်ပြတော့ ဒီအတိုင်းဖတ်ရတာနဲ့စာရင် ရသသစ်လေး ဖြစ်နိုင်တာပေါ့... လောဘများ ကြီးနေမလားပဲ... လုပ်တယ်ဆိုတာကလည်း အားဦးမှ... အချိန်ရရင် စမ်းကြည့်ပါဦးဗျာ...

အိန္ဒြာ said...

ညီဇေ...

မြှောက်ပေးနေပြန်ပြီ..ငါ့ကို...
မလုပ်ပါနဲ့ဟာ...
ငါ့ဘလော့ကြားပြန်ဘလော့ဖြစ်ပါ့မယ်...

အင်း...
တကယ်သာ..သေသေချာချာရသမြောက်မြောက်လေးလုပ်နိုင်ရင်..
တော်တော်လေး..လှလှပပနိုင်တဲ့
အကြံအစည်လေးပါပဲ....
ကျေးဇူး..ညီဇေ..ရေ..။

အိုင်လွယ်ပန် said...

တစ်ခါတစ်လေတော့
နေ့သစ်တွေကလည်း
နေ့ဟောင်းတွေလိုပါပဲအစ်မရေ ...
ကဗျာ အတွက်ကျေးဇူးဗျ ....

ခင်မင်လေးစားစွာ

Anonymous said...

ဘာဖြစ်လို့ကျနော့်တစ်နေ့တာနဲ့လည်း တူနေတာပါလိမ့် ။

ကိုယ်တို့ရဲ့
တစ်နေ့တာဟာလည်း
ဖတ်ပြီးသား နာရေးကြော်ငြာလို
အမှိုက်ခြင်းထဲ ထည့်ရုံသာ....။

အဲ့ဒီတိုင်းပဲ ဖြစ်နေတာကြာပြီးဗျ။

ညီအကိုများ said...

အစ်မရေမျှဝေပေးတဲ့အတွက်ကျေးဇူးပါ။

ခင်မင်လေးစားလျက်
မိုးကြယ်