September 30, 2009

ငါးပြတိုက်သို့ ထပ်ပို့မည့် ငါးတကောင် ရဲ့အမည်


ငါ ဆူပွက်လာပြီ

ငါ ဆူပွက်လာပြီ

အေး ကောင်းလိုက်တာ၊ ငါ ဆူပွက်လာပြီ

ငါ့ ..ဆူးတွေပွက်လာပြီ ငါ့ ...ဆူးတွေ ပွင့်လာပြီ

လေထီးဟာ သူ့အသက်ကို မြေမှာဆောင့်ညှစ်ထုတ်ခြင်းမခံရခင် လက်မတင်ကလေး ပွင့်လာသလို

ငါ့ ဆူးတွေ ပွင့်လာပြီ

ငါး ဆူးတွေ ပွင့်လာပြီ ငါးရဲ့ကျောကုန်းက ဆူးတောင်တွေ

ပင်လယ်ရေပြင်မျက်နှာပြင်အောက်ကနေ ဘွားကနဲ

ငါး ဟာ တခဲနက်ပေါ်လာတယ် ဆူးတောင်ကြီးက ငွားစွင့်လို့

ငါး ဟာ ဆူပွက်လာတယ် သွေးဆာလာတယ်

သွေးဟာ ဆာနေတယ်

ဆာနေတဲ့သွေးကို သွေးပဲတိုက်ကျွေးရသတဲ့

သွေးကြွေးဆပ်စရာရှိနေလား

သွေးကို အကြွေးနဲ့ ယူလို့မရဘူးလား

လူနာက နာရီပိုင်းအတွင်းသွေးမရရင် မရှင်နိုင်တော့ဘူး

သွေးမရရင် မရှင်နိုင်တော့ဘူး

ရှင်!….သွေးစိမ်းရှင်ရှင် ဟုတ်လား ကျွန်မလိုက်မကြည့်ပါရစေနဲ့ရှင်

ရှင်တို့ဟာရှင်တို့သာ သေသေရှင်ရှင် တော်သလိုကြည့်လုပ်လိုက်ကြတော့

သေစာရှင်စာလေးမှမတတ်တော့ လက်မှတ်တောင် အရမ်း မထိုးခိုင်းရဲဘူး

သေစာရင်းလက်မှတ်ကို တခါထဲ စောင့်ယူခဲ့

သေတဲ့လူကို လူသေကစောင့်ရမယ်လို့ ..ကဲ..ဒီမှာ..

စောင့်ပြီးသေမယ်လို့မှ မဖြစ်နိုင်တာ သေတာကိုအောင့်ထားလို့ရတာကျနေတာပဲ

အသက်အောင့်ထားပြီး ရေထဲမှာ အကြာကြီးငုပ်နေရင်း ဖြစ်သွားတာ

သူက ငုပ်နေတာကြာပြီ ခုမှ ပေါ်လာတာ

ဘွားကနဲ ငါးဟာ တခဲနက်ပေါ်လာတယ် ဆူးတောင်ကြီး ငွားစွင့်လို့

ငါး ဟာဆူပွက်လာတယ် ငါး ဆူးတွေပွင့်လာပြီ

လေထီးဟာ သူ့အသက်ကို မြေမှာဆောင့်ညှစ်ထုတ်ခြင်းမခံရခင် လက်မတင်ကလေး ပွင့်လာသလို

ငါ့ ဆူးတွေပွင့်လာပြီ၊ ငါ့ ဆူးတွေ ပွက်လာပြီ

ငါ ဆူပွက်လာပြီ၊ အေး ကောင်းလိုက်တာ

ငါ..ဆူပွက်လာပြီ။ ။


ခင်အောင်အေး

၃၀၊ စက်တင်ဘာ၊ ၂၀၀၉ ဘန်ကောက်စံတော်ချိန် ၁၁း၁၈

September 26, 2009

ငါ့မျက်ရည်နဲ့ ကျစ်တဲ့ကြိုး


ဒီဝတ္ထုလေးက မဟော်သဓါမဂ္ဂဇင်းမှာ စာပေစိစစ်ရေး ကပယ်ခဲ့ပြီး..
မဟေသီမဂ္ဂဇင်းမှာမှ ပုံနှိပ်ဖေါ်ပြခွင့်ရခဲ့တဲ့ ၀တ္ထတိုလေးပါ..။
ဘလော့မှာတော့ မတင်တော့ဘူးစဉ်းစားထားပေမယ့် တင်စရာလည်းမရှိ.. ၊ အသစ်လည်းမရေးနိုင်လို့....

+++++++++++++++++++++++++++++++++++++++++++++++++

( ၁ )

တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ထားကြတဲ့လက်ဖ၀ါးနှစ်ဖက်က တရှိန်ရှိန်အနွေးဓါတ်ဟာ မေတ္တာတွေ ပေါ့မောင်ရဲ့
ကဲ ....ဘယ်လောက်ပဲမှောင်ပစေစမ်း..၊ တို့မေတ္တာနဲ့ အလင်းညှိပြီး အရီးဆက်ကြမယ်..။
အချစ် နာကြင်ရှိုက်ငင်နေတုန်းလား..၊ မလောင်မြိုက်နဲ့တော့ကွယ်..၊ မကြွေကွဲ မနာကျည်းနဲ့တော့ ၊မရွံရှာ မကြောက်ရွံ့နဲ့တော့...။Justify Full
ဇနီးမောင်နှံဆိုတာ... တစ်ယောက်မျက်ရည် တစ်ယောက်သုတ်ကြဖို့...။ တစ်ယောက်အမောကို တစ်ယောက်ချွှေး သိပ်ဖို့...။
တစ်ယောက်ဒါဏ်ရာကို တစ်ယောက် ကုစားဖို့...။ဟုတ်တယ်...၊ အမေပြောသလို တစ်ယောက် အသုဘ ကို တစ်ယောက်ချဖို့ ...၊
ဒီစကားလုံးက နည်းနည်း ရက်စက်ပေမယ့် ဘယ်လောက် နက်နည်း သိပ် သည်းသလဲ..၊ ဘယ်လောက် ကြေကွဲ ဆွတ်ပျံ့ ဖို့ ကောင်းသလဲ......။
မောင် .... ဘ၀ဆိုတာမှာ သတိပေး ဆိုင်းဘုတ်ချိတ်မထားတဲ့.. အန္တရာယ်ကွေ့တွေ အများကြီး ပါလားကွယ်..။
ငါတို့အဖြစ်က ဇာတ်မနာနာအောင် ဖြည့်စွက်အရေးခံလိုက်ရတဲ့ ပြဇာတ်တစ်ပုဒ်လိုပါဘဲ..။
ဘာပဲဖြစ်ဖြစ်....မရဏ ဇာတာခွင်နဲ့ မွေးဖွားလာတဲ့ မိန်းမတစ်ယောက်ရဲ့ ဥပဇာမှာ နင်ဟာချွင်းချက်မရှိတဲ့ ရွှေထီးလေးပဲပေါ့..။

+++++++++++++++++++++++++++++++++++++++++++++++

( ၂ )

မောင်..နင်ဒီတစ်ည နှစ်နှစ်ချိုက်ချိုက် အိပ်ပစ်လိုက်ပါတော့....။
ကိုယ့်ရင်ခွင်မှာ ခေါင်းမှီဖြေလျော့လှည့်..၊ ကိုယ့်ရင်ငွေ့နဲ့...မှေးရီနွေးထွေးလှည့်...။
ကိုယ်က အချစ်စစ်ဆိုတဲ့ ပုံပြင် တစ်ပုဒ်ပြောပြလှည့်မယ်လေ...။
မောင် နင်ဟာ ငါ့ချစ်သူ..၊ ငါ့ခင်ပွန်း..၊ ငါ့မိတ်ဆွေ..၊ငါ့အကြီးအမှူး..၊
အားငယ်ရှက်ရွံ့တတ်ပြီး ကိုယ့်ထက် တစ်နှစ်စွန်းစွန်းငယ်တဲ့ မောင်က မောင်ဘွားမရှိတဲ့ ကိုယ့်အတွက် မောင်ငယ်လေးလည်း ဖြစ်လိုက်သေးရဲ့....။
ကြည့် ဘယ်လောက် နူးညံ့နက်ရှိုင်းတဲ့ ဆက်သွယ်မှုမျိုးလဲ..။
ဒီည ငါ့ဂီတတွေမချိုနိုင်စွမ်းပေမဲ့....၊ ငါ့ညည်းနွဲ့သံနဲ့ နင်အိပ်စက်စမ်းပါ့ကွယ်...။
နင်က ငါ့နှလုံးအိမ်ထဲမှာ နှစ်ရှည်လများ...အမြစ်တွယ်ရှင်သန်လာခဲ့တဲ့ သက်ရင့်ပင်လေးပါ..။
ငါ့ သက်တမ်းရဲ့ ခေါက်ချိုးမပြည့်တစ်ပြည့်ဟာ.... နင့် စိတ်ကူးတွေနဲ့ချည်း ပြည့်နင့်ခဲ့ပါကော...။
မောင်..ပြန်လှည့်ကြည့်ပါဦး......၊ ဆယ်တန်းဆိုတာ ခုအချိန်ကပြန်ကြည့်ရင် အရမ်းငယ်နေသလို ရှိပေမယ့်....၊
အဲဒီ့အချိန်တုန်းကတော့...၊ ငါတို့ဟာသူရဲကောင်းကြီးတွေပေါ့။
ကိုယ်ဟာ အချစ်ဆိုတာတစ်ခုတည်းနဲ့ မောင့်ရဲ့မွန်ရည်သားနားတဲ့ရုပ်ရည်လေးမှာ... ပျော်ဝင်သွားလိုက် တာ....။
ဟင့်အင်း မခွဲနိုင်တော့ဘူး၊ အေးငါရောဘဲ...။ အဲဒီ့လို စိတ်တူကိုယ်တူ ။
မိဘတွေစိတ်ဆိုးလည်းခဏပေါ့ဟာ...။ အဲဒီ့လို ရဲရဲဝံ့ဝံ့။
ငါတို့ သိင်္ဂါရမြစ်ထဲ နှစ်ဦးသဘောတူ ခုန်ချလိုက်ကြတာ....၊ ကူးခတ်ခဲ့ရတဲ့ ၀ဲဂရက်ကတော့.... လွှတ် ရက်စက်ပေါ့..။
အမေတွေဟာ သိပ်တူတာဘဲနော်မောင်...၊ စိတ်ဓါတ်ရော အသွင်အပြင်ပါ မတူတဲ့အပြင် မျက်နှာကြောပါ နည်းနည်း မတည့်ချင်တဲ့ မောင့်အမေနဲ့ ကိုယ့် အမေဟာ
ပညာတွေ တစ်ပိုင်းတစ်စနဲ့ဆိုတဲ့ မှတ်ချက်တစ်ခုနဲ့ ငါတို့အတွက် အတူတကွ မျက်ရည်ကျ ခဲ့ကြသတဲ့။
ကိုယ်တို့နှစ်ယောက်ကို လိုက်ရှာ..၊ အကျဉ်းရုံးလေးမင်္ဂလာဆောင်ပေးပြီး ၊
အိမ်လေး တစ်လုံးခြစ်ချုပ် ငှားပေးတာဟာ ကိုယ်တို့နှစ်ယောက်အတွက် အကြီးမားဆုံးမိဘမေတ္တာပါပဲ...။
ဟင့်အင်း..........။
အတူရှိနေရတယ်ဆိုတာတစ်ခုတည်းနဲ့ပျော်နိုင်ခဲ့ကြတယ် ။

++++++++++++++++++++++++++++++++++++++++++++++++++++++++

( ၃ )

ကံ ကံ၏အကျိုးကို မောင်ယုံကြည်နေတာပဲမောင်ရယ်...။
အဲသလိုဆိုလိုက်တော့ အိပ်ယာက အတင်းထူမပြီးဘုရား ၀တ်ပြုခိုင်းရတဲ့ ကိုယ့်ကို မောင်ရယ်မောဦးမှာလား..။
မောင်ပြောသလိုဆို ချစ်မက်စွဲလမ်းရခြင်းဆိုတဲ့ အကုသိုလ်နဲ့ ငါတော့ သံသရာဘယ်လောက် ဆက်ရဦး မယ်မသိပါဘူးကွယ်...။
ဘ၀ဘ၀တွေက ဘယ်နှစ်ကြိမ် ရေစက်ခွက်တွေ အတူကိုင်ခဲ့ကြသလဲ..၊ ငါဟာ မောင့် အတွက်ပဲ ဖြည့်ဆည်း နေ ချင်ခဲ့တယ် ။
မောင်..နင်မေ့နေပြီလား..၊ ထီလှည်းတွန်းတုန်းက မောင်မိုးတွေမိပြီး တိုက်ဖွိုက်ဖြစ်သွား တုန်းကလေ....၊
ငါ အိပ်ယာ ထဲ ဘုန်းဘုန်းလဲတဲ့အထိ မအိပ်နိုင် မစားနိုင် မျက်နှာချင်းအပ်ပြီး စိုးရိမ်ပြုစုပေးခဲ့တာ...။
အေးအတူပူအမျှဆိုတာ.. ဖတ်လို့လှရုံလေး ရေးထားခဲ့တဲ့ စာစုလေးမှ မဟုတ်တာဘဲကွယ်..။
မောင် ဒီအလုပ်ကိုရပြီးတော့ ကိုယ့်ကို အူရားဖါးရား ပြေးပြောခဲ့တုန်းကရယ်...၊ ပထမဆုံးရတဲ့လစာကို ကိုယ့်ကို အကုန်ပေးပြီး ကိုယ့်ဘေးမှာ ကခုန်နေခဲ့တုန်းကရယ်......။
ကိုယ့်တစ်ကိုယ်လုံးကြက်သီးဖျမ်းဖျမ်းထအောင် မြတ်နိုးလိုက်ရတာ....။
မောင် .... ကိုယ်တို့ဟာ နတ်ရေးတဲ့ဖူးစာဖက်ပဲ ၊ သေချာတယ်။
အံမယ်.....ငါလည်းစက်တော်တော်ချုပ်တတ်နေပါပြီနော်....။ဟာ ဒါဆို ငါတို့ဝင်ငွေတွေမနည်းတော့ပါလား...။
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အားပါးတရ ရယ်မောလို့ ။
ပန်းရလူကြမ်း ၀င်လုပ်ခဲ့ရတဲ့နေ့ရက်တွေ၊ တွန်းလှည်းနဲ့ ထီလိုက် ရောင်း ခဲ့ရတဲ့နေ့ရက်တွေ ၊
ဖရဲသီး တွေစိတ် ၊ကြံတွေဆစ်ပြီး ရောင်းခဲ့ရတဲ့နေ့ရက်တွေ ကျန်ရစ်ခဲ့ပြီ သိလား.........။
မောင် ငါတို့မှာ အမောတွေ မရှိနိုင်တော့ဘူး..........။ ကြည်နူးစရာကြီး ပါလား...ကွယ် ။
မိန်းမရေ မောင်တို့ သမီးလေးကိုခေါ်ဖို့ နီးစပ်လာပြီပေါ့နော်တဲ့..။
သမီးလေးဆို မောင့်သမီး ၊သားလေးဆို မ..သား လို့ မောင်က ခုကတည်းက ခွဲခြားနေချင်ခဲ့တာ.....။
အို ငါကတော့ သားသမီးယူနိုင်တဲ့ အင်အားရှိပြီးဆိုရင်-
သားလေးဖြစ်ဖြစ်..
သမီးလေးဖြစ်ဖြစ်
ချစ်မှာပဲ....ကွယ်..။

++++++++++++++++++++++++++++++++++++++++++++++++++++++++
( ၄ )

ဘ၀ ဘ၀ က ဒေါသမောဟတွေကို စုပြီးလိမ်းကျံတားသလိုမျိုး မောင့်သူဌေးမျက်နှာကြီးက
ကြောက်စရာကြီးလို့ ကိုယ်ပြောတော့ မောင်က ကိုယ့်ထိပ်ကိုပုတ်ပြီးရယ်တယ်..။
မောင့်ကိုတော့ အရေးပေးပါတယ်တဲ့ ၊
အဲဒါကိုယ်တို့နှစ်ယောက်အတွက်ငရဲတံခါးဝဆိုတာတို့ဇနီးမောင်နှံနှစ်ဦးစလုံး
နည်းနည်းမှ မတွေးထင်မိခဲ့ကြပါလားကွယ်..။
သိပ်ဒေါသကြီးတာပဲ ၊ ကားတွေ မောင်တို့ကားကို ကျော်သွားရင်ဖြစ်ဖြစ် ၊
လမ်းကြောင်း မှားဝင်လာ ရင်ဖြစ်ဖြစ် တစ်တစ်ခွခွ ဆဲတော့တာပဲကွာ..၊
မောင်တော့ ကားမောင်းတာ သတိကြီးကြီးထားမောင်းနေရတယ်..။
သူက မထင်ရင်မထင်သလို ဆွဲထိုးပစ်တာတဲ့။
အိုး.... ပြန်သာထိုးပစ်ခဲ့ ။
သူရောက်နေတဲ့အဆင့်အတန်းMDဆိုတဲ့ ဂုဏ်ထူးဝိသေသနဲ့များ။
မောင် အဲဒီကတည်း က ဒီလူကြီးရဲ့ အရူးစိတ် ကို တို့ ခန့်မှန်းခဲ့မိဖို့ကောင်းတာနော်..။
ဒါပေမယ့် သိပ်ရက်ရောတာနော် မ... သူ့မန်နေဂျာကို ကားနဲ့ ၊ ဟမ်းဖုန်းပေးထားတာဗျာ...။
အဲဒီ့လိုလေးများ ပေးထားရင်သိပ်ကောင်းမှာပဲလို့ ကိုယ်မိုက်မိုက်မဲမဲ တောင့်တခဲ့ မိသေးရဲ့..။
မောင်သိလား...ဘ၀ဆိုတာသာ ၀တ္ထုစာအုပ်တစ်အုပ်ဆို ဒီစာမျက်နှာတွေကို
ငါ ဆွဲဆုတ်ပြီး မီးတင် ရှို့ပစ်လိုက်မှာ
အဲဒီ့စာရေးဆရာကို ငါ ပက်ပက်စက်စက် ကျိန်ဆဲပစ်လိုက်မှာ.....။
မောင် မန္တလေးကို တစ်ပတ်လောက်လိုက်သွားရမယ်တဲ့လေ။
အပိုကြေးပေးမယ်လို့ပြောတယ်...။
မိန်းမကလည်း ကွာ..၊ ပိုက်ဆံကို ရတုန်းယူထားမှပေါ့..။
မရေ... စက်ကြီးတောက်လျောက်ချုပ်မနေနဲ့နော်...။
နာရီဝက်တစ်ခါလောက် လမ်းထလျောက် ..။ အားဆေး လည်းသောက်ဦး ..။
ညအိပ်ရင် တံခါးတွေ သေချာစစ်ပြီးမှအိပ်၊
မီးပျက်လို့ ဖယောင်းတိုင်ထွန်းရင် ငြှိမ်းဖို့မမေ့နဲ့ဦး...။ ဘုရာမှန်မှန်ရှိခိုးနော်......။
မဆုံးနိုင်တော့တဲ့ မှာတမ်းရှည်ကြီးကို မောင်က အနမ်းနဲ့ အနားသတ်တော့ ၊ ကိုယ် ငိုချင် လိုက်တာမှ ကွယ်.။
ကိုယ့်ဆံနွယ်တွေကို တစ်ချက်ဆွဲမွှပြိး ခပ်လေးလေးထွက်သွားတဲ့ မောင့်ကျောပြင်ကို ငေးပြီး .. ပြေးလိုက် သွား ချင်လိုက်တာ..။
မောင် အဲဒီ့အချိန်ကတည်းက ငါ့ရင်ထဲမှာ လေးလံနင့်နည်းနေခဲ့တာ...။ အဲဒီ့အချိန်ကတည်းက ငါ့စိတ်တွေ ကြပ်တည်းမောဟိုက်နေခဲ့တာ ...။
ဒီလိုတော့ ဘယ်ထင်တတ်ခဲ့မလဲ....။
မောင့်လမ်းခရီး....
ဘုရား..၊ဘုရား....။
မောင် နင်မမှာလည်း ငါ ဘုရားမှန်မှန်ရှိခိုးခဲ့မှာပါကွယ်....။ ။

++++++++++++++++++++++++++++++++++++++++++++++++++++++++
( ၅ )

ဒီအဖြစ်အပျက်သာ လက်ဆောင်တစ်ခုခုဖြစ်ခဲ့ရင် ကိုယ်တံတွေးတောင် လှည့်မထွေးဘူးသိလား..။
ဒီအဖြစ် အပျက် သာ အိမ်မက်တစ်ခုဖြစ်ခဲ့ရင် ကိုယ်အိပ်ယာက ငုတ်တုတ်ထထိုင်
မျက်နှာနာနာသစ်ပြိး တစ်သက်လုံး ပြန်မအိပ်ပဲ နေပစ်လိုက်မှာပဲ..ကွယ်..။
ကံကြမ္မာက ကိုယ်တို့နှစ်ယောက်ကို ပက်ပက်စက်စက် ကြီး စီရင်ပစ်လိုက်တယ်..။
မောင်ရယ်လေ...၊တစ်ပစ်လောက်ကြာမယ်ဆိုပြီး နှစ်ရက်လောက်အကြာမှာပဲအပြေးအလွားပြန်ရောက်လာခဲ့တယ်။
ကိုယ့်ရင်မှာခေါင်းတိုး ကျုကျုပါအောင် ငိုချပစ်လိုက်တာ...။
မောင် နင်ဘာဖြစ်လာတာလည်း.. ပြော ..ပြော ၊ မိန်းမကိုပြောစမ်း..။ နင်ဘာဖြစ်လာခဲ့တာလည်း....။
ကိုယ့်နှလုံးသားဟာ လက်ကြမ်းကြမ်းကြီးနဲ့ ဖျစ်ချေခံထားလိုက်ရသလိုမျိုး...။
သိလားမိန်းမ.၊ မောင်တို့သူဌေးက အခြောက်ကြီး..။ နှစ်ဘက်ချွန်ကြီး
ဟင်..မောင် ဒီလောက်ယောက်ကျားပီပီသသ ကြမ်းကြမ်းတမ်းတမ်းကြီးကို....။
ဟုတ်တယ်သူဟာယောက်ျားစစ်စစ်တွေထက်တောင် ယောက်ျား ပီသနေလိုက်သေးတယ်။
အရက်သောက်တယ် ၊မကောင်းတာလည်းတော်တော်လိုက်စားတယ်..။
လောင်းကစားကိုလည်း နည်းနည်းဝါသနာ ပါသေးတယ်။
အိမ်ထောင်နဲ့ ကလေးနှစ်ယောက်လည်းရှိတယ်တဲ့ ......။
မောင်..ဟုတ်ရဲ့လားဟယ်.....။
ဟာ..ကွာ...။
မောင်ရဲ့အသံဟာ အကြီးအကျယ် ဒါဏ်ရာရလာတဲ့ သားကောင်တစ်ကောင်
မာန်ဖီညည်းညူနေသံလို မာထန်လှုပ်ခတ် နေခဲ့တယ်။
ကိုယ့်ကို ကြည့်နေတဲ့မျက်လုံးတွေမှာတောင် စိမ်းစိမ်းဝင်းဝင်း လက်လို့ ။
တစ်လမ်းလုံး မင်းကတော်တော်ချောတဲ့ကောင်ပဲ..၊ မင်းသားလို့ခေါ်ရမယ်ဆိုပြီး အရောတ၀င် လက်ပွန်းတတီး နေတာကို မောင်ကတော့ အဟုတ်ကြီးမှတ်လို့..။
ရောက်တဲ့ညပဲ သူအရက်သောက်တော့ ဟေ့ကောင် မင်းသားသောက်ဆိုပြီးအတင်းတိုက်တယ် ။
မောင်က မသောက်တတ်ပါဘူးဆိုတော့ မင်းယောက်ကျားမဟုတ်ဘူးလား သောက်၊
ခုသောက် ငါ သောက်ခွက်ဆွဲထိုးပစ်လိုက်လို့နဲ့မူးမူးရူးရူးနဲ့ဆဲဆိုပြီး၊ရိုက်မောင်း၊ပုတ်မောင်းလုပ်လာတော့ မောင်လည်းသောက်လိုက်ရတယ်..။
မိန်းမမောင်သစ္စာဆိုရဲတယ်သိလား..။မောင်တော်တော်ကြီးမူးသွားခဲ့တာလား..၊
မောင်ဘာတွေဖြစ်သွားလည်း၊ သိကိုမသိတော့ဘူး..။
မောင်လည်း အရက်မူးဖူးတာပဲ ၊အဲဒီ့လိုမျိုးလည်းမဟုတ်ဘူး....။
ကိုယ်အသက်မရှုမိဘူးထင်ပါရဲ့ မောင့်လက်ကိုတင်းတင်းကြပ်ကြပ် ဆုတ်ချေထားမိတယ် ။
အဲဒါဆေးဝါးတွေဖြစ်မှာပေါ့..၊ မောင်အဲဒါ ဆန်းကြယ်ရက်စက်တဲ့ ဆေးဝါးတွေနေမှာပေါ့၊
ဆန်းကြယ် ရက်စက်တဲ့ ဆေးဝါးတွေ၊ ဆန်းကြယ်ရက်စက်တဲ့ နည်းပညာတွေ၊
ဆန်းကြယ်ရက်စက်တဲ့ ရူးနှမ်းမှုတွေ..။
ဘ၀တွေ ဘ၀တွေကို ဘယ်လောက် နင်းချေဖျက်စီး ပြီးပြီလည်း....။
မောင်မှတ်မိလိုက်တာ....၊ မောင် သူ့အခန်းထဲမှာ.....၊ သူလေ မိန်းမလျာသံကြီးနဲ့....၊
သူ... သူ လေ မိန်းမကြီးလိုနွဲ့ပြီး.....၊
မောင့်ကို ။
မောင်ကို .......
ငါ မောင့်ကို ဆောင့်တွန်းမိလိုက်တာလား....။
ကိုယ့် ခန္တာတစ်ခုလုံး ပေါက်ကွဲလွင့်စင်ထွက်သွားသလိုမျိုး... ရင်ပြင်က လပ်ခနဲဟာသွားပြီး.နေရမှာတင် ပုံရက်သားကျသွားခဲ့တယ်....။
မောင့်အသံဟာ ရှိုက်သံဝါးဝါးကြားမှာ မကြားရက်စရာ တုန်ယင်ကွဲအက်နေခဲ့တယ်..။
နုနယ်ဖြူစင်တဲ့ မောင်မျက်နှာလေးဟာ သွေးတွေဆမ်းထားသလို နီမြန်းထူအမ်းလို့။
ကြည့်စမ်း ငါသိပ်မြတ်နိုးတဲ့ ၊ သိပ်ကိုရိုးသားပျော့ပျောင်းတဲ့ ယောက်ကျားတစ်ယောက်အတွက်
ဘယ်လောက် ကြေကွဲရှက်ရွံ့လိုက်ရမဲ့ အဖြစ်အပျက်လဲ။
ဘယ်လောက် ဆိုးဝါးနာကျင်စေလိုက်မဲ့ ရက်စက်မှုမျိုးလည်း...။
ဗြုန်းဆို ကိုယ်.. မောင့်ကို ရင်ခွင်ထဲ မှာ ၀ှက်ထား ပစ်လိုက်တယ်..။
မောင်..မောင်လေ..၊ အိပ်ယာကနိုးတော့ အဲဒီ့လူကြီးကို ဆောင့်တွန်းပြီး ပြေးထွက်လာခဲ့တယ်..။
မောင် .. နင် တစ်ခါတည်းသတ်ပစ်ခဲ့ရမှာ သိလား..။
မောင်အခန်းကိုရောက်တော့ မောင်နဲ့တစ်ခန်းထဲငှားပေးထားတဲ့ သူ့မန်နေဂျာက စိတ်မသက်သာတဲ့ပုံစံနဲ့ မောင့်ကို စောင့်နေခဲ့တယ်..။
သူဟာအရာရာကိုသိနှင့်နေပုံပေါ်နေတယ်။ မောင်သူ့ကို ဘာတွေပြောမိမှန်းမသိအောင် အော်ဟစ်ဆဲဆိုပစ် လိုက်မိတယ်..။
သူက မောင်ပြောသမျှကို ငြိမ်ပြီးနားထောင်နေခဲ့ရှာတယ်..။
သွားမယ် ကျုပ်ရန်ကုန်ပြန်မယ်၊ ခင်ဗျားတို့ တဏှာရူးအခြောက် ကြီးပိုင်တဲ့ အလုပ်မှာ တစ်စက္ကန့်တောင် မနေဘူး..။
ဆိုတော့....။
မ မန်နေဂျာက မောင့်ကို ဘာပြောတယ်မှတ်လဲ...၊ မောင့်ကို ဘာတွေပြောလိုက်တယ်မှတ်လဲ...။
အို.. ဒီလောက်စက်ဆုတ်စရာ ရူးသွပ်မှုကို ငါဘယ်လို ဥာဏ်မှီနိုင်မှာလည်းမောင်ရယ်..။
မောင့်အတွက်တဲ့..၊ မောင့်အတွက် လမ်းစရိတ် တဲ့ ၊ ငွေတွေအထုပ်လိုက်ပဲသိလား..။
မောင် အဲဒီ့ လူမျက်နှာကို အဲဒီ့ငွေတွေနဲ့ပိတ်ပေါက်ပစ်ခဲ့မိတယ်....။
မောင်ရွံလွန်းလို့။ အဲဒီ့ငွေတွေကို ရွံလွန်းလို့...။
ဟုတ်တယ်..။ ရွံစရာကြီး မောင်၊ ယူမလာခဲ့နဲ့...။
အဲဒီ့ငွေတွေကိုတွေ့ရင် ငါတော့ အော့အန်ပစ်မိမှာပဲ..။
ကြည့်စမ်း...ငွေတွေဟာတစ်ချို့အခြေအနေမှာအော့အန်ပစ်ချင်လောက်အောင်ရွံစရာလည်းကောင်းတတ်မှန်း အခုမှသိတယ်နော်....။
သူ က ေ လ...
မောင့်ကို
မောင့်ပုခုံးလေး ကိုင်ပြီး....
ညီလေး ဆေးစစ်ကြည့်လိုက်ပါ။ ကိုယ်လည်းဆေးကုနေရတယ်....တဲ့။ ။

++++++++++++++++++++++++++++++++++++++++++++++++++++++++


(၆ )

မောင် .. အိပ်ပျော်ပြီလားကွယ်...။ နှစ်နှစ်ချိုက်ချိုက် ဒီတစ်ည တော့ မောင်.....အိပ်ပစ်လိုက်ပါတော့..။
လမင်းကိုကွယ်ထားတဲ့ နက်ပြာရောင်တိမ်တိုက်ကို လရောင်က ရွေရောင်အနား ကွပ်ပေးထား တယ်ရှာတယ်။
ကောင်းကင်နဲ့တစ်ဝှမ်းတလဲ့လဲ့ထင်နေတဲ့ ကြယ်စင်တွေဟာ ကိုယ်တို့ပရိဒေ၀ကိုများ ညွှန်းဆိုလေရော့ သလား...။
မနက်ဖန်ဆိုတာ နာရီပိုင်းလေးပဲလိုတော့တယ်မောင်ရဲ့...။
တကယ်ဆို ဘ၀ဆိုတာလည်း တစ်အောင့်လေးပါပဲ..။
အဲဒီ့တစ်အောင့်လေးမှာ... ငါတို့ ချွင်းချက်မရှိချစ်ခင်မြတ်နိုးခွင့်ကို ရခဲ့ကြတယ်..။
အကန့်အသတ်မရှိတဲ့ ပေးဆပ်ဖြည့်ဆည်းခွင့် ရခဲ့ကြတယ်...။ အကြားအလပ်မရှိ ယုယ ကြင်နာခဲ့ကြတယ်....။
ဘယ်လောက်များ ကုသိုလ်ကံကောင်း ခဲ့ကြလည်းကွယ်...။
ပြုသူ အသစ် ဖြစ်သူ အဟောင်းတဲ့ ...။
ဘုရား... ဘုရား.. သူ့အတွက် ဘယ်လောက်ကြောက်ရွံ့ ထိတ်လန့်ဖို့ကောင်းလိုက်တဲ့ ၀ဋ်နာကံနာကြီးလဲနော် ...။
ကိုယ်တို့ ၀ဋ်ကျွေးတွေကို တော့ ဒီတစ်ဘ၀မှာပဲ အပြီးပေးဆပ်လိုက်ကြတာပေါ့...။
မောင်ရယ်...နင်ဘာကိုများ အားငယ်ကြေကွဲနေတာလဲ..၊ စိုးရိမ်တုန်လှုပ်နေရတာလဲ..။
လူတွေရဲ့ စွမ်းဆောင်နိုင်အားကိုကျော်သွားရင် အားကိုးစရာ သစ္စာတရားဆိုတာရှိသေးသတဲ့....
ကိုယ့်ရဲ့..သစ္စာ
မောင့်ရဲ့သစ္စာ
ကိုယ်တို့ မေတ္တာတရားရဲ့ သစ္စာ.....
အဲဒီ့ သစ္စာတရားရဲ့ဆေးဖက်ဝင်မှုနဲ့ မောင့်မှာ ဘာ..
အနာတရ...မှ.............။

အို....
မောင်ရေ.. မောင်ဘာမှမဖြစ်ဘူးသိလား.....၊အဖြေက Negative တဲ့ ၊ မောင်စိတ်ချမ်းသာတော့..၊
မောင် ပျော်ပျော်နေတော့..။
အဖြေစာရွက်ကတော့ ကိုယ် ခါးပိုက်နှိုက်ခံ ရတဲ့အထဲပါ သွားတယ်ကွယ် ..... ဆိုတာမျိုးဖြစ်ဖြစ်

.ပြောလိုက်လို့ ..ရတာ...ပဲ....လေ......။


အိန္ဒြာ

September 23, 2009

တကယ့်ကြယ်ကြီးတွေ ကြွေတုန်းက မတုန်လှုပ်ခဲ့တဲ့ နှလုံးသားက ဒီ ကြယ် မှုံမှုံ လေးကျမှ…..

ဝေးခဲ့ပြီပန်းခရမ်းပြာသီချင်းကိုတော့ လူတိုင်းကြားဖူးကြနှစ်သက်ကြမှာပါ..။
ဝေးခဲ့ပြီပန်းခရမ်းပြာသီချင်းကိုရေးခဲ့တဲ့ ကိုအောင်ဝင်းကိုတော့ လူတိုင်းရင်းနှီးချင်မှရင်းနှီးပါလိမ့်မယ်.။
ဆရာက ၂၃ရက်နေ့၊စက်တင်ဘာလ၊၂၀၀၉ ခုနှစ်မနက် လေးနာရီခွဲမှာဆုံးပါးသွားခဲ့ပါပြီ.။
"အောင်မြင်မှု နီးပါး လုပ်ဆောင်ခဲ့သူတို့ အကြောင်းကို သမိုင်းက မှတ်တမ်းတင်လေ့ မရှိပေ" တဲ့..။
ဒီဘလော့မှာ
ဆရာကိုခင်အောင်အေးရဲ့ ကဗျာတစ်ပုဒ်နဲ့ ကိုအောင်ဝင်းဆိုတဲ့ အနုပညာသမားတစ်ယောက်ကို မှတ်တမ်းတင်ခွင့်ရလိုက်တာအတွက် ဂုဏ်ယူမိပါတယ်..။
""ဆရာကိုအောင်ဝင်း.ကောင်းရာသုဂတိလားပါစေ.""

++++++++++++++++++++++++++++++++++++++++++


သူငယ်ချင်းရေ..
မင်းအလှည့်တဲ့လားကွာ ဘာလို့ ငါ့အလှည့်မဟုတ်ရတာလဲ
ဘာလို့ ဟိုကောင်တွေအလှည့်မဟုတ်ရတာတဲ့လဲ
ဘာလို့ မင်းနဲ့ငါ အလှည့် အတူတူမကျရတာတဲ့လဲ

ငါကဘာတရားနဲ့ဖြေရမှာလဲ
ငါ့မှာဘာတရားမှမရှိဘူး
အလကားကောင် ငဖျင်း ငကြောင်
ကိုမြင့်အောင် နေ့လည်က လှမ်းဆက်တယ်ကွာ
သူငယ်ချင်း ကိုအောင်ဝင်း ဒီမနက်အစောကြီးက ၄း၃၀ ကတဲ့

ကိုယ်မျှော်လင့်ထားပြီးသားပါ ဒါပေမယ့် ဒီလောက်ရုတ်တရက်ကြီးလို့မထင်သေးဘူး
သူငယ်ချင်းအခြေအနေ မြော်လင့်ချက်မရှိတာကို ကြိုသိပြီး ကြိုဝမ်းနည်းရုံကလွဲလို့
ဘာမှ လုပ်မပေးနိုင်ခဲ့တဲ့ အသုံးမ၀င်တဲ့ သူငယ်ချင်းတယောက်ပါကွာ
(နောင်ဘ၀ကျရင် ကိုယ်လိုကောင်မျိုး မင်း မပေါင်းလေနဲ့)

ကျောက်ပန်းတောင်းမှာ
ပုပ္ပါး အထွက်လမ်းမှာ
ဝက်အူချောင်းဆိုင်လို့အမည်ရတဲ့ တော/ဘီအီး အရက်ဆိုင်မှာ
ကိုယ့်ကို ပစ်ထားခဲ့တဲ့ အောင်ဝင်း
၁၉၉၄-၉၅ ပင်လယ် ကာလတွေတုန်းက
ဆူးလေ-အင်းစိန် ဟိုင်းလပ်ကားခေါင်မိုးပေါ်အတင်းတက်ခိုင်းပြီး
ကိုရဲလွင်အိမ်မှာမူးမူး နဲ့သွားအိပ်ဖို့ခေါ်သွားတဲ့ အောင်ဝင်းပေါ့
ဘူတာကြီး ကုန်တွဲတွေထိုးတဲ့သံလမ်းပေါ် ဂြိုဟ်ကျပြီး ကိုယ်လှဲအိပ်နေတော့
ဟိုကောင်တွေက ‘ပစ်ထားလိုက်’ ဆိုတာကို မနေနိုင်ပဲ
ရထားမလာခင် ပလက်ဖောင်းပေါ်ပြန်ဆွဲတင်ခဲ့တဲ့ ကောင် အောင်ဝင်းပေါ့

ကောင်းတာတကွက်မှ မရှိခဲ့ပါဘူး
(တယောက်ချင်း တခြားနေရာတွေမှာ သီးခြားစီ
လူရိုသေရှင်ရိုသေ နေမိလုပ်မိတာတွေရှိကောင်းရှိပေမယ့်)
နှစ်ယောက် ပေါင်းလို့တခါမှ ကောင်းတာမလုပ်ခဲ့ပါဘူး
ဒို့ ကောင်းတာက “ ကောင်းတာ” မှာပဲ ကောင်းခဲ့ကြတာလေ
တခွက်ပြီးတခွက် ကောင်းခဲ့ကြ တပြားပြီးတပြားကောင်းခဲ့ကြ တလုံးပြီး နောက်တလုံး ကောင်းခဲ့ကြ
မသောက်ရင် ခုပဲ လဲသေတော့မလို သောက်ခဲ့ကြ ကောင်းခဲ့ကြတာကလား..

သူငယ်ချင်းရဲ့ သောက်တယ်ဆိုတာကလဲ အကြောင်းရှိပြီကော
ကြိုက်လို့သောက်တယ်ဆိုတာလောက်တော့ ‘ခွေးသိ’ သိ တာမို့ ထည့်မပြောတော့ဘူး
တခါက သူငယ်ချင်းလား ကိုယ်လား ခဏနားထားလို့ မသောက်တော့ဘူးဆိုတာ
မသောက်ပဲ ထိုင်နေကြတာ ဘာစကားမှလဲ ပြောမရပဲ အူကြောင်ကြောင်ဖြစ်လာတဲ့အဆုံး
ဘာမှမပြောပဲ လက်ဖက်ရည်ဆိုင်က ထခဲ့ကြတယ်
ဘယ်သွားမယ်လဲ တယောက်ကိုတယောက်မပြောပဲ
ဘူတာရုံလမ်း သောက်နေကျ ဆိုင်ထဲ ရောက်မှ တခွက်စီဝင်မှ စကားဆက်ပြောလို့ရကြတာကလား
(ဘ၀မှာ အူကြောင်ကြောင်မဖြစ်အောင် မလွှဲမရှောင်သာသောက်ရတာလို့ မျက်နှာပြောင်ခဲ့ကြသေး)

သူငယ်ချင်း….
တို့နဲ့ ဘက်မညီတဲ့ ကောင်းကင်ကို ငါတို့ရခဲ့ကြတယ်
တို့နဲ့ မကိုက်တဲ့ ရာသီဥတုတွေ ငါတို့ရခဲ့ကြတယ်
တို့နဲ့ ညှိလို့မပြေပြစ်နိုင်တဲ့ လူ့အသိုင်းအ၀ိုင်းကို ငါတို့ရခဲ့ကြတယ်
တို့ တကယ်မချစ်နိုင်တဲ့လူတွေကြားထဲ မှာ အောင့်သက်သက်ပြုံးပြခဲ့ကြရတယ်
တို့ ဘာတတ်နိုင်ကြသလဲ
တို့ ပုစွန်တောင်ကိုပြေးခဲ့ကြတယ်
တို့ ၄၂ လမ်းကိုပြေးခဲ့ကြတယ်
တို့ ဘူတာရုံလမ်းတွေ မြေနီကုန်းတွေပြေးခဲ့ကြတယ်

လေးယောက်ပေါင်းလို့မှ သုံးတန်းမအောင်ဘူးဆိုတဲ့ ဟာသလို
တို့သုံးယောက်လေးယောက်ပေါင်းမိရင် ပြည်သူ့နီတိအတန်းမှာ စာမေးပွဲတဖုန်းဖုန်းကျတယ်

ရိုးရိုးလေးပါ သူငယ်ချင်းရာ
မင်းဟာ..နံမယ်ကြီးတယောက်မဟုတ်ဘူး
(အဲဒါကပဲ ကိုယ့်အတွက် လွမ်းစာဖွဲ့လို့ကောင်းစေတယ်)
မင်းမှာ ဘာရာထူးဌာန္တရ မှ မရှိဘူး(တက္ကသိုလ်မှာ ကတိကဆိုလားကလွဲလို့)
ဘာပကာသနမှ မရှိဘူး(မင်းအိမ်မှာလိုက်အိပ်တော့ လက်ဖက်အိုးကြီးတွေ မမေ့နိုင်စရာ)
မင်းကိုခွာချလိုက်ရင် ဘာရှိမလဲ သူတို့မသိခဲ့ကြပါဘူး
မင်းကိုယ်မင်း အမှုန့်ထောင်းပြီး အရည်ညှစ်ခဲ့တယ် သူတို့မသိခဲ့ကြပါဘူး
မင်းမှာ တောက်စားတဲ့ အနုပညာလိပ်ပြာ ရောင်စုံတွေ သူတို့မမြင်ခဲ့ကြပါဘူး

ဒါပေမယ့်..
ကိုယ့်အိမ်ထောင်ရေးဘ၀မှာ ထင်ရှားတဲ့ ဒဏ်ရာ ၃ - ၄ ချက် ရှိခဲ့မယ်ဆိုရင်
တချက်က မင်းပါပဲ သူငယ်ချင်း
ကိုယ့်ရဲ့ ကဗျာဆရာဘ၀မှာ အကျေနပ်ဆုံး ကဗျာ ၃ - ၄ ပုဒ် ရှိမယ်ဆိုရင်လည်း
အဲဒီ တပုဒ်က မင်းပါပဲသူငယ်ချင်း

မင်းရယ်ငါရယ် ကေမြိုးရယ် ကိုမြင့်အောင်ရယ် ကိုဆန်းထွန်းရယ်
တတွဲတွဲ သူငယ်ချင်းတွေ ကိုဆန်းထွန်းကလွဲရင် ကျန်လေးယောက်က
တဆိုဒ်ထဲ ပုလင်းဗူးဆို့တွေ
နောက်ပင်လယ် ကာလကျတော့ ပလိန်၊ လေးဆယ့်ငါးနှစ်သားကြီးစစ်တင်နဲ့
ဘ၀ထိုထို လှကို ပါတိုးလာတယ်

ပင်လယ် ဇာတ်ထုပ် ငါတို့ကကြတယ်
ကိုယ်ပိုင်ကမ်းခြေ အသီးသီးတို့အတွက် အော်ပရာတွေတင်ဆက်ခဲ့ကြတယ်
မင်းက မဇ္ဇိမလှိုင်း နဲ့ တေးသံစဉ်တွေ ရိုက်ပုတ်ဆော့ကစားခဲ့တယ်
(ကိုရဲရေ..ခင်ဗျားကိုကျုပ်ဖက်ငိုချင်တယ်ဗျ အခု မုချ ဆတ်ဆတ်မှာ )

ပြောစရာထွေထွေထူးထူးမရှိပါဘူး သူငယ်ချင်းရာ
မင်းခုလိုခရီးရှည် ကြီးမထွက်ခင် နှစ်ကာလ တွေမှာ မဆုံဖြစ်ကြတဲ့ အဖြစ်သနစ်ကသာ
မင်းနဲ့ပတ်သက်လို့ ကိုယ်ဖြေရခက်တဲ့ အခက်တခုပါ

ဇော်ဇော် ရေ..ကိုမင်းသိန်းရေ..
လက်ပပြားက ကျောင်းဆရာ ကိုအောင်ခိုင်ရေ..
ကိုအေးကျော်(မောင်ကြည်သစ်)ရေ..
ဆရာဇံ (နန္ဒာသိန်းဇံ) ရေ..
ကိုခင်ဝမ်းရေ..ကိုကျော်စိုးရေ…
ဖိုးအောင်ဝင်းက လို့ ပြောလေ့ရှိတဲ့ ကိုဒီ ရေ..
ကိုယ် တ,မိ တ,ရာ တ, ရတော့တယ်..(ကယောင် ကတမ်းနဲ့)

အခုည ၁၉းး၃၀ ဘန်ကောက်စံတော်ချိန်
ကိုယ်စ သောက်နေပြီသူငယ်ချင်း
ဘာကမှ ကိုယ်တို့ကိုမကယ်နိုင်ဘူးသူငယ်ချင်း
(ဘာကမှလဲ ကိုယ့်ကိုမဆုံးမ နိုင်တော့ဘူး ဒီညအဖို့..)
ကယ်ခြင်းတရားဟာ ဘယ်သူ့ကိုမှ တကယ်မကယ်နိုင်ဘူး
ကိုယ်နည်းနည်းသိတယ် ထင်မိတဲ့ဒသနတွေ
ကိုယ်နည်းနည်း ခံနိုင်ရည်ရှိမယ်ထင်တဲ့ စိတ်လေ့ကျင့်ခဏ်းတွေ
ကိုယ်နည်းနည်း လူဝါးဝ ပြောဘို့ကြိုးစားတဲ့ ရင့်ကျက်ပြီ ဆိုတဲ့ စကားလုံးမျှသာတွေ
မင်းနဲ့ ကိုယ်နဲ့ကြားက ရှင်းပြစရာမလိုတဲ့ ပြောချင်ရာပြောလို့ရတဲ့ ဘာသာစကားတွေ
မင်းရောကိုယ်ရော မူးနေမှ တကယ့်တကယ်ရှောင်လွှဲပြီးသားဖြစ်မယ့်
အများအခေါ် လောကဓံဆိုတဲ့ အရာ..

ကေမြိုးဆုံးတော့ ရေဝေးသုသန်မှာ
မှတ်တမ်းစာအုပ်မှာ ဥာဏ်ပေါ်(မင်းလူ) က ရေးတယ်
“ဟို ရောက်ရင် ၀င်းမော်ဟန်နဲ့ တည့်အောင်နေ..” တဲ့

ခု မင်း ဒီခရီးရှည်ကြီးကိုထွက်သွားပြီဆိုတော့
ကိုယ့်မှာ ဘာမှာလို့မှာရမှန်းမသိ ယောင်ချာချာ ဖြစ်ရတယ်
ကိုယ် ဒါကိုပဲ သံယောင်လိုက်ပြောရတော့မယ်
“ဟိုရောက်ရင် ကေမြိုးနဲ့တည့်အောင်နေပါ သူငယ်ချင်း..”

မိုက်ကယ်ဂျက်ဆင် တလောကသေတော့ တကမ္ဘာလုံး အုတ်အော်သောင်းနင်း..
မင်း သေတော့ (သူ့အရွယ်ပဲ) ဗမာပြည်မှာ ကျောက်ပန်းတောင်းမှာတောင်လှုပ်တုတ်တုတ် ဖြစ်ရဲ့လား
သူငယ်ချင်း..
ဖြစ်နေကျ ဓမ္မတာလိုလို မသာတစ်ခေါက်ကျောင်းဆယ်ခေါက်သမားတွေက
မင်းအသုဘ စည်ကားရေးမှာ အုတ်တချပ် သဲတပွင့် သရုပ်ဆောင်ကပြကြလိမ့်မယ်
အဲဒီထဲမှာ ကိုယ်က ဝေလေလေ အခန်းကတောင် ပါဝင်ခွင့်မရှိပဲ မင့် နောက်ဆုံး ခရီးဟာ
(အာရုံမြင်သဘောအရ ကိုယ်မြင်နေရတယ်) ပြီးမြောက် အောင်မြင် သွားလိမ့်မယ်

အေး… ကိုယ့်တကိုယ်ရေ ဘ၀မှာတော့
မင်း လူ့လောကကိုကျောခိုင်းသွားပြီဆိုတဲ့ သတင်းက
နိုင်းအလဲဗင်း ဆိုလဲဟုတ်တယ်
ဆူနာမီဆိုလဲ ဟုတ်တယ်
နာဂစ်ဆိုလဲ ဟုတ်တယ်
အခြားအမည်မသိ ဂြိုဟ်သားတွေနဲ့ စစ်ပွဲဆိုလဲဟုတ်တယ်

ဆောရီးကွာ..
သိပ် ပုဂ္ဂလ ဓိဌာန်ဆံသွားတယ်
ဆံသ ဆိုင်မှာ ပြောကြဆိုကြတာမျိုး
ဆိုင်းသံ ဗုံသံ ခပ်တိုးတိုးနဲ့
ဆိုးသွမ်းလူငယ်ဆိုတာ ဟိုတခေတ်က
ဆဲသံဆိုသံကြားက တခုခု ဖြစ်အောင် ဖောက်ထွက်ခဲ့ကြရတာမျိုး
ဆယ်သိန်း သိန်းနှစ်ဆယ်ဆိုတာ နယ်က ရန်ကုန်တက်လောက်ရုံ ခုခေတ်ကြီးမှာ..
ဆက်သား အရေးကြီးတယ် သူငယ်ချင်းရေ…

အေး ဟိုဘက်မှာ..
ဆက်သား အလွယ်တကူရှာမရရင်လဲ
ဆတ်သားခြောက်သာ အရင်ပို့လိုက်ကွာ..
ဇေယျာလင်း ဒီညတိုက်မယ့် အရက်နဲ့ သိပ်လိုက်မှာပဲ..
(မင်းရဲ့ပြုံးတုံ့တုံ့ပါးစုံ့ ကြီးတွေ မို့တက်လာမှာမြင်ယောင်ရင်း…)

သူငယ်ချင်း အဲဟိုကပဲ စောင့်တော့..
ကိုယ်တို့လဲ မကြာတော့ပါဘူး။ ။

ခင်အောင်အေး
၂၃၊ စက်တင်ဘာ၊ ၂၀၀၉ ဘန်ကောက်စံတော်ချိန် ၂၁း၂၀


..ကိုယ်ဒီကဗျာကိုအဆုံးသတ်တဲ့အချိန်မှာကိုခင်ဝမ်း သီချင်းဖွင့်ထားတယ် ဘယ်..ဆီ..ဘယ်..၀ယ်…ဘယ်..ဆီ..ဘယ်…၀ယ်….

September 19, 2009

တကယ်တော့ အဲဒီ့ပြကွက်ဟာ အတု

(၁)။
ညထဲမှာ နောက်ည တစ်ခုက ထပ်ပြီး မှောင်မိုက်လို့
တဒီးဒီး လေအေးစက်သံဟာ..
ကျောထဲစိမ့်အေးလာချင်စရာ
အားလုံး အသက်ရူအောင့်ထားမိကြသလား..
ဆက်တင်မှာ အခိုးအငွေ့တစ်ချို့ အူနေတယ်..။
(၂)။
တီးလုံးကအသံပြောင်းသွားပြီ
အနီရောင်
အခင်းအကျင်းအားလုံးကအနီရောင်
မသိရင် သွေးတွေ ဆမ်းချလိုက်သလိုမျိုး အနီရောင်
ဟိုဟိုဒီဒီလင်းနို့တွေ တဖျတ်ဖျတ်ပျံသလို အထူးပြုလုပ်ချက်တွေနဲ့
ဟိုး...ဝေးဝေး က
သင်္ချိင်္ိုင်းလား တစ္ဆေလား....
လှိမ့်လှိမ့်တက်လာတဲ့ အခိုးအငွေ့တွေကြားမှာ..
ဆက်တင်ဟာ..ချောက်ချားဖွယ်ရာ...မာခဲညိုမည်းနေခဲ့တယ်..။
(၃)။
ကြောက်လန့်ဖို့ အဓိကရည်ရွယ်တယ်..
အားလုံး.အာစေးထည့်ထားမိကြသလို
စိတ်တွေချွေးစေးနဲ့ ချွဲပစ်လာကြလို့
ကလေးတွေ အမေ့ရင်ခွင်ထဲ အတင်းကွယ်လျိုး
ချစ်သူတွေ ပုခုံးချင်းကျစ်ကျစ်ပါအောင် ပိုက်ထွေးဖေးမကြ
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်ချေထားမိကြ
အားလုံးဆီမှာ
အကြောက်တရားက အပင်းထည့်ထားလိုက်သလို...
ဘာဖြစ်ဦးမလဲ
ဘာလုပ်မလဲ..
ဘာ တွေ လုပ် ပြ ဦး မှာ လဲ....
တထိတ်ထိတ်...
အား..လုံးးးးးး
အစွမ်းကုန်...
ဒိတ် ဒိတ် ဒိတ်ဒိတ် ရင်တုန်မောဟိုက်တယ်..။
(၄)။
သူ..
မှော်ဆရာ....
သူရွတ်နေတာ
ကျမ်းစာလား..ကမ္မ၀ါလား..
သူ သစ္စာဆိုတာလား..
မေတ္တာပို့တာလား..
ကျိန်စာတိုက်နေတာများလား..
သူ့မန္တရားက ဘာအစီအစဉ်လဲ...
တတွတ်တွတ်..
တွတ်တွတ်..တွတ်..တွတ်..
သူ့ဝတ်ရုံဖါးဖါးကြီးတလွင့်လွင့်
သူ့အရိပ်အမည်းကြီး တလွင့်လွင့်
သူ့မှာ သိန်းငှက်တစ်ကောင်ရဲ့မျက်လုံးမျိုးလည်းရှိသေးရဲ့
သူက....
ဘယ်အချိန်သုတ်သုတ်ရနိုင်တဲ့ အသားတစ်ကို လှမ်းကြည့်လိုက်သလို...
သူ့ပရိတ်သတ်တွေကို
အထက်စီးကနေ...အူ မ ချေး ခါး ကြည့်လိုက်ပြီ..။
(၅)။
ရုတ်ချည်းမှောင်မိုက်သွားခဲ့တယ်..
ရုတ်ချည်းလင်းလက်လာပြန်တယ်...
ငြိမ့်ငြိမ့်ညောင်းညောင်း..
တီးလုံးမှာ ကကွက်ဆန်းတစ်ခုပါလာတယ်..
ကောင်းကင်က..ကျလာခဲ့တာလား..
မြေပြင်ကို ထိုးခွဲတက်လာသလား...
မသိဘူး..
အားလုံးမှင်တက်ငေးမောသွားကြ..
ငွေပြာရောင်ပိုးသားစလေး..လွင့်မျောနေသလို..
သူမရဲ့လှုပ်ရှားမှုတိုင်းက ညက်ညောလှပ..
သူမရဲ့ကချိုးတွေက သေသပ်တိကျလို့...
အားလုံးရဲ့နှလုံးအိမ်ညွှတ်နူးမှုတိုင်းဟာ..
သူမအပေါ်ပုံကျသွားခဲ့တယ်...။
(၆)။
ဝေါကနဲ..
အသံတွေထိုးစိုက်ကျလာတယ်..
တောမြေခွေးတွေအူသံလို...
တောချောက်သံလို..၊ တော်လဲသံလို...
တဖျတ်ဖျတ်ပြောင်းလဲနေတဲ့ စလိုက်ရောင်စုံတွေကိုက
စိတ်ထွေပြားချင်စရာဖြစ်နေခဲ့..
မှော်ဆရာ ဟာ..သရဲသဘက်ဆန်လာတယ်..
မှော်ဆရာဟာ..သားကောင်အနံ့မှာ စမန်ထနေတဲ့
အညံ့စားမုဆိုးဆန်လာတယ်..
တီးလုံးက ဗိန်းဗေါင်းဆိုတာလား
အပြေးအလွှား..အကွေ့အ၀ှိုက်...
ဆက်တင်ဟာ..သိမ့်သိမ့် ရမ်းခါလို့...
နောက်ဆုံး...
ဇာတ်လမ်းဇာတ်ကွက်သာမန်စဉ်အတိုင်း
ငွေပြာရောင်လေးကို လက်ရ ဖမ်းဆီးနိုင်လိုက်တယ်.။
(၇)။
မှော်ဆရာက
လှုပ်လို့မရပေမယ့် ကြိုးနဲ့အထပ်ထပ်တုတ်နှောင်တယ်...
မှော်ဆရာက
မပြေးနိုင်မှန်းသိရက်နဲ့ စည်းသုံးတန်ကိုတားပစ်တယ်..
မှော်ဆရာက..
နောက်ဆုံးအဆင့်
အသင့်ချထားခဲ့တဲ့ ခေါင်းတလားထဲကို...
ကျွမ်းကျွမ်းကျင်ကျင် လဲလျောင်း ပိတ်လှောင်စေခဲ့ပြီ..
(ဂ)။
ဓါးစက်လား..
လွှစက်လား...
အဲဒီ့ လူသတ်လက်နက်ဟာ..
မှော့်ဆရာလက်ထဲမှာ တဒီးဒီးရမ်းခါလို့...
သွေးဆာနေတဲ့ မိစ္ဆာ တစ်ကောင်
မှုန်ယိုရမ်းကားနေသလို...
မီးရောင် အောက်မှာ...
စုန်းမီးတောက်လို တလက်လက်ဖြာနေတယ်
ပရိတ်သတ်ဟာ..လိပ်ပြာအနှုတ်ခံလိုက်ရသူလိုမျိုး..
ဝင်သက်ထွက်သက်တွေ အထားအသိုမမှန်ကန်တော့
ချောက်ကပ်နေတဲ့ လည်ချောင်းမှာ...အသံတွေ အတုန်းအရုန်းသေဆုံးကုန်ကြတယ်..
(၉)။
ပိုင်းချလိုက်ပြီ....
ပန်းထွက်လာတာ..သွေးတွေမဟုတ်လား...
ဝူး ၀ူး ၀ုန်း ၀ုန်း......
ဒီ့ထက်သွေးပျက်စရာမရှိတဲ့ မြင်ကွင်းထဲက
ထက်ပိုင်းပြတ်သွားတဲ့ ခေါင်းတလားထဲမှာ...
သူမရှိနေတယ်.....
ခါးလည်တည့်တည့်ကနေ...တစ်ဝက်တိတိပြတ်ကျသွားတဲ့
အဲဒီ့ခေါင်းတလားထဲမှာ...
သွေးစေးတွေ အထွေးလိုက်ကပ်နေတဲ့ တစ်ဝက်ပြတ်ခေါင်းတလားထဲမှာ
သူမ......
ရှိနေခဲ့ပါတယ်...။
(၁၀)။
ဆက်တင်က ကြယ်ကြွေတွေကို ဆလိုက်ထိုးပြီးပြနေတယ်..
လူတွေဟာ..ကြေကွဲစရာတွေနဲ့
စိတ်အယားတွေဖြေကြတယ်..
တစ္ဆေထက်ကြောက်လန့်စရာတစ္ဆေတွေကြားမှာ...
လူသတ်ပြကွက်တွေထက်ရက်စက်တဲ့ .လူသတ်ပြကွက်တွေထဲမှာ...
အညစ်အကြေးတွေထက်ညစ်ညမ်းတဲ့ အညစ်အကြေးတွေကြားထဲမှာ..
အဲသလို ရုံသွင်းအပြခံနေရတဲ့ အတုအယောင်တွေကြားထဲမှာ..
အဲသလို စိတ်တွေကို အထပ်လိုက်မီးတင်နေတဲ့ပြကွက်မှာ
တဖြည်းဖြည်းအသားကျနေပျော်နေခြင်းသီချင်းက
ရက်ရက်စက်စက်ပျံလွင့်လာ...
(၁၂)။
အဲဒီ့ပြကွက်ဟာ..အတုပဲ
တကယ်တော့ အဲဒီ့ပြကွက်ဟာ..အတု.
အနုပညာဟာ.သွေးဆာခြင်းတစ်မျိုးလား..
ကြောက်ရွံ့ထိပ်လန့်စရာတွေက ရသမြောက်စေတတ်သလား..
လိမ်ညာဆန်းပြားခြင်းအတတ်က စိတ်အဆာတွေပြေစေသလား...
မှော်ဆရာဟာ..သူ့အောင်မြင်မှုကို..
သွားရည်တမြားမြားယစ်မူးလို့.....
မှော်ဆရာဟာ..သူ့အတတ်ပညာကို
အာသားငမ်းငမ်းမူးယစ်လို့
ဒီပြကွက်ရဲ့ ကြောက်လန့်ခြင်းစိုးရိမ်ရေမှတ်ဒီဂရီဟာ..
မှော်ဆရာကဗ္ဗည်းတင်ချင်နေတဲ့ မှတ်ကျောက်တဲ့...
မှော်ဆရာဟာ..သူ့အတတ်ပညာကို
အာသားငမ်းငမ်းမူးယစ်လို့
မှော်ဆရာဟာ..သူ့အောင်မြင်မှုကို..
သွားရည်တမြားမြားယစ်မူးလို့.....
(၁၃)။
အားလုံး
စိတ်တွေ ကိုယ်တွေ မတ်တပ်ထရပ်လိုက်ကြပြီ...
ပွဲက အခုမှစတင်လာခဲ့တာ...
ပွဲက အခုမှအဆုံးသတ်တော့မှာ
ခေါင်းတလားထဲက ရှင်ပြန်ထမြောက်လာရမယ့်
ငွေပြာရောင်လေးကို သူတို့ မင်းသမီးလေးကို...
သောင်းသောင်းဖျဖျ...
လက်ခုတ်တီးပြီးကြိုကြဖို့..
ပွဲက
အခုမှစတင်လာခဲ့တာ...
ပွဲက
အခုမှအဆုံးသတ်တော့မှာ...

အိန္ဒြာ
(၂၆.၇.၂၀၀၉)

September 14, 2009

အလွမ်းဆွတ်ဆွတ် ပန်းချီ


လမ်းမပေါ် စွန်းထင်းကျန်ရစ်တဲ့
ကိုယ့်အရိပ်တွေကိုယ် လှဲကျင်းဖို့..
သမီး...
နောက်တစ်ခေါက်လောက်..
ထပ်လျှောက်ကြည့်ချင်တယ် ..မေမေ

ခြေခင်းလက်ခင်းသာမယ့်ဆည်းဆာရောင်ခြည်ထဲ..
တိမ်တွေဘယ်အရောင်နဲ့ ၀င်းမှည့်နေကြမလဲဆိုတာ
သမီးမျက်ဝန်းတွေထဲ..
လာလာ ငို နေကြတဲ့ ကဗျာပါ.

ဘ၀ဆိုတာ..
နာကျင်လွမ်းမောခြင်းတွေကိုမှ..
လှလှပပ
ဖူး ငုံ သီး ပွင့် ပြ နေတဲ့..
အနုပညာတစ်ခုလောက်ပါ...မေမေရယ်..

ဟောသည့်..
အထီးကျန်ခြင်းတောင်ခြေမှာ..
လာလာဝေပြနေတဲ့...မြူနှင်းက
ဘယ်ဘ၀က အချစ်ကြွေး ဖြစ်လိမ့်မလဲ....

မေမေရေ...
သမီး...တွန်းတင်လိုက်တဲ့ကျောက်တုံးကို..
သမီး..ကိုယ်တိုင်တွန်းချပစ်ခဲ့တာ.. ။


အိန္ဒြာ

(၁၄.၉.၂၀၀၉)



September 11, 2009

ငါ့ကဗျာကို လက်ရသိမ်းပိုက်ထားတဲ့ မြို့

ငါ့အရေပြားက သံမဏိအငွေ့အသက်နဲ့ အေးစက်နေပြီလား..
ငါ့နှလုံးအိမ်အခန်းအကန့်တွေထဲ ခဲ တွေလောင်းချထားသလား
ငါ့မျက်ကြည့်လွှာမှာ ကဗျာအရောင်ငွေ့ငွေ့တောင်လာမဟတ်တော့ဘူးလား..
ငါ့စိတ်ဝိညာဉ်ထဲ ကဗျာဆန်ဆန်အတွေးရနံ့လေးမှ မသင်းပျံ့တော့တာလား..
တစ်စုံတစ်ရာက...ငါ့ကဗျာတွေကို လက်ရသိမ်းပိုက်သွားပြီလား....

ဒရက်ကူလာတွေနေရောင်ခြည်ကိုရှောင်ရှားကြသလို
ပင်နီယံကခွေးသွားစိပ်တစ်ခု မရပ်မနားလည်ပတ်နေရသလို..
ငါ့ကိုယ်ရည်ကိုယ်သွေးတွေ ကြိတ်ညှစ်ချနေတဲ့ ကြိတ်စက်တစ်ခုလို....
ငါ့ နေ့ဝဋ်ကျင်းထဲ..ငါခပ်ဆိတ်ဆိတ်ဆင်းဆင်းလာခဲ့ရ....။

ငါ့ ၀ဋ်ကျင်းလေးက ဖစ်ဖတင်းဒီဂရီဆဲလ်စီးယတ်နဲ့ရေခဲဆန်ဆန်အေးမြ
ကွန်ပြူတာဖန်သားပြင်တွေက လျှပ်စီးလက်နေသလိုကို ရုန်းကြွ

တဖျတ်ဖျတ်ဝင်လာနေတဲ့ လျှပ်စစ်ပေးစာများ..
အဆက်မပြတ်အလျင်လိုနေတဲ့..စကားပြောခွက်နဲ့စကားသံများ
တောင်လိုမြင့်ပြီးတောင်လိုပုံနေတဲ့ အဆောက်ဦးပုံစံစာရွက်များ
ကွန်ကရစ်မီတာကျုကွာဟချက်နဲ့..ဘီအာစီမက်ခ်ျအော်ဒါများ
ဘယ်နေ့ ဘယ်အချိန်အတိအကျ စက္ကန့်စွန်းမရ တင်ဒါများ
ကျွန်ုပ်တို့ အမှန်တကယ် ဆောက်လုပ်ခဲ့ခြင်းအတိုင်း
ပြန်လည်ရေးဆွဲတင်ပြအပ်ပါသည် ဆန်မစ်ရှုင်းများ

နောက်......

သာမန်ရိုးကျဖြစ်ရိုးဖြစ်စဉ်နဲ့ အဲဒီ့ထက်ပိုချင်ပိုနေတဲ့..အခက်အခဲများ
သူ့၏နောက်ပါများ..

ငါ့ကို အချိန်တိုင်း ဂရုတစိုက်စောင့်စောင့်ကြည့်နေတတ်တဲ့ စီစီတီဗွီ ကင်မရာတွေအောက်မှာ..
နိစ္စဓူဝ တစ်ထစ်နှိမ့်ချထားတဲ့ အခေါ်အပြော အကြည့်အမြင်တွေအောက်မှာ

အဲသလို.. ငါ့စိတ်ကို ချောင်ပိတ်အရိုက်ခံရ..

အဲသလို ..ကမ္ဘာ့အဆင့်မှီ ကျဆုံးနေခဲ့ရ.....။

တကယ်ဆို..
ငါ့နှလုံးသွေးကို ခုတ်မောင်းပေးနေတဲ့...တေဇောဓါတ်ကိုက ကဗျာပါ...
အခုဘယ်အရာတွေက ငါ့သွေးကိုခုတ်မောင်းနေတာလဲ..

ငွေကြေးစံနှုန်းကွာဟမှုလား..
အီကွေတာရာသီဥတုနဲ့ အမြဲစိမ်းတောအုပ်တွေများလား..
စိတ်အဆာမကြေခြင်း အဆိုင်အခဲတွေလား..

ပိုနေတာအားလုံး ဖဲ့ထုတ်ရှုင်းလင်းထားသလို..
လိုနေတာတွေကို စိတ်တိုင်းကျ ပုံလောင်းထားသလို
အတိအကျရုပ်လုံးကြွနေတဲ့ လူ့အဖွဲ့အစည်းသီချင်းလား

အာခံလွတ်မြောက်လိုခြင်း.သီဝရီတွေလား..
တစ်နေ့နေ့တစ်ခုခု လုပ်ပေးနိုင်နိုးနိုး မျှော်လင့်ချက်တွေလား..

အစစ်ထက်ပိုပိုစစ်ပြချင်နေတဲ့ ကမ်းခြေအတု လှိုင်းအတုတွေလား..

ငါ့..နှလုံးသားအရေးပြားတွေကျွမ်းသွားအောင်..
မဆန့်ရင်ကာလောင်မြိုက်နေခဲ့တဲ့ အဝေးငေးအိမ်လွမ်းနာတွေလား..

မတန်တဆပေးချေနေရတဲ့ စိတ်အရင်းအနှီးတွေလား...

ဘယ်အရာတွေစီးဝင်နေသလဲ..
ဘယ်အရာတွေ..စီးထွက်သွားကြလဲ....
တစ်စုံတစ်ရာဟာ..
ငါ့ကဗျာတွေကို လက်ရသိမ်းပိုက်သွားခဲ့ပြီ..။

ငါ့ကိုယ်ငါ ပြန်ပေးဆွဲထားရတဲ့ ညဥ့်၃ယံထဲက၂ယံမှာ..
ကြွက်တစ်ကောင်ဒိန်ခဲပျောက်ရှာသလို..
ငါ့ကိုယ်ငါ အငမ်းမရရှာဖွေကြည့်နေရ.

ငါဟာငါဖြစ်ကြောင်းသက်သေခံကဒ်ပြားများ.
ငါဟာငါဖြစ်ကြောင်း ငါ့ထင်ရှားတဲ့ အမှတ်အသား...
ငါ့ဖြစ်တည်မှုကို..အတိအကျချုပ်ကိုင်ထားသောစာရွက်စာတမ်းများ...
ငါ့စည်းစိမ်ဥစ္စာကိုသိုဝှက်စုဆောင်းထားခြင်း..ငွေရေးကြေးရေးကဒ်များ
ငါ့လမ်းခရီး.ထိမ်းကြောင်းဖြတ်တောက်မှုကဒ်ပြားများ..
အဝေးအနီး ဆက်သွယ်မှု အသံယန္တရားကဒ်များ...

ဘ၀ဟာ..၂လက်မ ၃လက်မ အရွယ်ကဒ်ပြားတစ်ချပ်ထဲ..မှာ..
အတင်းထိုးကြိတ်အထည့်ခံနေရသလို
ဘ၀ဟာ..ကြပ်တည်း ကျဉ်းမျောင်း လှချည်လား..

ဘ၀ဟာ..ကဒ်ပြားများ...

ဘ၀ဟာ...ကဒ်ပြားလား....

ငါ..တစ်စစီဆွဲထုတ်ကြည့်မိတဲ့ ငါ့ကိုထိမ်းချုပ်ခြင်း ကဒ်ပြားတွေထဲမှာ..
ငါဟာ..ကဗျာရေးသူဖြစ်ကြောင်း အထောက်အထား တစ်စုံတစ်ရာလေးမှမပါ..
ငါဟာ..ကဗျာရေးသူလား..
ငါ..ကဗျာတွေရေးခဲ့လား..

ဒီကဗျာတွေ ငါရေးခဲ့တာလား....

ဒီလိုအတွေးမျိုး..ငါရခဲ့ဖူးတာ..တကယ်လား....

ငါဟာ..အိန္ဒြာဆိုတာလား.....??? ...

တကယ်ဆို.. ငါ့နှလုံးသွေးတွေကို ခုတ်မောင်ပေးနေတဲ့ တေဇောဓါတ်တွေကိုက..ကဗျာပါ....
တကယ်ဆို...ငါ့ညာလက်ကောက်ဝတ်က သွေးပြန်ကြောမကိုက ကဗျာပါ
ငါ့.အနုပညာတွေဘယ်ရောက်သွားတာလဲ..
ငါ့ကဗျာတွေ..ဘယ်သူသိမ်းပိုက်ထားသလဲ....
ကဗျာရေးလို့မရဘူးးးးးး
ကဗျာရေးလို့မရဘူးးးးးးးးးး..........
.................................................

သွေးရူးသွေးတမ်း...
ညကြီးသန်းခေါင်..ထရိုက်မိတဲ့ ဒီစာသားတွေအောက်မှာ..

ထုံးစံအတိုင်း...

"အိန္ဒြာ "လို့..နာမည်တပ်ချကြည့်ရမလား......။ ။


အိန္ဒြာ
(၁၁.၉.၂၀၀၉)

ဘလော့မှာဘာဖြစ်မှန်းမသိပဲ ကွန်းမန့် ကဖွင့်မရ မန့်မရဖြစ်နေလို့ ဒုတိယအကြိမ် Publish လုပ်လိုက်ရတာပါ..။
ပထမပေးထားတဲ့ ကွန်းမန့်တွေကို ကူးပြီဖေါ်ပြပေးထားပါတယ်။..(ဘယ်လိုဖျက်ပစ်ရက်မလဲ..လေ..)..။

18 comments:

thynn said...
အဟီး...၁
ဒါပေမယ့်..ဘာရေးရမှန်းမသိသေးဘူး
September 11, 2009 7:52 AM
+++++++++++++++++++

Craton said...
၂ ကွ... ဟွင်းးး
September 11, 2009 7:53 AM
+++++++++++++++++++

Craton said...

This post has been removed by the author.
September 11, 2009 7:53 AM
+++++++++++++++++++

အရုပ်ကလေး said...
အိုးးးးးးးး အို ....

ကဗျာထဲက စကားလုံးတိုင်း ကျစ်လစ်နေတယ် ..
ဘ၀ဟာကဗျာလား ..
ကဗျာဟာ ဘ၀လား ..
ဘ၀ထဲ ကဗျာတွေကပ်ပါမျော
ကဗျာတွေထဲ ဘ၀ဟာရုပ်လုံးမပေါ် ..
နောက်ဆုံး ..ခပ်ရို့ရို့လေး နေခဲ့မိတယ် ..

မကြီး .. လေးနက်တဲ့ ကဗျာလေးပါ .။

ချစ်မကြီးရဲ့ ..
ချစ်မောင်လေး .. idulize (အရုပ်ကလေး)
September 11, 2009 7:55 AM
+++++++++++++++++++

မိုးမြင့်တိမ် said...
သွေးရူးသွေးတန်းထရိုက်မိလိုက်တဲ့ စာသားတွေကိုက ဘ၀ကိုရုပ်လုံးပေါ်အောင် ကျစ်ကျစ်လစ်လစ်ဖော်ဆောင်လိုက်တယ်။ ဒါဟာ ကဗျာ။
ဒါဟာ သွေးပြန်ကြော။ ဒါဟာ စီးဆင်းနေတဲ့ ကဗျာ။ ပုံသေကားချပ်မရှိတဲ့ ကဗျာ။ ဒါဟာ ဘ၀။ ဘ၀ ဟာ ကဗျာ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
September 11, 2009 8:00 AM
+++++++++++++++++++

MANORHARY said...
ငါက ကမ္ဘာ့အဆင့်မီမကျဆုံးချင်တဲ့သူ
ဒါကြောင့် ဆရာစွမ်းအတန်တန်မှာတဲ့ကြားက
ရူပဗေဒနိယာမတွေကိုပစ်ချထားခဲ့တဲ့သူ
အနုပညာနဲ့ မာနတွေခပ်ကျဲကျဲသွန်းကျဲပက်ချ
ဘဝကိုတည်ဆောက်ချင်တဲ့သူ
ဒါပေမယ့် ...
ပျောက်ဆုံးနေတဲ့ ကဗျာဆရာမလေးကိုရှာဖို့ဆိုရင်တော့
ငါသင်ကြားခဲ့တဲ့ပညာတွေကိုခဏပြန်ကောက်
စစ်တမ်းကောက်သင့်ကောက်ရလိမ့်မယ်
သီအိုရီတွေပြန်ရှာသင့် ရှာရလိမ့်မယ်
ရေဒါကိုဖွင့်ပြီး စမ်းသင့်စမ်းရလိမ့်မယ်
censor နဲ့စမ်းလိုက်တဲ့ကဒ်ပြားလေးထဲမှာ
အိန္ဒြာရှိနေတာသေချာသလား...
သူ့သွေးကြောထဲလှည့်ပတ်နေတဲ့
ကဗျာအစင်းစင်းခုတ်မောင်းနေသံ
ပုံမှန်ကြားနေရသေးလား
သေချာတယ်ဆို ခရီးစလိုက်ကြရအောင်
(လိုက်မယ့်သူတွေလာခဲ့ကြ..
စစ်ဆင်ရေးစမယ်...:P)
ကဗျာရေးသူဖြစ်ကြောင်းအထောက်အထားကတော့
သူ့နှလုံးသားပဲဖြစ်လိမ့်မယ်။
သေချာတယ်ဆို အဲဒီအောက်မှာ အမည်နာမတစ်ခု
ငါတို့ပြန်ထုဆစ်ကြမယ် ...
လင်းပွင့်နေတဲ့နေရောင်အောက်မှာ...
......အိန္ဒြာ.........
September 11, 2009 8:10 AM
+++++++++++++++++++

Craton said...
“အဲသလို.. ငါ့စိတ်ကို ချောင်ပိတ်အရိုက်ခံရ..
အဲသလို ..ကမ္ဘာ့အဆင့်မှီ ကျဆုံးနေခဲ့ရ...”
..........
.....
.

သူ့ကဗျာကို လက်ရသိမ်းပိုက်ထားတဲ့မြို့မှာ
ကဗျာရေးသူ အိန္ဒြာဆိုတဲ့ ကဒ်ပြားထဲက အထောက်အားတွေမပါ...
အနီးအဝေး
စက္ကန့်မလပ်ထိန်းချုပ်မှုတွေအောက်မှာ
သူ့သွေးပြန်ကြောမထဲက နာ့ဗ်တစ်ခုချင်းစီ
ကဗျာတွေ တိုးဝင်ဝှေ့ဝိုက်...
ထက်အောက်စီးဆင်းနေတဲ့ သူ့ဦးနှောက်သွေးတွေလည်း..
မနှစ်မမြို့ခြင်းတစ်လှည့်...
စက်ဆုပ်ပူနွေးစွတ်စိုမှုတစ်ဖုံ...
တေဇောဓါတ်တွေနဲ့ အမြဲခုတ်မောင်းထားတဲ့
သူ့ကဗျာတွေ....
သူ့စိတ်ကူးတွေ....
စိတ်မကောင်းစွာ
မွန်းကြပ်ချုပ်လှောင်ခံရချည့်...

သို့သော်...
ဒီကဗျာတွေ သူရေးခဲ့တယ်...
သူဟာ ကဗျာရေးသူ...
လက်ရသိမ်းပိုက်ထားတဲ့
ပိတ်တီးပိတ်လှောင်ဒီမြို့မှာ
သူဟာ ဒီအတွေးတွေရှိခဲ့တယ်...
သူဟာ တကယ်တွေးရေးဖန်တီးခဲ့တယ်...
သူ့ကိုယ်သူ ဒိန်ခဲပျောက်ရှာသူတဲ့...
သူ့ကိုယ်သူ ပြန်ပေးဆွဲခံရတဲ့ညမှာ
သူဟာ ကြောင်စီဆွံ့အ နေခဲ့တာပဲဖြစ်မှာ

တကယ့်တကယ်က
အပေါ်ယံဆန်ဆန်
သူ့သံမဏိအရေပြားတွေအောက်...
သူ့နှလုံးအိမ်အခန်းအကန့်နက်နက်တွေထဲ
ညာလက်ကောက်ဝတ်အောက်
သူ့သွေးပြန်ကြောမတွေထဲ
သူ့စိတ်ဝိဉာဉ်အနှံ့
ကဗျာရနံ့စစ်စစ် အနှစ်တွေချည်းပဲ...
သူကွယ်ဝှက်ထားတဲ့ သူ့ငြိမ်းချမ်းမှုက
တစ်ထစ်လျှော့အခေါ်အဝေါ်တွေအကြား
မာနမျဉ်းပြိုင်တွေကျော်လွှားလို့
သူ့အဆောက်အဦပုံစာရွက်တွေအပေါ်ဆုံးမှာ
သူနဲ့အတူပဲ
ကပ်လျက်တည်ဆောက်ပြီးသားဖြစ်တယ်

သူသိသွားမှာပါ
သူ့ ၀ဋ်ကျင်းဆိတ်ဆိတ်လေးထဲ
သူ့ ထိန်းချုပ်မှုတချို့
အသားကျရင့်ကျက်ရင်း
ပျော်ရွှင်တဲ့ကဗျာရနံ့တွေပဲ အသည်းဆုံးအောင် ရှူရှိုက်နေရလိမ့်မယ်ဆိုတာ...။ ။

Craton
September 11, 2009 8:13 AM
+++++++++++++++++++

Craton said...
*အထောက်အထား (ပြင်ဆင်ချက်)
September 11, 2009 8:16 AM
+++++++++++++++++++

အိန္ဒြာ said...
ဟားဟား..

တယ်ဟုတ်ပါလား..ကာတွန်းလေးရ...

အလေးပြုတယ်....
အလေးပြုတယ်..
September 11, 2009 8:46 AM
+++++++++++++++++++

အောင်သာငယ် said...
ဘ၀က ကဒ်ပြားတွေလား...
ကဒ်ပြားတွေက ဘ၀လား...

လတ်လျားလျတ်လျားလုပ်တဲ့ တဘ၀လုံး
ကဒ်ပြား တဆုပ်နဲ့ ကျဆုံးရမလား...

ငါ့ညီမရေ့
ကဗျာတွေ သိမ်းပိုက်သွားတဲ့
အဲသည်တမြို့လုံးကို
သံပုရာသီးတလုံးနဲ့ညှစ်
သံပုရာရည်သာ လုပ်သောက်ပစ်လိုက်ပေတော့...း)
September 11, 2009 8:53 AM
+++++++++++++++++++

Zephyr said...
ကဗျာဆရာတွေလည်း စိတ်အချဉ်ပေါက်တိုင်း ၀ိုင် မဖြစ်ပေမယ့် ကဗျာတော့ ဖြစ်နေတာ ...။ အခုလည်းဇာတိပုည ဂုဏ်မာန နဲ့ သံပ ဟုန်းဟုန်း မန့်မလို့ အားယူလာတာ ....။ မမန့်တာကြာတော့ ကော်မန့်ရေးဖို့ စိတ်က ဟူးဟူးထန်ထန် (နတ်သျှင်နောင်ရဲ့ဟူးဟူးထန်ထန်ဖြစ်သည် ...၊ ထီလာစစ်သူရေးတဲ့(မူကွဲ ကူးတဲ့) ဟူးဟူးထန်ထန်မဟုတ်ပါ။)။ အို အသင်လောကထဲမှာ ကဗျာတွေရေးနေတာမမောဘူးလား အမတော် ....။ ပဲ့တင်သံမရှိတဲ့ ပင်လယ်ဘက်ကို လှည့်အော်လိုက်ရတာ စိတ်သက်သာပါရဲ့လား ....။ ဒါကိုပဲ ပြစ်ဒဏ်ဆပ်ဖြေခြင်း/ပြစ်ဒဏ်ဆပ်နေခြင်းလို့ ခေါ်မလား/မခေါ်ဘူးလား ....။ တောင်စွယ်မှာနေကွယ်တာဟာ နီယွန်မီးတွေအတွက် ပွဲတော်ည ဖဲကြိုးဖွင့်လွှတ်ခြင်းဆန်နေခဲ့တယ် ...။ မာယာရဲ့ ဒုတိယနာမမှာ ဘိသိက်လာအသွန်းခံနေရတဲ့ မိမိ ခင်များ သင် မင်း ခင်ဗျား ငါ သူတပါး နဲ့ မဒါတို့ဟာ တစ်လှေတည်းစီးဖော်စီးဖက် .. လှေတစ်ဝမ်းထဲဖောက်ဖော် ဖောက်ဖက်တွေလား ... ဖောက်ဖျက်ထားတဲ့ သစ္စာတရားအတွက် ခေတ်တစ်ခေတ်ကို ကျောတစ်ရာရင်တရာ ....ပေးမိတဲ့အခါ .... စိတ်တွေက ကျောရောရင်ပါနာတယ် ....။ မိတကွဲဖတကွဲ ဆိုတာ စစ်လား ... စီးပွားရှာခြင်းလား ... ၀င်ကစွပ်တွေတောင်မှ ကိုယ့်အိမ်မှာကိုယ်ပျော်ကြသတဲ့ ... လောကဓံရှစ်ပြားနဲ့ မှောက်မှားမိခဲ့တဲ့ လူဆိုတဲ့ ဘ၀ရဲ့ အနှေးရိုက်ချက်တွေ ပြေလျော့လာသံ .....။ ဒီကဗျာဟာ ... မဒါရေးတဲ့ အားလုံးရဲ့ပုံတူပန်းချီကားတစ်ချပ်ဖြစ်မယ်ထင်တယ် ....။ ဒီလောက် လေရှည်ရရင် ကျေနပ်ပါတယ် .. ကျေပါပြီ .... အထာနပ်တဲ့သူက .... စကားနည်းနည်းများပြီး ကဗျာနည်းနည်းစီ ပြီးတဲ့အထိဖတ်သွားပါတယ် ....။ အခုလို ကြုံကြိုက်တုန်းမန့်လိုက်တာ ... မိတ်ဖြစ်ဆွေဖြစ်ပါ ....။ နောက်အလျဉ်းသင့်တဲ့အခါ ဆေးဖြစ်ဝါးဖြစ် မန့်ပါဦးမယ် ...။ ....

ခင်မင်စွာဖြင့်
ကျီး
September 11, 2009 9:22 AM
+++++++++++++++++++

Kay said...
ကဗျာ ဆရာ ဖြစ်ကြောင်း..ကဒ် လိုလို့လား.. အိန္ဒြာရဲ့
စာပေလုပ်သား အဖွဲ့ဝင် ခဲ့ရင်တော့.. မသိဘူး။း)

(P.S- QS ကဗျာဆရာမ ထင်တယ်) :D
September 11, 2009 9:38 AM
+++++++++++++++++++

ကိုရင်နော်ခင်လေးငယ် said...
ခပ်ပြုံးပြုံး ကဗျာလေးက အဲ့ဒီ ကဒ်ပြားပေါ်မှာ တဖြေးဖြေး မဲ့မဲ့လာသလိုပဲ..

သွေးရူးသွေးတမ်းညတွေ လွန်မြောက်ပါစေ...
September 11, 2009 10:17 AM
+++++++++++++++++++

အိုင်လွယ်ပန် said...
ကဗျာနဲ့ မှောက်မှားခဲ့ ပြီးကြပြီပဲအစ်မရေ
ဘယ်လိုပဲ ခြောက်ခမ်းနေနေ
ကဗျာ ဆာလောင် တဲ့ သွေးတွေက
အချိန်တန်ရင်တော့ ကဗျာပဲ တောင်းပါလိမ့်မယ်
ပြန်အန်ရင်လည်း ကဗျာပဲ အန်ပါလိမ့်မယ်
ဆိုတော့ကာ
ဘာမှ သိပ်မပြောတော့ဘူး အစ်မ
ကဗျာပဲဖတ်သွားတယ် ... ။။

ခင်မင်လေးစားစွာဖြင့် ..
September 11, 2009 10:50 AM
+++++++++++++++++++

HAPPYCLOUD said...
အမရေ... သွေးရုးသွေးတန်းဖြစ်ဖြစ် ကယောင်ကတန်း ဖြစ်ဖြစ် ကဗျာ သွေးတွေးစီးနေတဲ့သူတစ်ယောက်ကတော့ လက်တင်တာနဲ့ ကဗျာ ဖြစ်လာတာပဲနော်...
ဖိုးမောင်
September 11, 2009 12:04 PM
+++++++++++++++++++

ဖိုးစိန် said...
ကဗျာဆရာမလေး ည သန်းခေါင်ထရေးတဲ့ ကဗျာလဲ
အဓိပါယ်ရှိ လှပသေသပ်နေတာပဲလေ....
ကဗျာတွေကို လက်ရသိမ်းပိုက်ထားလိုက်ပါ...
ပြီးတော့ အိန္ဒြာ လို့ နာမည်ရဲရဲကြီး တပ်ချကြည့်လိုက်ပါ
ဒီစာသားတွေနဲ့ ဒီကဗျာက အိန္ဒြာ ဆိုတဲ့ နာမည်ပေါ်မှာ
အမြဲတမ်း လှလှပပကြွားကြွားဝင့်ဝင့်ရှိနေမှာပါ..

ကဗျာပန်းလေးများ မမဆီမှာ အမြဲ ပွင့်လန်းနေပါစေ

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်
September 11, 2009 6:10 PM
+++++++++++++++++++

ကဗျာလှည်းလေး said...
အမရေ
တကယ်ဆို.. ငါ့နှလုံးသွေးတွေကို ခုတ်မောင်းပေးနေတဲ့ တေဇောဓါတ်တွေကိုက..ကဗျာပါ....
ငါ့ကဗျာတွေ ဘယ်သူသိမ်းပိုက်ထားသလဲ.....
ငါ့ကဗျာတွေ ဘယ်သူသိမ်းပိုက်ထားသလဲ.....
သွေးရူးသွေးတမ်းးးပဲ ...

ကဗျာလေးရော ကွန်မန့်တွေရော.. အရမ်းကြိုက်တယ်
September 11, 2009 9:46 PM
+++++++++++++++++++

Anonymous said...
ခင်ဗျား ကဗျာကို ဘယ်မြို့ကမှ လက် ရ မသိမ်းဘူး
ခင်ဗျားကဗျာကို ဘယ်မြို့ကမှ သက်မ မချဘူး..
ခင်ဗျားအနုပညာ ဘယ်မြို့ကမှ မကွယ်ဝှက်ထားဘူး
တကယ်တော့
ကဗျာရေးလို့မရဘူး
ကဗျာရေးလို့မရဘူး ...
....
အော်မနေနဲ့ ...
ကဗျာဆိုတာ .. လက်ယက်ခေါ်လို့လိုက်တဲ့ အတန်းအစားမဟုတ်ဘူး...
ခင်ဗျားကဗျာကို .. ခင်ဗျားကိုယ်တိုင် ထိုးသိပ်ထည့်ထားတာ....
+++++++++++++++++++






စိန်ခေါ်ပွဲ

လှုပ်နေတဲ့ အဲဒီအရိပ်ကိုမှ မိအောင်ဖမ်းချင်နေတာ
လက်နှစ်ဖက်ကိုဖြန့်၊ စူးစိုက်ကြည့်၊ လက်ချောင်းလေးတွေကိုလဲ လှုပ်ကစားကြည့်တယ်
‘စွမ်းနိုင်မလား’ အသံ ပဲ့တင်ထပ်
(ပဲ့တင်ထပ်) (ပဲ့တင်ထပ်) (ပဲ့တင်ထပ်)
ခေါင်းတချက်ဆတ်ကာ စိန်ခေါ်မှုကို တန်ပြန် စိန်ခေါ်လိုက်တယ်။

နှစ်နဲ့ချီပြီး ပျောက်ဆုံးနေတဲ့ ငါ့လိပ်ပြာ
ငါ အခုပြန်ရပြီ ဒီစိန်ခေါ်တိုက်ပွဲမှာ။ ။


ခင်အောင်အေး
၁၊ စက်တင်ဘာ၊ ၂၀၀၉

September 5, 2009

စာမျက်နှာပေါ်က ဆွဲဆုတ်ခံလိုက်ရတဲ့ ကဗျာများအကြောင်း

အသက်ရှင်မှုအတွက်
ကဗျာရေးတယ် ထင်သလား
စားဝတ်နေရေးအတွက်
ကဗျာရေးတယ် ထင်သလား
ကျော်ကြားမှုဆိုရင်
ဂုဏ်သတင်းဟာ ငါတို့လွှင့်ပစ်ထားတဲ့ဖဲ

ဘ၀တွေဟာ ငါတို့နဲ့ နီးလို့
ခံစားမှုက အတက်အကျ မြန်လို့
သဘာဝဟာ သမိုင်းဆန်လာတယ်
ပြတိုက်ထဲက ပြေးထွက်လာတဲ့
အသွေးအသားက တောက်လောင်
ဦးနှောက်က ဗြောင်းဆန်လာသောအခါ
ငါတို့ကဗျာတွေရေးကြတယ်။

ငါတို့ ညစ်ထေးပေမယ့်
ငါတို့ကဗျာတွေ မညစ်ကြေးဘူး
ယဉ်ကျေးမှုက စည်းဝိုင်းထားသလို
ပတ်ဝန်းကျင်က သိုင်းဝိုင်းထားတယ်
လိုအပ်ရင် ဖောက်ဖျက်ဖို့နဲ့
ဖောက်ထွက်ဖို့ကအဆင်သင့်
ငါတို့လက်တွေ လှုပ်မရသောအခါ
ငါတို့ပါးစပ်တွေဆွံ့အသောအခါ
ငါတို့ကဗျာတွေရေးကြတယ်။

နိုင်ငံရေးက ငါတို့မလွှင့်တဲ့အလံ
လှုံဆော်မှုက ပစ်ချထားတဲ့ သေတ္တာ
ခေတ်ထဲမှာ နေထိုင်ပြီး
ခေတ်ကို ပြန်တွန်းလှန်ဖို့
ငါတို့ကဗျာတွေရေးကြတယ်။

ရိုးသားမှုဟာ ငါတို့ကဗျာမှာ စီးဆင်းသွားတဲ့မြစ်
စေတနာဟာ ငါတို့ကဗျာရဲ့ ကျောရိုး
ကဗျာလိုတွေးပြီး ကဗျာလိုရေးတယ်
ပတ်ဝန်းကျင်ထိန်းသိမ်းရေး စိတ်မ၀င်စားဘူး
လေထုညစ်ညမ်းမှု ငါတို့မတွေးဘူး
ဘတ်စ်ကားစီးတယ်
လမ်းလျှောက်တယ်
သာမာန်လူတစ်ယောက်လို နေထိုင်တယ်
ငါတို့ချွေးကို ငါတို့စတေးထားပြီးပြီ
ငါတို့သွေးကို ငါတို့ရေးထားခဲ့ပြီးပြီ
မရိုးမရွ နှိုးဆွလာသောအခါ
နှာချေသလို ငါတို့ကဗျာတွေ
ချေထုတ်လိုက်တယ်။

ငါတို့ကဗျာဟာ ဗိုက်ဆာတတ်တယ်
ရေသောက်တတ်တယ်
တခါတလေ အရက်နံ့တွေ နံတတ်တယ်
ဆောင့်ကြွားကြွားနဲ့ အနော်ရထာလမ်းပေါ်
ဖြတ်လျှောက်သွားတာ (ရပ်ပ်ပါ) မဟုတ်ဘူး
ကဗျာဆရာ

မာနဟာ ငါတို့ရဲ့ဓား
ဆင်းရဲမှုဟာ ငါတို့ရဲ့ ချမ်းသာမှု
ခေါင်ခိုက်မနေဘူး
လောင်မြိုက်မနေဘူး
ကဗျာလိုတွေးပြီး ကဗျာလိုရေးတယ်
ဘယ်သူ့ကိုမှ မထိခိုက်သလို
ဘယ်သူ့ကိုမှ မဝေဖန်ဘူး
ကမ္ဘာအကြောင်းရေးတယ်
ကောင်းကင်းအကြောင်းပြောတယ်
ကြယ်တွေဟာ ငါတို့ဝှက်ထားတဲ့ အိပ်မက်
မြစ်တွေဟာ ငါတို့နင်းသွားမယ့်လမ်း
လူတွေဟာ ငါတို့နဲ့ အမျိုးတူသတ္တ၀ါ
အတ္တကို အတ္တချင်း
အနတ္တကို အနတ္တချင်း
ရှင်းမနေဘူး
ပိရမစ်ကို ပြောင်းပြန်လှန်သလို
ငါတို့ကဗျာတွေရေးတယ်
စိမ့်ဝင်သွားသလို ထိုးဖောက်မှုနဲ့
ငါတို့ကဗျာတွေရေးနေတယ်

ဒါ ငါပြောချင်တဲ့ ငါ့ကဗျာအကြောင်း
ဒါ ငါပြောချင်တဲ့ ငါ့အကြောင်း

ဒါ ငါပြောချင်တဲ့ ငါတို့ကဗျာဆရာတွေနဲ့
သူ့တို့ကဗျာတွေအကြောင်း

ပြီးတော့ ခင်ဗျား ကျွန်တော့်တို့ကဗျာကို
ဘာအကြောင်းပြချက်နဲ့ စာမျက်နှာပေါ်က
ဆွဲဆုတ်ပစ်လိုက်သလဲဆိုတဲ့အကြောင်း။ ။

တည်ရ


(သြဂုတ်လ၊၂၀၀၉ခုနှစ် ၊ စင်ကာပူနိုင်ငံထုတ်၊ သဇင်မဂ္ဂဇင်း)


(ကိုယ့်ဖီလင်နဲ့တိုက်ဆိုင်နေတဲ့ကဗျာလေးမို့..ခံစားမိရာကဏ္ဍကနေ..တင်ဆက်ပေးလိုက်ပါတယ်..။)