September 23, 2009

တကယ့်ကြယ်ကြီးတွေ ကြွေတုန်းက မတုန်လှုပ်ခဲ့တဲ့ နှလုံးသားက ဒီ ကြယ် မှုံမှုံ လေးကျမှ…..

ဝေးခဲ့ပြီပန်းခရမ်းပြာသီချင်းကိုတော့ လူတိုင်းကြားဖူးကြနှစ်သက်ကြမှာပါ..။
ဝေးခဲ့ပြီပန်းခရမ်းပြာသီချင်းကိုရေးခဲ့တဲ့ ကိုအောင်ဝင်းကိုတော့ လူတိုင်းရင်းနှီးချင်မှရင်းနှီးပါလိမ့်မယ်.။
ဆရာက ၂၃ရက်နေ့၊စက်တင်ဘာလ၊၂၀၀၉ ခုနှစ်မနက် လေးနာရီခွဲမှာဆုံးပါးသွားခဲ့ပါပြီ.။
"အောင်မြင်မှု နီးပါး လုပ်ဆောင်ခဲ့သူတို့ အကြောင်းကို သမိုင်းက မှတ်တမ်းတင်လေ့ မရှိပေ" တဲ့..။
ဒီဘလော့မှာ
ဆရာကိုခင်အောင်အေးရဲ့ ကဗျာတစ်ပုဒ်နဲ့ ကိုအောင်ဝင်းဆိုတဲ့ အနုပညာသမားတစ်ယောက်ကို မှတ်တမ်းတင်ခွင့်ရလိုက်တာအတွက် ဂုဏ်ယူမိပါတယ်..။
""ဆရာကိုအောင်ဝင်း.ကောင်းရာသုဂတိလားပါစေ.""

++++++++++++++++++++++++++++++++++++++++++


သူငယ်ချင်းရေ..
မင်းအလှည့်တဲ့လားကွာ ဘာလို့ ငါ့အလှည့်မဟုတ်ရတာလဲ
ဘာလို့ ဟိုကောင်တွေအလှည့်မဟုတ်ရတာတဲ့လဲ
ဘာလို့ မင်းနဲ့ငါ အလှည့် အတူတူမကျရတာတဲ့လဲ

ငါကဘာတရားနဲ့ဖြေရမှာလဲ
ငါ့မှာဘာတရားမှမရှိဘူး
အလကားကောင် ငဖျင်း ငကြောင်
ကိုမြင့်အောင် နေ့လည်က လှမ်းဆက်တယ်ကွာ
သူငယ်ချင်း ကိုအောင်ဝင်း ဒီမနက်အစောကြီးက ၄း၃၀ ကတဲ့

ကိုယ်မျှော်လင့်ထားပြီးသားပါ ဒါပေမယ့် ဒီလောက်ရုတ်တရက်ကြီးလို့မထင်သေးဘူး
သူငယ်ချင်းအခြေအနေ မြော်လင့်ချက်မရှိတာကို ကြိုသိပြီး ကြိုဝမ်းနည်းရုံကလွဲလို့
ဘာမှ လုပ်မပေးနိုင်ခဲ့တဲ့ အသုံးမ၀င်တဲ့ သူငယ်ချင်းတယောက်ပါကွာ
(နောင်ဘ၀ကျရင် ကိုယ်လိုကောင်မျိုး မင်း မပေါင်းလေနဲ့)

ကျောက်ပန်းတောင်းမှာ
ပုပ္ပါး အထွက်လမ်းမှာ
ဝက်အူချောင်းဆိုင်လို့အမည်ရတဲ့ တော/ဘီအီး အရက်ဆိုင်မှာ
ကိုယ့်ကို ပစ်ထားခဲ့တဲ့ အောင်ဝင်း
၁၉၉၄-၉၅ ပင်လယ် ကာလတွေတုန်းက
ဆူးလေ-အင်းစိန် ဟိုင်းလပ်ကားခေါင်မိုးပေါ်အတင်းတက်ခိုင်းပြီး
ကိုရဲလွင်အိမ်မှာမူးမူး နဲ့သွားအိပ်ဖို့ခေါ်သွားတဲ့ အောင်ဝင်းပေါ့
ဘူတာကြီး ကုန်တွဲတွေထိုးတဲ့သံလမ်းပေါ် ဂြိုဟ်ကျပြီး ကိုယ်လှဲအိပ်နေတော့
ဟိုကောင်တွေက ‘ပစ်ထားလိုက်’ ဆိုတာကို မနေနိုင်ပဲ
ရထားမလာခင် ပလက်ဖောင်းပေါ်ပြန်ဆွဲတင်ခဲ့တဲ့ ကောင် အောင်ဝင်းပေါ့

ကောင်းတာတကွက်မှ မရှိခဲ့ပါဘူး
(တယောက်ချင်း တခြားနေရာတွေမှာ သီးခြားစီ
လူရိုသေရှင်ရိုသေ နေမိလုပ်မိတာတွေရှိကောင်းရှိပေမယ့်)
နှစ်ယောက် ပေါင်းလို့တခါမှ ကောင်းတာမလုပ်ခဲ့ပါဘူး
ဒို့ ကောင်းတာက “ ကောင်းတာ” မှာပဲ ကောင်းခဲ့ကြတာလေ
တခွက်ပြီးတခွက် ကောင်းခဲ့ကြ တပြားပြီးတပြားကောင်းခဲ့ကြ တလုံးပြီး နောက်တလုံး ကောင်းခဲ့ကြ
မသောက်ရင် ခုပဲ လဲသေတော့မလို သောက်ခဲ့ကြ ကောင်းခဲ့ကြတာကလား..

သူငယ်ချင်းရဲ့ သောက်တယ်ဆိုတာကလဲ အကြောင်းရှိပြီကော
ကြိုက်လို့သောက်တယ်ဆိုတာလောက်တော့ ‘ခွေးသိ’ သိ တာမို့ ထည့်မပြောတော့ဘူး
တခါက သူငယ်ချင်းလား ကိုယ်လား ခဏနားထားလို့ မသောက်တော့ဘူးဆိုတာ
မသောက်ပဲ ထိုင်နေကြတာ ဘာစကားမှလဲ ပြောမရပဲ အူကြောင်ကြောင်ဖြစ်လာတဲ့အဆုံး
ဘာမှမပြောပဲ လက်ဖက်ရည်ဆိုင်က ထခဲ့ကြတယ်
ဘယ်သွားမယ်လဲ တယောက်ကိုတယောက်မပြောပဲ
ဘူတာရုံလမ်း သောက်နေကျ ဆိုင်ထဲ ရောက်မှ တခွက်စီဝင်မှ စကားဆက်ပြောလို့ရကြတာကလား
(ဘ၀မှာ အူကြောင်ကြောင်မဖြစ်အောင် မလွှဲမရှောင်သာသောက်ရတာလို့ မျက်နှာပြောင်ခဲ့ကြသေး)

သူငယ်ချင်း….
တို့နဲ့ ဘက်မညီတဲ့ ကောင်းကင်ကို ငါတို့ရခဲ့ကြတယ်
တို့နဲ့ မကိုက်တဲ့ ရာသီဥတုတွေ ငါတို့ရခဲ့ကြတယ်
တို့နဲ့ ညှိလို့မပြေပြစ်နိုင်တဲ့ လူ့အသိုင်းအ၀ိုင်းကို ငါတို့ရခဲ့ကြတယ်
တို့ တကယ်မချစ်နိုင်တဲ့လူတွေကြားထဲ မှာ အောင့်သက်သက်ပြုံးပြခဲ့ကြရတယ်
တို့ ဘာတတ်နိုင်ကြသလဲ
တို့ ပုစွန်တောင်ကိုပြေးခဲ့ကြတယ်
တို့ ၄၂ လမ်းကိုပြေးခဲ့ကြတယ်
တို့ ဘူတာရုံလမ်းတွေ မြေနီကုန်းတွေပြေးခဲ့ကြတယ်

လေးယောက်ပေါင်းလို့မှ သုံးတန်းမအောင်ဘူးဆိုတဲ့ ဟာသလို
တို့သုံးယောက်လေးယောက်ပေါင်းမိရင် ပြည်သူ့နီတိအတန်းမှာ စာမေးပွဲတဖုန်းဖုန်းကျတယ်

ရိုးရိုးလေးပါ သူငယ်ချင်းရာ
မင်းဟာ..နံမယ်ကြီးတယောက်မဟုတ်ဘူး
(အဲဒါကပဲ ကိုယ့်အတွက် လွမ်းစာဖွဲ့လို့ကောင်းစေတယ်)
မင်းမှာ ဘာရာထူးဌာန္တရ မှ မရှိဘူး(တက္ကသိုလ်မှာ ကတိကဆိုလားကလွဲလို့)
ဘာပကာသနမှ မရှိဘူး(မင်းအိမ်မှာလိုက်အိပ်တော့ လက်ဖက်အိုးကြီးတွေ မမေ့နိုင်စရာ)
မင်းကိုခွာချလိုက်ရင် ဘာရှိမလဲ သူတို့မသိခဲ့ကြပါဘူး
မင်းကိုယ်မင်း အမှုန့်ထောင်းပြီး အရည်ညှစ်ခဲ့တယ် သူတို့မသိခဲ့ကြပါဘူး
မင်းမှာ တောက်စားတဲ့ အနုပညာလိပ်ပြာ ရောင်စုံတွေ သူတို့မမြင်ခဲ့ကြပါဘူး

ဒါပေမယ့်..
ကိုယ့်အိမ်ထောင်ရေးဘ၀မှာ ထင်ရှားတဲ့ ဒဏ်ရာ ၃ - ၄ ချက် ရှိခဲ့မယ်ဆိုရင်
တချက်က မင်းပါပဲ သူငယ်ချင်း
ကိုယ့်ရဲ့ ကဗျာဆရာဘ၀မှာ အကျေနပ်ဆုံး ကဗျာ ၃ - ၄ ပုဒ် ရှိမယ်ဆိုရင်လည်း
အဲဒီ တပုဒ်က မင်းပါပဲသူငယ်ချင်း

မင်းရယ်ငါရယ် ကေမြိုးရယ် ကိုမြင့်အောင်ရယ် ကိုဆန်းထွန်းရယ်
တတွဲတွဲ သူငယ်ချင်းတွေ ကိုဆန်းထွန်းကလွဲရင် ကျန်လေးယောက်က
တဆိုဒ်ထဲ ပုလင်းဗူးဆို့တွေ
နောက်ပင်လယ် ကာလကျတော့ ပလိန်၊ လေးဆယ့်ငါးနှစ်သားကြီးစစ်တင်နဲ့
ဘ၀ထိုထို လှကို ပါတိုးလာတယ်

ပင်လယ် ဇာတ်ထုပ် ငါတို့ကကြတယ်
ကိုယ်ပိုင်ကမ်းခြေ အသီးသီးတို့အတွက် အော်ပရာတွေတင်ဆက်ခဲ့ကြတယ်
မင်းက မဇ္ဇိမလှိုင်း နဲ့ တေးသံစဉ်တွေ ရိုက်ပုတ်ဆော့ကစားခဲ့တယ်
(ကိုရဲရေ..ခင်ဗျားကိုကျုပ်ဖက်ငိုချင်တယ်ဗျ အခု မုချ ဆတ်ဆတ်မှာ )

ပြောစရာထွေထွေထူးထူးမရှိပါဘူး သူငယ်ချင်းရာ
မင်းခုလိုခရီးရှည် ကြီးမထွက်ခင် နှစ်ကာလ တွေမှာ မဆုံဖြစ်ကြတဲ့ အဖြစ်သနစ်ကသာ
မင်းနဲ့ပတ်သက်လို့ ကိုယ်ဖြေရခက်တဲ့ အခက်တခုပါ

ဇော်ဇော် ရေ..ကိုမင်းသိန်းရေ..
လက်ပပြားက ကျောင်းဆရာ ကိုအောင်ခိုင်ရေ..
ကိုအေးကျော်(မောင်ကြည်သစ်)ရေ..
ဆရာဇံ (နန္ဒာသိန်းဇံ) ရေ..
ကိုခင်ဝမ်းရေ..ကိုကျော်စိုးရေ…
ဖိုးအောင်ဝင်းက လို့ ပြောလေ့ရှိတဲ့ ကိုဒီ ရေ..
ကိုယ် တ,မိ တ,ရာ တ, ရတော့တယ်..(ကယောင် ကတမ်းနဲ့)

အခုည ၁၉းး၃၀ ဘန်ကောက်စံတော်ချိန်
ကိုယ်စ သောက်နေပြီသူငယ်ချင်း
ဘာကမှ ကိုယ်တို့ကိုမကယ်နိုင်ဘူးသူငယ်ချင်း
(ဘာကမှလဲ ကိုယ့်ကိုမဆုံးမ နိုင်တော့ဘူး ဒီညအဖို့..)
ကယ်ခြင်းတရားဟာ ဘယ်သူ့ကိုမှ တကယ်မကယ်နိုင်ဘူး
ကိုယ်နည်းနည်းသိတယ် ထင်မိတဲ့ဒသနတွေ
ကိုယ်နည်းနည်း ခံနိုင်ရည်ရှိမယ်ထင်တဲ့ စိတ်လေ့ကျင့်ခဏ်းတွေ
ကိုယ်နည်းနည်း လူဝါးဝ ပြောဘို့ကြိုးစားတဲ့ ရင့်ကျက်ပြီ ဆိုတဲ့ စကားလုံးမျှသာတွေ
မင်းနဲ့ ကိုယ်နဲ့ကြားက ရှင်းပြစရာမလိုတဲ့ ပြောချင်ရာပြောလို့ရတဲ့ ဘာသာစကားတွေ
မင်းရောကိုယ်ရော မူးနေမှ တကယ့်တကယ်ရှောင်လွှဲပြီးသားဖြစ်မယ့်
အများအခေါ် လောကဓံဆိုတဲ့ အရာ..

ကေမြိုးဆုံးတော့ ရေဝေးသုသန်မှာ
မှတ်တမ်းစာအုပ်မှာ ဥာဏ်ပေါ်(မင်းလူ) က ရေးတယ်
“ဟို ရောက်ရင် ၀င်းမော်ဟန်နဲ့ တည့်အောင်နေ..” တဲ့

ခု မင်း ဒီခရီးရှည်ကြီးကိုထွက်သွားပြီဆိုတော့
ကိုယ့်မှာ ဘာမှာလို့မှာရမှန်းမသိ ယောင်ချာချာ ဖြစ်ရတယ်
ကိုယ် ဒါကိုပဲ သံယောင်လိုက်ပြောရတော့မယ်
“ဟိုရောက်ရင် ကေမြိုးနဲ့တည့်အောင်နေပါ သူငယ်ချင်း..”

မိုက်ကယ်ဂျက်ဆင် တလောကသေတော့ တကမ္ဘာလုံး အုတ်အော်သောင်းနင်း..
မင်း သေတော့ (သူ့အရွယ်ပဲ) ဗမာပြည်မှာ ကျောက်ပန်းတောင်းမှာတောင်လှုပ်တုတ်တုတ် ဖြစ်ရဲ့လား
သူငယ်ချင်း..
ဖြစ်နေကျ ဓမ္မတာလိုလို မသာတစ်ခေါက်ကျောင်းဆယ်ခေါက်သမားတွေက
မင်းအသုဘ စည်ကားရေးမှာ အုတ်တချပ် သဲတပွင့် သရုပ်ဆောင်ကပြကြလိမ့်မယ်
အဲဒီထဲမှာ ကိုယ်က ဝေလေလေ အခန်းကတောင် ပါဝင်ခွင့်မရှိပဲ မင့် နောက်ဆုံး ခရီးဟာ
(အာရုံမြင်သဘောအရ ကိုယ်မြင်နေရတယ်) ပြီးမြောက် အောင်မြင် သွားလိမ့်မယ်

အေး… ကိုယ့်တကိုယ်ရေ ဘ၀မှာတော့
မင်း လူ့လောကကိုကျောခိုင်းသွားပြီဆိုတဲ့ သတင်းက
နိုင်းအလဲဗင်း ဆိုလဲဟုတ်တယ်
ဆူနာမီဆိုလဲ ဟုတ်တယ်
နာဂစ်ဆိုလဲ ဟုတ်တယ်
အခြားအမည်မသိ ဂြိုဟ်သားတွေနဲ့ စစ်ပွဲဆိုလဲဟုတ်တယ်

ဆောရီးကွာ..
သိပ် ပုဂ္ဂလ ဓိဌာန်ဆံသွားတယ်
ဆံသ ဆိုင်မှာ ပြောကြဆိုကြတာမျိုး
ဆိုင်းသံ ဗုံသံ ခပ်တိုးတိုးနဲ့
ဆိုးသွမ်းလူငယ်ဆိုတာ ဟိုတခေတ်က
ဆဲသံဆိုသံကြားက တခုခု ဖြစ်အောင် ဖောက်ထွက်ခဲ့ကြရတာမျိုး
ဆယ်သိန်း သိန်းနှစ်ဆယ်ဆိုတာ နယ်က ရန်ကုန်တက်လောက်ရုံ ခုခေတ်ကြီးမှာ..
ဆက်သား အရေးကြီးတယ် သူငယ်ချင်းရေ…

အေး ဟိုဘက်မှာ..
ဆက်သား အလွယ်တကူရှာမရရင်လဲ
ဆတ်သားခြောက်သာ အရင်ပို့လိုက်ကွာ..
ဇေယျာလင်း ဒီညတိုက်မယ့် အရက်နဲ့ သိပ်လိုက်မှာပဲ..
(မင်းရဲ့ပြုံးတုံ့တုံ့ပါးစုံ့ ကြီးတွေ မို့တက်လာမှာမြင်ယောင်ရင်း…)

သူငယ်ချင်း အဲဟိုကပဲ စောင့်တော့..
ကိုယ်တို့လဲ မကြာတော့ပါဘူး။ ။

ခင်အောင်အေး
၂၃၊ စက်တင်ဘာ၊ ၂၀၀၉ ဘန်ကောက်စံတော်ချိန် ၂၁း၂၀


..ကိုယ်ဒီကဗျာကိုအဆုံးသတ်တဲ့အချိန်မှာကိုခင်ဝမ်း သီချင်းဖွင့်ထားတယ် ဘယ်..ဆီ..ဘယ်..၀ယ်…ဘယ်..ဆီ..ဘယ်…၀ယ်….

20 comments:

ကိုရင်နော်ခင်လေးငယ် said...

တစ် ဆိုပြီး အရင်ရေးထားလိုက်မယ်.. (သူများလုပ်သလို)

အရုပ်ကလေး said...

ဒါဆို အနော်က ၂ပေါ့ .. ဟိ

ကဗျာကို လေးက ပေးစွမ်းမှုအပြည့်ပါပဲ ..
ခံစားမှုဖြစ်တည်ရာ လူ့စိတ်မှာ သေခြင်းတရားနောက်
တကောက်ကောက်လိုက်ရမဲ့ လူတွေကြား
ဗျာများခြင်းတွေနဲ့ လွန်ဆန်မရတာ ..အဲဒါ အနီးဆုံးအရာဆိုတာ .. မြင်ပါများ ကြားပါများ
မြင်ခြင်း ကြားခြင်းတွေနဲ့ ဘယ်အချိန်များ အဲလမ်းသွားရမလဲ တွေးရင်းတွေးရင်း နီးလာပြီ ..။



.....
..........
idulize (အရုပ်ကလေး)

Mogok Thar said...

အော် အရေးထဲ တစ်ဦးသူနဲ့ လာတိုးနေပါသော်ကော။

သီချင်းရေးဆရာ (ကျွန်တော်အမှန်အတိုင်း ၀န်ခံရရင်တော့ ဝေးခဲ့ပြီ ပန်းခရမ်းပြာ သီချင်းနဲ့ ဆိုသူကိုပဲ သိခဲ့တာ။ သီချင်းကို စ ဖန်တီးပေးခဲ့တဲ့ တေးရေးဆရာကိုတော့ မသိခဲ့ဘူး) အနုပညာရှင်တစ်ယောက် ရှောင်လွဲမရတဲ့ လမ်းဆုံးတစ်ခုကို လျှောက်သွားခဲ့တာ။
ဆရာခင်အောင်အေးရဲ့ စာကလေးကို ဖတ်ရင်း၊ ခုမှ ကြားသိရတဲ့ အနုပညာရှင်တစ်ယောက်ကို နှမျော တသလာမိတယ်။

တစ်ခုပဲ ပြောနီုင်တော့တယ်ဗျာ။

ဆရာကိုအောင်ဝင်းတစ်ယောက် ကောင်းရာသုဂတိလားပါစေ။

Mogok Thar said...

နှစ်မရပဲ သုံးတဲ့ဗျာ။

Mogok Thar said...

အဲ သုံး၊ လေး
မသိတာမေးတဲ့
ဆရာအောင်ဝင်းကို ဂါရ၀ပြုတဲ့ အနေနဲ့ ဆက်မန့်မယ်ဗျာ

ကိုရင်နော်ခင်လေးငယ် said...

သေခြင်းတရားဆိုတာ သူ့အလည့်နဲ့သူပါလားနော်...
ဆရာခင်အောင်အေးရဲ့ ခံစားချက်တွေက စိတ်မကောင်းစရာပါပဲ..

ဝေးခဲ့ပြီပန်းခရမ်းပြာသီချင်းလေးကို ပြန်လည်ခံစား နားထောင်ရင်း တေးရေးဆရာ ကိုအောင်ဝင်း ကောင်းရာသုဂတိလားပါစေလို့.. ဆုတောင်းလိုက်ပါတယ်..

Mogok Thar said...

သုံး၊ လေး၊ ငါးထိ ကျနော် ပါပဲလား။

တို့နဲ့ ဘက်မညီတဲ့ ကောင်းကင်ကို ငါတို့ရခဲ့ကြတယ်
တို့နဲ့ မကိုက်တဲ့ ရာသီဥတုတွေ ငါတို့ရခဲ့ကြတယ်
တို့နဲ့ ညှိလို့မပြေပြစ်နိုင်တဲ့ လူ့အသိုင်းအ၀ိုင်းကို ငါတို့ရခဲ့ကြတယ်

(တို့ မညီမျှခြင်းတွေနဲ့ အတူတကွ ညီမျှခဲ့ကြတယ်)

Mogok Thar said...

ရိုးရိုးလေးပါ သူငယ်ချင်းရာ
မင်းဟာ..နံမယ်ကြီးတယောက်မဟုတ်ဘူး
(အဲဒါကပဲ ကိုယ့်အတွက် လွမ်းစာဖွဲ့လို့ကောင်းစေတယ်)

မင်းကိုခွာချလိုက်ရင် ဘာရှိမလဲ သူတို့မသိခဲ့ကြပါဘူး
မင်းကိုယ်မင်း အမှုန့်ထောင်းပြီး အရည်ညှစ်ခဲ့တယ် သူတို့မသိခဲ့ကြပါဘူး
မင်းမှာ တောက်စားတဲ့ အနုပညာလိပ်ပြာ ရောင်စုံတွေ သူတို့မမြင်ခဲ့ကြပါဘူး

(ဆရာအောင်ဝင်း ရဲံ အနုပညာကို ဝေးခဲ့ပြီပန်းခရမ်းပြာ သီချင်းတစ်ပုဒ်ထဲ သိလိုက်ပေမဲ့ အဲဒီ သီချင်းတစ်ပုဒ်က ရင်ထဲမှာ အမြဲ ငြိတွယ်နေခဲ့လေတော့ ဆရာူအနုပညာကို လေးစားပြီးသားပါ။ ဆရာ့ကို နှမျောတသ ကြေကွဲနေသူတွေနဲံ ထပ်တူ ကြေကွဲရင် ဆုတောင်းမေတ္တာပို့ပါတယ်ခင်ဗျာ)

Mogok Thar said...

ဆယ်သိန်း သိန်းနှစ်ဆယ်ဆိုတာ နယ်က ရန်ကုန်တက်လောက်ရုံ ခုခေတ်ကြီးမှာ..
ဆက်သား အရေးကြီးတယ် သူငယ်ချင်းရေ…

အေး ဟိုဘက်မှာ..
ဆက်သား အလွယ်တကူရှာမရရင်လဲ
ဆတ်သားခြောက်သာ အရင်ပို့လိုက်ကွာ..

(ကဲ ၀န်းနည်းပူဆွေးခြင်းတွေကို ဆရာခင်အောင်အေးတို့ ၀ိုင်းမှာ ဒီကနေပဲ အရည်ဖျော်ချသွားတော့မယ်ဗျာ။ အင်း ဆက်သား မရလေတော့ ရတာလေးနဲ့ပဲပေါ့ဗျာ။ နော)

ဆရာကိုအောင်ဝင်း ကောင်းရာသုဂတိလားပါစေ

Mogok Thar said...

အဲဗျာ ပြန်ဖတ်လိုက် ပြန် မန့်လိုက်နဲ့ လုပ်နေတာ
အခုလို ထပ်တူ ၀မ်းနည်းကြေကွဲစွာ ပို့စ်တစ်ပုဒ် မှတ်တမ်းတင်ပေးတဲ့ မအိန္ဒြာကိုတောင် ကျေးဇူးတင်စကား မပြေရသေးဘူး။
အမ အိန္ဒြာရေ....
ခုလို မှတ်တမ်းတင်ပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ်။
ထပ်တူလဲ ၀မ်းနည်း စိတ်မကောင်း ဖြစ်ရပါတယ်။

ဆရာကိုအောင်ဝင်း ကောင်းရာသုဂတိလားပါစေ

အရုပ်ကလေး said...

နောက်တစ်ခေါက် ထပ်လာဖတ်တယ် ..

မျှော်လင့်ခြင်းရောင်နီတွေ ကွယ်ပျောက်လို့ လူ့ဘ၀ကိုကျောခိုင်း စိတ်သမိုင်းက ကြွင်းကျန်ရစ်
အဲဒါ အစစ် .. အစစ် ...။

လက်ရှိနေရာကနေ ပြန်ရေရင် ၁၁ ..
စာဖတ်သူ မောင်နှမများ အားလုံး ၁၁မီးငြိမ်းပါစေလို့ ဆုတောင်းပါ၏ ..။

ko said...

တခါတရံမှာ..အိမ်မက်လို..
ပင်ညိုညိုရိပ်တွေ..မြရွက်စိမ်းစိမ်းတွေ
ဘယ်ဆီမှာလည်းမသိတော့ပါ..
ဝေးခဲ့ပြီ..ပန်းခရမ်းပြာရေ..

ခရမ်းပြာရေ..အမျှ..အမျှ..အမျှ..လို့သာ

MANORHARY said...

မြက်ခင်းစိမ်းနဲ့တဲငယ်လေး ကိုရော
သူရရှိသွားရဲ့လား
သူ့အိပ်မက်တွေစိမ်းလန်းခွင့်ရသွားရဲ့လား
သူ့ဒဿနတွေ ဟန်ကျပန်ကျနေရချပေးလိုက်ကြစို့ရဲ့။
may your soul be rest in peace
KO AUNG WIN !!
(ကြယ်မှုန်မှုန်လေးဆိုတာက ဝေးနေလို့ဖြစ်ပါလိမ့်မယ်
အလင်းနှစ်သန်းပေါင်းများစွာ... တကယ်တော့ သူလည်း ကြယ်တစ်ပွင့်ပါပဲ သူ့ကိုအနီးကပ်ကြည့်မယ်ဆိုရင် သူသည်လည်း....
.......................)

ဆောင်းယွန်းလ said...

အနုပညာစစ်စစ်တွေနဲ့ လင်းလက်ခဲ့တဲ့ကြယ်တွေ..
ကြယ်တွေ တဖြုတ်ဖြုတ် ကြွေသွားခဲ့ကြတယ်
အဲဒီကြွေသွားခဲ့ကြတဲ့ ကြယ်တွေက ဆက်လက်လင်းလက်နေခဲ့ဆဲပါ...ကြွေသွားတဲ့ကြယ်တွေရဲ့ အလင်းက ကျန်ခဲ့တဲ့ကြယ်တွေရဲ့အနားမှာ တဖျပ်ဖျပ်လင်းဆဲ လက်ဆဲပါပဲလေ.....

လင်းဒီပ said...

ကြယ်တွေကြွေသွားလည်း အလင်းကတော့ ကျန်နေတုန်းပဲလေ....
အလင်းနှစ်များစွာ ကွာဝေးတာကိုး...

မယ့်ကိုး said...

ကဗျာလေး ကောင်းလိုက်တာ မရယ်။ ကြယ်မှုန်မှုန်လေး ကြွေလည်း လူတွေက တသကြပါတယ်။
မိုးစက်မိုးပေါက်တွေ ကြွေရင်ရော။
ဖြုတ်ကနဲ ဖြတ်ကနဲ။ သဲသောင်ပေါ်ကြွေသွားတဲ့ မိုးမှုန်ငယ် မယ်များ ဖြစ်မလားမသိဘူးနော်။
မလန့်နဲ့နော် မ ။အခု ဟုတ်သေးဘူး =)

Julian said...

ကိုယ်လည်းဟိုရောက်ရင် ဘယ်သူနဲ့တည့်အောင်နေရင်ကောင်းမလဲ

မတည့်တာကခပ်များများလေ

အဲလိုတွေမရေးကြပါနဲ့ လူကနဂိုကမှအလကားနေရင်း စိတ်အားငယ်နေရတဲ့ကြားထဲတစ်ယောက်ပြီးတစ်ယောက်
ကြယ်တွေတစ်ခုပြီးတစ်ခု

ဝမ်းသာစရာက ကိုယ်ကကြယ်တစ်လုံး(အသံတုဆရာမဟုတ်ပါ) မဟုတ်တာဘဲ

ဝမ်းနည်းစရာက ဟိုရောက်ရင်သူတို့ကိုဘယ်မှာသွားရှာရမလဲဟင်

ဒါဒါ အတည်ရေးတဲ့စာကို လာနောက်နေတယ်လို့စိတ်မငြို (ညိုလို့မပေါင်းရဲပါ ဖိုးစိန်လာလုမှာစိုးလို့ ) လိုက်ပါနဲ့

ဒီလိုလေးမှမရေးရရင် ထွက်ပေါက်ဆိုတာတောင်မပေါင်းတတ်တော့လို့ပါ

ချစ်ခင်သော - မဂျူ

HAPPY CLOUD said...

ပန်းခရမ်းပြာအတွက် တသက်တာ ဂုဏ်ယူထိုက်ပါတယ်။
ကျနော့်ဘ၀မှာ Country Fox လက်ခတ်လေးရဲ့ အစသီချင်းကို ပြောပါဆိုရင် “ဝေးခဲ့ပြီး ပန်းခရမ်းပြာ” သီချင်းပါပဲ။ ကျနော်တို့ တစ်ဘ၀လုံးစာရဲ့ အမှတ်တရ သီချင်းတစ်ပုဒ်အဖြစ် ဆက်လက်ရှင်သန်နေမှာပါ။ ပန်းခရမ်းပြာ တစ်ယောက် ကောင်းရာ သုဂတိလားပါစေ။

မိုးမောင်

ဇေဇော် said...

ဟား... ဒီအတိုင်းသာ ကြယ်တွေ တဖြုတ်ဖြုတ်ကြွေနေရင်တော့ မကြာဘူး... ငါတို့ ညကောင်းကင်ကြီး မှောင်အတိကျတော့မယ်...။ ကြယ်စင်တို့ရေ... အလှတရားကိုမေ့လျော့လို့ သူ့ထက်ငါ အလျင်စလို အိပ်တန်းတက်ချင်နေတဲ့ ငှက်တွေကြောင့်များ ဒီကမ္ဘာမြေပေါ်က မှောင်မိုက်တဲ့ သေခြင်းတရားထဲ သင်တို့ တဝေါဝေါ ခုန်ဆင်းနေကြလေရော့သလား...။ တကယ့်ကိုပဲ ငါတို့ဘ၀ထဲမှာ ကြယ်စင်တွေ ကြွေပေါင်းများလှပါပြီ...။ ကြယ်မှုန်မှုန်လေးရေ... သင်ဟာ မတောက်ပခဲ့ဘူးဆိုရင်တောင်မှ ကောင်းကင်ဘုံတစ်နေရာကနေ ဒီကမ္ဘာမြေဆီကို ပင်လယ်ကို သယ်ဆောင်ခဲ့တာပဲ...၊ ဒီကမ္ဘာမြေပြင်ပေါ် ခရမ်းပြာပန်းတွေ ပွင့်လန်းစေခဲ့တာပဲ မဟုတ်လား...။ လူသားမျိုးနွယ်အစဉ်အဆက် ဒီကမ္ဘာမြေပေါ်မှာ ခရမ်းပြာပန်းပွင့်လေးတွေ စီးဆင်းနေတာကို မြင်ရတိုင်း ကောင်းကင်ဘုံတစ်နေရာမှာ တချိန်တခါက တောက်ပခဲ့ဖူးတဲ့ ကြယ်မှုန်မှုန်လေးကို လွမ်းဆွတ်ဦးညွှတ်နေကြမှာပါ...။ သင့်လောင်ကျွမ်းမှုအတွက် ငါတို့မျက်ရည်တွေနဲ့ ပေးဆက်ပါရဲ့...။ သင် ဆောင်ယူခဲ့တဲ့ ခရမ်းပြာပန်းပွင့်တွေကို နောက်ထပ် ဝေးလွင့်မသွားစေဖို့ ငါတို့မျက်ရည်များနဲ့ နှလုံးသားထဲ စိုက်ပျိုးပါရဲ့...။ မြင့်မြတ်သော ဘုံဘ၀၌ အေးငြိမ်းစွာ တောက်ပပါလေတော့ ...။

ခင်အောင်အေး said...

၂ နှစ်ပြည့်သွားခဲ့တဲ့ ဒီနေ့ဒီအချိန်မှာ ဒီကဗျာကိုပဲ ကိုယ့်ဖေ့စ်ဘုတ်မှာ ပြန်တင်ဖြစ်တယ် သူငယ်ချင်း ခွင့်လွှတ်ပါတော့ကွာ မင်းအတွက် တကယ်ပဲ ကိုယ်ဘာမှ မလုပ်နိုင်ပါလား ကောင်းမှုလဲ မလုပ်နိုင်ဘူး မကောင်းမှုလဲ မလုပ်နိုင်ဘူး စိတ်ကိုမသိနိုင်တဲ့ အရာတခုခုက တုပ်နှောင်ထားတာ ခံနေရသလို ယုတ်စွအဆုံး ကဗျာလေး ၂ ကြောင်း ၃ ကြောင်းတောင်ရေးလို့မရအောင်ပါပဲ သူငယ်ချင်း ..ဒို့တွေ ပြန်ဆုံကြအုန်းမလား..ဘယ်တော့မှ မဆုံနိုင်ကြတော့ဘူးလား..ဒါ ငါတို့ရတဲ့ လောကရဲ့ လက်ဆောင်ပဲလား..မင်းသာရှိနေသေးရင် ရေးဖြစ်ကောင်းရေးဖြစ်မယ့် သီချင်းတပုဒ် (ကမ္ဘာပေါ်မှာ ဘယ်တုန်းကမှ မရေးဖြစ်လိုက်ခဲ့၊ မပေါ်ထွက်လိုက်ရတဲ့)ကို စိတ်နားနဲ့ကြားယောင်ရင်း..မင်းကိုလွမ်းခြင်း ...“လွမ်းချင်း“ ပါပဲ သူငယ်ချင်းရေ..