August 29, 2009

ငါး ပြတိုက်

ငါးကဗျာလေးတွေချည်း စုစည်းဖို့တင်ဆက်ဖို့စိတ်ကူးကောင်းလေးတစ်ခုရလာတာနဲ့
လက်လှမ်းမှီသမျှ ရှာဖွေ..၊ လက်လှမ်းမှီသမျှကဗျာဆရာတွေအပူကပ်ပြီး ဖေါ်ပြတင်ဆက်ပေးလိုက်ပါတယ်.. ။

ဆရာမောင်ချောနွယ်ကစ လင်းဒီပအဆုံး..ကဗျာဆရာ/မ အားလုံးကို
ကျေးဇူးအထူးတင်ရှိပါကြောင်း..။


အိန္ဒြာ

++++++++++++++++++++++++++++++++++++++++


ငါး..

တစ်ဘ၀လုံးလုံးလိုလို
ငါးရယ်လို့ တစ်ကောင်တစ်လေမှ မမိ
ကြည့်
မိမယ့်မိတော့ စကြ၀ဠာကြီး
အပေါ်ဆွဲတင်လိုက်တော့
ငါ့ငါးမျှားတံဟာ ကိုင်းညွှတ်ပြီး
သက်တန့်ဖြစ်သွား
ငါ့ကို ပြန်မျှားခဲ့ပေါ့။ ။

မောင်ချောနွယ်
+++++++++++++++++++++++++++++++++++++
ငါး..

ငါးအသေကောင် လိုချင်ရင်
ဈေးမှာဝယ်ပါ

ကြောက်လန့်နေတဲ့ ငါးတစ်ကောင်လိုချင်ရင်
ပိုက်ကွန်တွေနဲ့ ဖမ်းပါ

ဒဏ်ရာ ရနေတဲ့ ငါးတစ်ကောင် လိုချင်ရင်
ငါးမျှားချိတ်မှာ အစာတပ်ပြီး မျှားပါ

အရုပ်နဲ့ တူတဲ့ ငါးတစ်ကောင် လိုချင်ရင်
မှန်တွေနဲ့ လုပ်ထားတဲ့ ရေကန်အတုထဲမှာ မွေးပါ

ငါးအစစ် တစ်ကောင် လိုချင်ရင်တော့
ကျောက်ဆောင်တစ်ခုလို ရပ်နေပါ

ရင်ဘတ်ကို ဖွင့်ထားပါ
လမ်းမှားလာတဲ့ ငါးအစစ်တစ်ကောင်က
မင်းရဲ့ နှလုံးသားကိုတောင်
ဝင်ပြီး တိုးခွေ့သွားလိမ့်မှာ

အသက်ရှုသံတွေနဲ့
ရေလှိုင်းတွေကို ဖန်ဆင်းလိုက်တဲ့အခါ
ပျော်ရွှင်စွာ ကစားနေမယ့်
ငါးအစစ်တစ်ကောင် ကိုရရှိမှာ

မင်းရဲ့ လက်ချောင်း တွေနဲ့ သူ့ကို
ဖမ်းဖို့ မကြိုးစားတဲ့အထိသာ။


မြင့်မိုးအောင်


+++++++++++++++++++++++++++++++++++++


ငါး

ဒီဘ၀အပြင်
ဘယ်ဘ၀က ပိုကောင်းဦးမလဲ။
မရွေ့မလျား
ငါတို့ ငြိမ်သက်နေတာ ငါတို့ ကူးခပ်ခြင်း။
အပြေးအလွှား
ငါတို့ကူးခပ်နေတာ ငါတို့ပျံသန်းခြင်း။
စိတ်ကို လျှော့လည်း
ကိုယ်ကပေါ့မသွား။
တကယ်တမ်း
ရေကိုထမ်းထားရသော_ ပွင့်ချပ်ကတစ်ဖက်တည်း။ ။

ခင်ဇော်မြင့်
+++++++++++++++++++++++++++++++++++++




ငါး

ငါးတွေဟာ သွေးအေးတယ်၊
နှုတ်ဆိတ်တယ်။
တိုးတိတ်လွန်းတော့လည်း အဲဒီရင်ခုန်သံကို
မင်း ကြားရလိမ့်မယ် မဟုတ်ပေဘူး။

ကြယ်တွေကို ခူး ခူးပြီး
မင်းကို ပန်ပေးချင်ခဲ့တာပါ....
ဒါပေမယ့်...
အိပ်မက်တွေက ဖိတ်တစ်ဝက် စင်တစ်ဝက်
နွေဦးရက်တွေ ရောက်တဲ့အထိတောင်
မက်ခွင့် မရလိုက်ပါဘူး။
ဆူးတွေများလွန်းတဲ့ ဥယျာဉ်က
ရနံ့ကျတော့ နည်းလွန်းနေခဲ့တယ်။

တစ်နေ့ခင်းလုံး
ကိုယ့်လက်ဖ၀ါးပေါ် မေးထောက်ပြီး
သစ်သားမီးခြစ်ဆံတွေနဲ့ အိမ်ဆောက်ကြည့်နေခဲ့တယ်
ငါ ဘာကို စားသောက်ခဲ့ပြီးပြီလဲ ???

တစ်ဘ၀စာ
ခပ်ကြာကြာ ကြည့်ခွင့်ရလိုက်ရုံလေးတင်ပါပဲ။
(ဒီအပြင် ဘာမှ မပိုခဲ့ဘူး)
ကောင်မလေးရေ...
ငါ ဆိုတဲ့ ကောင်က သွေးအေး
ယဉ်ယဉ်ကျေးကျေးလေးပဲ...
...လွမ်းတယ်။

မင်းခိုက်စိုးစန်
+++++++++++++++++++++++++++++++++++++

Paul Klee ရဲ့ငါး



ဘာမှမဟုတ်ခဲ့ပါဘူးကွယ်

သူ့ရဲ့ကောက်ကြောင်းတစ်ခြစ်နဲ့ပဲ

ငါဟာ ငါးဖြစ်ခဲ့ရတာပေါ့


အသက်ရှူစရာလေမလိုဘူး

ကူးခတ်စရာရေမလိုဘူး

လိုနေတာက သူ့ဆီကမှောက်ကျလာမယ့်အရောင်တွေ

နောက် ..သူ့လက်ကနေထပ်မံဖြာဆင်းလာမယ့်

ချစ်ခြင်းနဲ့ပဉ္စလက်တွေ..…



ဒီလိုနဲ့ ငါးဟာ

ကမ္ဘာကိုမသိ.. (သူ့ကမ္ဘာက စာမျက်နှာတစ်ရွက်စာ)

လေကိုမသိ ( လေထုညစ်ညမ်းမှုလည်းသူနဲ့မပတ်သက်)

ရေကိုမသိ (ရေမြုပ်ဗုံးခွဲတာတွေလည်းသူနဲ့မဆိုင်)

လေးထောင့်မှန်ပုံးကိုမသိ (သူက အလှမွေးငါးလည်းမဟုတ်ပြန်ဘူး)

အတုတွေကိုလည်းမသိ (အစစ်ဆိုတာသူမှဘာမှန်းမသိပဲ)

မသိခြင်းတွေနဲ့ရှင်သန်လာလိုက်တာ

နှစ်တွေကြာပြီ…





ဆာငတ်နေခဲ့တဲ့ အရောင်တွေ

သံယောဇဉ်တွေ..ပဉ္စလက်တွေ

ဘယ်ဆီမှာလဲ……………

ဘာလို့များ…….ငါ့ဆီထပ်မရောက်လာခဲ့တာတဲ့လဲ..

ဒီလိုနဲ့ ငါးဟာ အနီရောင်မပါပဲသွေးပျက်နေခဲ့ရ

နှစ်ပရိစ္ဆေဒများစွာ.…





တကယ်ဆို..

ပန်းချီဆရာ….………….

သွေးအေးတတ်ဖို့ပါ..ခင်ဗျားသင်ကြားပေးခဲ့သင့်တာ။ ။


မနော်ဟရီ


+++++++++++++++++++++++++++++++++++++


ငါ့သင်းကွဲညနေ



ညီမလေးရေ
ကောင်းကင်အဖြူထည်စာမျက်နှာပေါ်
ငါဟာ နိဒါန်းအဖြစ် ကွေ့ကောက်စွာ ရေးခြစ်ခံရသူပါ

ညီမလေးရေ
ဒါ ငါကိုယ်တိုင် ပိုးမွေးခဲ့ညနေခင်းပဲပေါ့
ဖော်ဝေးငှက်တစ်ကောင်လို အဝေးလွမ်း လွမ်းမောမှု
ပူပြင်းခေါင်ခိုက် ခေါ်သံထဲ
ကန္တာရနွေတွန်ရာ ငါ့ရာသီတွေ သွန်းချခဲ့

ညီမလေးရေ
အနွေးထွေးဆုံး အိပ်ဟန်ဆောင်ခြင်းနဲ့
တစ်သက်တာ ငါ့အတွေးအခေါ်တို့ မင်နီစွန်းခဲ့ပေါင်းများပြီ..

ညီမလေးရေ
ဟိုးအဝေးဆုံးအရပ်က ၀ါးလုံးကွဲတောထဂီတသံ
ယုံယုံကြည်ကြည်နားဆင်ဖို့
ရောင်နီမစိုးသေးဘူးလားကွယ်..

ညီမလေးရေ
ဒီလက်ချောင်းတွေတွားသွားရာအရပ်ကဘာလဲကွယ့်..
မှားယွင်းနေတဲ့နေရာ
နောက်ထပ်ငါ့လက်ချောင်းတွေသေဆုံးရတော့မလား..
ငါကိုယ်ဆိုင်ရှင်သန်ပစ်ချင်ရဲ့

ညီမလေးရေ
ချစ်ဦးသူဆီနေ၀င်ခြင်းမှာ အိပ်မက်သစ်တို့သယ်ဆောင်ခွင့်ပေးပါ
အဲဒီ့အိပ်မက်ထဲမှာ အနာဂတ်အားမာန်ပါတယ်
နိုးကြားမှု အဟုန်ပါတယ်
နံနက်ခင်းတစ်ခုရဲ့ ဖူးပွင့်စအာရုဏ်အလင်းတန်းတွေပါတယ်
နှောင်ကြိုးမဲ့ ပဋိပက္ခတွေရဲ့ မျဉ်းဖြောင့်တစ်ကြောင်းပါတယ်
သက္ကရာဇ်တွေ ထမ်းပိုးမယ့် လက်ရုံးနှစ်ခုပါတယ်..။

ညီမလေးရေ
အခုတော့ ငါဟာ အလှမွေးဖန်လှောင်အိမ်ထဲက
ရွှေငါးတစ်ကောင်လို ကိုယ်ပိုင်အလှ ကိုယ်တိုင်ခံစားခွင့်မရခဲ့သူပါ
ဒီလိုနဲ့ ငါ့ညနေခင်းတွေ မနက်ဖြန်ပေါင်းများစွာ မော်ဖူးခဲ့ရပေါ့..။


လူဇော်သစ်


+++++++++++++++++++++++++++++++++++++



ငါး ဟာ ငါး

တွန်းတိုက်လှုပ်ရှားနေတဲ့ ခန္ဓာကိုယ်ကို
သိပ်သိပ်သည်းသည်း ထိန်းညှိထားတယ်
လက်ပြန်ရိုက်ချက်ဟာ ရှေ့ကို
ရောက်စေတယ်
တစ်ချက်ခတ်ရုံနဲ့ ကိုယ်ဟာ
တည့်မတ်လို့
ရပ်နေတယ်
သွားနေတယ်
လူးလွန့်နေတယ်
ကျောက်ကြိုကျောက်ကြား
ကိုယ့်ပတ်ဝန်းကျင် ကိုယ့်မှာ
အစုန်အဆန် ပုံသဏ္ဍာန်မှန်လို့
မှန်ရေပြင်က ကန်ရေပြင်လို
အတုတွေကြား အလှပြလို့
ကူးခတ်တယ်
လူးလွန့်တယ်
ရပ်နေတယ်
သွားနေတယ်
ရှေ့ကို
ပင်လယ်အတုထဲလည်း
ငါး ဟာ ငါး
တစ်လက်မမှ လျော့ (ရော့)မသွားဘူး။ ။

တည်ရ

+++++++++++++++++++++++++++++++++++++


ငါးရိုးနင်ခဲ့တဲ့ စိတ်များ

ဆယ်လ်မန်တစ်ကောင်အတွက်
ရေကာတာတစ်ခုဟာ ကျိန်စာပဲ ..
ပင်လယ်ထဲ
ခြေဗလာနဲ့ဆင်းခဲ့တာ ...၊
ဆင်းရဲလို့ ဆင်း ရဲ ခဲ့တာ ....။

ကမ္ဘာဦးလူ မီးရှာမတွေ့ခင် ...
ဝေလငါးအတုဟာ လမ်းလျှောက်နေခဲ့သေးတယ် ...။
မွှေးရှည်ဆင် (mammoth) တွေနဲ့ အုတ်ရောရော ကျောက်ရောရော
ဒိုင်နိုဆောတွေနဲ့ ဒူးတင်ပေါင်တင်ပေါ့ ...၊
ရေထဲဆင်းမပြေးနိုင်တဲ့ ကောင်တွေ မျိုးပြုတ်တာဘာဆန်းလဲတဲ့ ...
ပန်းပန်ထားတဲ့ ဝေလငါးတုတစ်ကောင်
တရားဦးဟောနေပုံကသင်းတယ်။

ခုတ်တတ်ဖြတ်တတ်ရင်
ငါးပူတင်းလည်းစားလို့ရတယ်...
ခုတ်ထားဖြတ်ထားတဲ့ အမှန်တရားထက်တောင်
ပိုချိုသေးတယ်။

ဟေ့လူ .. ခင်များ ငါးပါးမ၀နဲ့ ...
အပါးလည်ပြီး အပါယ်လားမယ်ဗျ။
... ဒီမယ် ကိုရင် ... ရှင်ဗာကူလ အတွက် ကျုပ်ဗိုက်ကို ခင်ဗျားတို့ ခွဲထားတာ မမေ့လိုက်ပါနဲ့ ....
အောင်မြင်ခန့်ညားတဲ့ ငါးရယ်သံကြီး ညှီစို့စို့လွင့်ပျံ့လာတယ် ...။

ကမ္ဘာဖျက်မိုးရွာတော့မယ်ဆိုလို့
ငါးခုံးမတွေအပျော်လွန်နေတာလေ ...
နောဧလှေကြီးတစ်ခုလုံးယိမ်းထိုးလို့ပေါ့ .....။ ။

Zephyr

+++++++++++++++++++++++++++++++++++++


မှန်အိမ်ထဲကငါး

အဲဒီ အလှအပ ဆိုတာကြောင့်ပေါ့
ငါ့မှာ အကျဉ်းချခံနေရတယ်
ထင်ယောင်ထင်မှားအားကျသူတွေကို ဖျော်ဖြေဖို့
ပကာသန အရေခြုံ အပြုံးတွေနဲ့
ဟန်ရေးတပြပြ နေရတယ်
အမျိုးမတူ အရောင်မတူသူတွေနဲ့လည်း
အလွမ်းသင့်အောင် ကြိတ်မှိတ်ပေါင်းရသေးတယ်
အချိန်တန်ရင် ဗိုက်တာမင်အတုတွေ အဖြည့်ခံနေရပြီး
ရင်သပ်ရှုမော အဆာပလာ တွေ ၀န်းရံနေလည်း
လေးဘက်လေးတန် ပိတ်နေတဲ့
အဲဒီရုပ်ဝတ္ထုတွေက ငါ့အိမ်မှမဟုတ်တာ
အဆိုးဆုံးကတော့
ဟို ထွက်ပေါက်လိုလိုဘာလိုလိုနဲ့
ထွင်းဖောက်မြင်အောင်လုပ်ထားတဲ့ အရာတစ်ခု
အမှတ်မရှိတဲ့ငါ မျှော်လင့်ချက်နဲ့ ထွက်ပြေးမိတိုင်း
နံရံပဲ ၀င်ဝင်တိုက်နေတော့ နာနာကျင်ကျင် နောက်ဆုတ်ပြန်ခဲ့ရတယ်။


ပန်ဒိုရာ

+++++++++++++++++++++++++++++++++++++


ချစ်သူလက်ခုပ်ထဲက ငါး

မင်း နဲ့ ငါ ချစ်သူဖြစ်ပြီ ဆိုကတည်းက
ငါ့အီးမေးလ်ကို မင်း ဝင်စစ်တော့မယ် ဆိုတာ
ဆေးလိပ်ကလေးတွေ ငါ့နှုတ်ခမ်းပေါ် ပြည်ဝင်ခွင့် ပိတ်တော့မယ် ဆိုတာ
ဒီပုလင်းကြီးနဲ့ငါ ရှင်ကွဲ ကွဲတော့မယ်ဆိုတာ….

မင်း နဲ့ ငါ ချစ်သူဖြစ်ပြီ ဆိုကတည်းက
မနက်စောစော ဘုရားရှိခိုးဖို့ လှမ်းနှိုးတော့မယ် ဆိုတာ
ညနေစောင်းဆို လာလာကြိုခိုင်းတော့မယ် ဆိုတာ
ငါ့တနင်္ဂနွေတွေ ဟိုကောင်တွေနဲ့ ထွေရာလေးပါး နေလို့ မရတော့ဘူး ဆိုတာ….

မင်း နဲ့ ငါ ချစ်သူဖြစ်ပြီ ဆိုကတည်းက
သဒ္ဓါထက်ထက် ကောင်မလေးတွေရဲ့
လမ်းပေါ်က ဖက်ရှင်ရှိုးကို FOC ခံစားခွင့်
မင်းမသိအောင်ဘဲ ရတော့မယ် ဆိုတာ ….

မင်း နဲ့ ငါ ချစ်သူဖြစ်ပြီ ဆိုကတည်းက
ခင်တတ်လွန်းတဲ့ငါနဲ့ တချို့ညီမလေးတွေ ဆက်ဆံရေး
ခပ်တန်းတန်းလေး နေရတော့မယ် ဆိုတာ….

မင်း နဲ့ ငါ ချစ်သူဖြစ်ပြီ ဆိုကတည်းက
ဘဝကို မောင်းချင်သလို မောင်းပြီး
ရပ်ချင်တဲ့နေရာ ထိုးရပ်ထားလို့ မရတော့ဘူးဆိုတာ….

သိပါတယ်
သိပါတယ် ။

သိပါတယ်
(သဲကိုးဖြာလေးရယ်)
မင်းလက်ခုပ်လေး ကို
မဟာသမုဒ္ဒရာလို့ ငါအမှတ်မှားမိလိုက်ကတည်းက
ငါ့တစ်ဘဝလုံး မင်းရဲ့ ကိုလိုနီအဖြစ် ပေးပစ်လိုက်ရတော့မယ်ဆိုတာ
ငါ သိပါတယ်လေ….။

လင်းဒီပ
+++++++++++++++++++++++++++++++++++++



အိမ် ငါး

အိပ်မက်တစ်ခုခုလိုမျိုး
ပြာညှိုးညှိုးလေး လင်းရီနေခဲ့တာ.......၊
ကျောက်ဆိုင်ကျောက်ခက် ဆက်တင်ကလည်း အတု
ရေမှော်ရေညှိ စိမ်းမြမြကလည်း အတု
မှုန်မှုန်ညှင်းညှင်း အလင်းပြေပြေလေးကလည်း အတု
အစာအဟာရ အတု
အောက်ဆီဂျင်က အတု နဲ့၊
ရေသူမအတုကို ပွတ်လျောနမ်းမွှေး
ဟောဒီလို ဘ၀သေးသေးလေးထဲမှာ
အလူးလူးအပြေးပြေး လှုပ်ရှားသက်ဝင်နေရသမျှ
ဘယ်လာ ငါးအရာမြောက်ပါတော့ မလည်း.....။
ငါး က....
ငါးတို့ရဲ့ ဘာသာဘာဝအတိုင်း
အညှီနဲ့ ခႊၽဲခႊၽဲ ပြောင်ချောညစ်ပတ်နေချင်တာ.....၊
ငါး က....
တ၀ုန်းဝုန်း၊တစိမ်းစိမ်း နက်ရှိုင်းခမ်းနားလွန်းနေတဲ့
ပင်လယ့်ဥပတိကို စာဖွဲ့နေချင်တာ....၊
ငါး က....
သူ့စိတ်ကူးရေစီးတွေအတိုင်း ... အဆုံးအစမရှိရွက်လွင့် ပစ်ချင်တာ...”၊
ငါး က....
မျှားချိတ်မှာ တတ်ထားတဲ့အစာမှန်းသိသိ
မိမိရရ ခုန်ဟတ်ရယူပြီး၊ လက်တစ်လုံးခြား ငါးပါးဝချင်တာ... ၊
ငါး က....
သူ့ကိုယ်ပိုင် အမိုးအကာလေးထဲမှာ...မိန့်မိန့်မူးမူး မင်းမူနေချင်တာ....၊
ငါး က....
ငါးရိုးရာပွဲတော်ကြီးတွေကို
ငါးဂီတ ၊ ငါးဗီဇတွေ အတိုင်း ၊ အချိန်ခါသင့် ကျင်းပချင်သေးတာ......၊
ငါး က....
သူ့အိပ်မက်တွေအတိုင်း .....ရဲဝံ့မာကျောပြီး
သူ့ကကြိုးတွေအတိုင်း......နူးညံ့ပျော့ပျောင်းမယ့်
သူ့မျိုးဆက်ကို... ရေးချယ်ချင်သေးသတဲ့ ....။
ငါး က လေ.............
ငါးလားမြောက်ဖို့ အတွက်သာဆို
အိမ်ကြောင်တစ်ကောင်ရဲ့ အစာဘဲ ဖြစ်ဖြစ်....
သူ့ကိုယ်သူချကျွှေးပစ် ဖို့ ၀န်မလေးဘူးတဲ့......၊
ငါး က ......
ငါး က
အ......တု .....တွေ..... ကို .....မ.....လို ..... ချင် ....တော့....ဘူး......လေ ။ ။

အိန္ဒြာ

++++++++++++++++++++++++++++++


ငါးအကြောင်း


ငါးအကြောင်းပြောကြမယ်

ငါးများသည် ရေတွင်ပျော်ရွှင်စွာ ကူးခတ်နေကြသည်။
“ ‘ပျော်ရွှင်စွာ ‘ ဆိုတဲ့ နာမ၀ိသေသနကိုဖြုတ်ပေးပါ” မျက်မှန်တပ်ထားတဲ့ ငါးတကောင်ကတောင်းဆိုလာတယ်၊
အို..ရှင်မပျော်လဲ ကျမတို့ ပျော်တယ်။ ကဗျာဆရာ ဆက်ပြောပါ။ နောက်ငါးတကောင်က..
ဒီလိုနဲ့…

ကဗျာဆရာက ‘ငါးများသည်ရေတွင် ပျော်ရွှင်စွာ ကူးခတ်နေကြသည်။’ လို့ထပ်ရေးပြီးရုံရှိသေး။

“ ‘မြစ်ထဲမှာ’ လို့ပြင်ရေးပေးနိုင်မလား ခမျာ” ဟိုးနောက်နားက ငါး တကောင်က ထပြောတယ် ကဗျာဆရာ သူ့ဝါကျ သူပြန်ကြည့် ခေါင်း တချက်ကုပ်
“အို..ဒါဆို ကျုပ်တို့ ကန်ငါးတွေကိုကျတော့ ငါးရာမသွင်းဘူးပေါ့” ငါးမြစ်ချင်းတကောင်က မျက်နှာ ရှုံ့ရင်း
ထကန့်ကွက်ပြန်တယ်
ငါးတွေ အားလုံး ကြွက်စီကြွက်စီ ဖြစ်ကုန်တယ်။

ကဗျာဆရာက ပျော်ရွှင်စွာဆိုတဲ့ နေရာမှာ ဘာနဲ့အစားထိုးရကောင်းမလဲ အားနာပါးနာ စဉ်းစားနေတယ်။

ငါးတွေက မြစ် ချောင်း အင်း အိုင် ပင်လယ်သမုဒ္ဒယာ ရှိရှိသမျှ ငါးတွေကျက်စားရာနေရာဒေသ အကုန်လုံး
ပေါင်းရုံး ခြုံငုံ ကိုယ်စားပြုနိုင်မယ့် ဘုံအခေါ်အဝေါ်တခုကို ရွေးချယ်ငြင်းခုံ နေကြတယ်

တကယ်တော့ ကဗျာဆရာဟာ သူ့ဝါကျထဲက ဘယ်စကားလုံးကိုမှပြင်ပေးလိုစိတ်မရှိဘူး။

လိပ်ခဲတည်းလည်းဖြစ်နေတုန်း
ကဗျာဆရာရဲ့ လက်ကိုင်ဖုန်းဟာ အယ်မီနမ် ရဲ့ when I’m gone သီချင်းသံမြည်လာတယ်
“ဟဲလို..” ကဗျာဆရာက..
“အကို..ညီမကို ‘ငါးအကြောင်း’ ကဗျာတပုဒ် ရေးပေးပါ” အိန္ဒြာ က..

ကဗျာဆရာပျော်သွားပြီ..
“အို…ငါးအပေါင်းတို့ သတ်မှတ်အချိန်ပြည့်သွားပြီမို့ ..”ဘာညာကွိကွ..တွေပြောပြီး အစည်းအဝေးကို ကတိုက်ကရိုက် ရုတ်သိမ်းလိုက်တယ်။
(ငါးတွေ ဘာစောဒကမှ မတက်နိုင်ခင် အိန္ဒြာ့ထံ အီးမေးလ် အမြန်ပို့လိုက်တယ်)

ငါးများသည် ရေတွင် ပျော်ရွှင်စွာ ကူးခတ်နေကြသည်။ ။


ခင်အောင်အေး
၂၆၊ သြဂတ်စ်၊ ၂၀၀၉

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မမမနော်ဟရီပုံကလွဲလို့ ကျန်တဲ့ပုံတွေကို ဒီက နေရှာဖွေထားပါတယ်.။



15 comments:

MANORHARY said...

FISH!!! FISH!!! FISH!!! FISH!!!

Anonymous said...

း)
ဖတ်ရတာ တစ်ဝကြီးပဲဟေ့.. အားလုံး သိမ်းကျုံးပြီး ထဲထဲဝင်ဝင်ကို ဖတ်သွားတာ။ ကဗျာဆရာအစုံရဲ့ စိတ်ထဲကို ဖောက်ဝင်သွားပြီးပြီ။ ကျေးဇူ တီဒြာရေ.. ဘွားဇ် (ရှူး.. တိုးတိုးးး)

အောက်က လက်ဆောင်ပေးတာ (ယူချင်လည်းယူ မယူချင်လည်းယူပဲ)
...
..
.


“ငါးအနှစ်”

မေမေ.. ငါးဟင်းအနှစ်ကစားကောင်းလိုက်တာ..
မေမေ..
ဘယ်က၀ယ်လာတာလဲ..
မေမေ..
ဘယ်လိုချက်လိုက်တာလဲဟင်..
မေမေ..
ငါးတွေက သူတို့ကိုသတ်ခါနီး
မငိုဘူးကြလားဟင်..
မေမေ..
ဒီငါးဆူးတောင်တွေက ဘာလို့မာသွားတာလဲ..
မေမေ..
ငါးရဲ့ကိုယ်ထဲ ဘယ်သူအရိုးတွေသွင်းပေးလိုက်တာလဲ..
မေမေ..
သား.. သားလည်ချောင်းထဲ ..
ငါးရိုးတစ်ချောင်းဆူးမိပြီ..
ရေသောက်လည်းမကျ..
ထမင်းဖြူမျိုချလည်းမကျ..
ပြန်အန်ထုတ်လို့လည်းမရ..
ဘယ့်နှယ်လုပ်ရမလဲ...

ချစ်သားလေး..
အရသာကောင်းလွန်းလို့
သတိတစ်ချက်အလစ်မှာစားလိုက်မိပြီ
တခါတလေကျ ၀ါးပြီးမှပြန်ထွေးထုတ်လို့မရတတ်ဘူး
ဒီအခါ အလူးအလဲခံရမယ်..
သားအရိုးဆူးရင်ဘယ်လိုခံစားရလဲ..
အတက်အကျမရှိ ကြားခံတစ်ခုလို
ခိုးလိုးခုလုနဲ့..
ဒီတော့..
ပြန်ထုတ်ဖို့ကြိုးစားမရရင်
သားလေး ရအောင်မျိုချပစ်ရမယ်။ ။

*Craton*

လင်းဒီပ said...

ငါးကဗျာတွေ စုဖတ်လိုက်တော့ စိတ်တွေ ရေဆင်းကူးကုန်ပြီ အစ်မ...တစ်စုတစ်စည်း တည်းဖတ်လိုက်ရလို့ ပျော်ပါတယ်...ငါးပြတိုက်ထဲမှာ...။


ကျွန်တော်တို့တွေက ကိုယ့်ပင်လယ်နဲ့ကို ကူးခတ်နေရတဲ့ငါးတွေပါ..(ကျွန်တော်ပြောတာမဟုတ်..ဆရာတာရာမင်းဝေ စာအုပ်တစ်အုပ်ထဲကပါ...:P)

ဇေဇော် said...
This comment has been removed by the author.
အိုင်လွယ်ပန် said...

ငါးပြတိုက် ...
ကျေးဇူးအစ်မ :)

ဇေဇော် said...

F ဆိုတာ H
ဒါပေမယ့်၊ H ဆိုတာ F မဟုတ်ပြန်ဘူး…

F ဆိုတာ H
သေချာတယ်…
F is H.

Mhu Darye said...

ထပ်လာခဲ့ဦးမယ်..
ဒါ့ကြောင့် ထပ်မန့်ဦးမယ်ဆိုတဲ့ သဘော..
မကြီးရေ... ငါးပြတိုက် တင်ဆက်ပေးမှုလေးက အားကြီး ငြိမ့်တယ်။
သင့်ခယူ...း)

ဆောင်းယွန်းလ said...

ငါး က....
တ၀ုန်းဝုန်း၊တစိမ်းစိမ်း နက်ရှိုင်းခမ်းနားလွန်းနေတဲ့
ပင်လယ့်ဥပတိကို စာဖွဲ့နေချင်တာ....၊
ငါး က....
သူ့စိတ်ကူးရေစီးတွေအတိုင်း ... အဆုံးအစမရှိရွက်လွင့် ပစ်ချင်တာ...”

ငါးကငါးအစစ်ပဲဖြစ်ချင်တာဖြစ်သင့်တာဖြစ်ခဲ့ချင်တာပေါ့
ငါးပြတိုက်ထဲကိုဝင်လေ့လာသွားပါတယ်ညီမေလေး

Sein Lyan Tun said...

ငါ မဟုတ်တဲ့ငါးးးး


ခြေလက်မရှိဘူး

လှုပ်ရှားကူးခတ် လိုရာသွားနိုင်တယ်...

တောင်ပံနှစ်ဖက်က

ဝေဟင်မှာ မပျံသန်းနိုင်ဘူး...

ရေတိမ်တိမ်နက်နက် ငုံလျှို ကူးခတ် စုန်ဆန်နိုင်တယ်...

ဒါ နတ်ဘုရားဖန်းဆင်းတဲ့ ဘဝလား... မသေချာဘူး..

သေချာတာ က



အသက်ရှုရင်း အစာရှာနိုင်တဲ့ ဘဝက လွတ်လပ်တယ်... ပေါ့ပါးတယ်...

ရွံ့ ညွံ မြစ်ချောင်း အင်း အိုင် ပင်လယ် သမုဒ္ဒရာ

နေရာအနှံ့မှာ ရှင်သန်နေတယ်...

မျိုးတုံးတယ်များ ကြားဖူးသလား... အံ့မခန်းတဲ့ မျိုးနွယ်စုပါ...

ညှီစို့စို့ အနံ့ အသက်....

ဘယ်သတ္တဝါကများ မွှေးကြိုင်လွန်းနေပါလိမ့်...

ဒီလိုပါပဲ...


မုန်တိုင်းသဲထန် လှိုင်းကြီး လှေအောက်လဲ

အိမ်တိုင် ကပျောက်မသွားဘူး...

ရေ ရှိနေသ၍ တည်ရှိ နေမှာ....။

ငါ မဟုတ်တဲ့ငါးသာ....။


ချစ်ခင်လေးစားစွာဖြင့်


မျောက်မျောက်

ဖိုးစိန်

(ရေးတတ်သလိုရေးပါသည်။ စိတ်ဆိုးတော်မူ)း)

tin min htet said...

ငါးပြတိုက်ထဲ လျှောက်သွားရင်းနဲ့
ရေထဲ ပြုတ်ကျသွားတယ်

(လင့်ယူသွားပါတယ် မအိန္ဒြာ)

kay said...

ငါး ကဗျာတွေ သဘောကျလွန်းလို့-(အတည်)
ငါး ဟင်း သိပ်ကြိုက်တယ်.. ခုတောင် ငါးကြော်စားချင်သွားပြီ.. ( အနောက်)း)

မယ့်ကိုး said...

မရေ...မယ်ရင်ဖွင့်ရေးထားတာလည်း တွေ့တော့ဘူး။
ဒုတိယအကြိမ် ရင်ဖွင့်ရတာပ =)
ငါးပြတိုက် ကို သိပ်ကြိုက်တယ် မ....
မ တပင်တပန်းရှာတင်ပေးတာ သိပ်ကျေးဇူးတင်ပါတယ်။
မယ်လည်း ငါးပုံပြင်ရေးထားသေးတယ်။ မောင်ကာတွန်းလို မယူချင်လည်း ယူလို့တော့ ပြောရဲဘူး :P
မယူရှက်ရချည့် :D

Moe Cho Thinn said...

ငါးပြတိုက်က အရောင်စိုစိုနဲ့ စုံလိုက်တာ။ လှလိုက်တဲ့ ငါးတွေပါလား ညီမရေ။ အံ့သြမင်သက် ငေးမော နှစ်ခြိုက် ဖတ်မိလိုက်တယ်။

ကိုရင်နော်ခင်လေးငယ် said...

ငါးပြတိုက်ထဲက ငါးလေးတွေက ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ လှနေကြတာပဲ..

Kaung Kin Ko said...

လှလိုက်တဲ့ ငါးလေးတွေး)