September 26, 2009

ငါ့မျက်ရည်နဲ့ ကျစ်တဲ့ကြိုး


ဒီဝတ္ထုလေးက မဟော်သဓါမဂ္ဂဇင်းမှာ စာပေစိစစ်ရေး ကပယ်ခဲ့ပြီး..
မဟေသီမဂ္ဂဇင်းမှာမှ ပုံနှိပ်ဖေါ်ပြခွင့်ရခဲ့တဲ့ ၀တ္ထတိုလေးပါ..။
ဘလော့မှာတော့ မတင်တော့ဘူးစဉ်းစားထားပေမယ့် တင်စရာလည်းမရှိ.. ၊ အသစ်လည်းမရေးနိုင်လို့....

+++++++++++++++++++++++++++++++++++++++++++++++++

( ၁ )

တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ထားကြတဲ့လက်ဖ၀ါးနှစ်ဖက်က တရှိန်ရှိန်အနွေးဓါတ်ဟာ မေတ္တာတွေ ပေါ့မောင်ရဲ့
ကဲ ....ဘယ်လောက်ပဲမှောင်ပစေစမ်း..၊ တို့မေတ္တာနဲ့ အလင်းညှိပြီး အရီးဆက်ကြမယ်..။
အချစ် နာကြင်ရှိုက်ငင်နေတုန်းလား..၊ မလောင်မြိုက်နဲ့တော့ကွယ်..၊ မကြွေကွဲ မနာကျည်းနဲ့တော့ ၊မရွံရှာ မကြောက်ရွံ့နဲ့တော့...။Justify Full
ဇနီးမောင်နှံဆိုတာ... တစ်ယောက်မျက်ရည် တစ်ယောက်သုတ်ကြဖို့...။ တစ်ယောက်အမောကို တစ်ယောက်ချွှေး သိပ်ဖို့...။
တစ်ယောက်ဒါဏ်ရာကို တစ်ယောက် ကုစားဖို့...။ဟုတ်တယ်...၊ အမေပြောသလို တစ်ယောက် အသုဘ ကို တစ်ယောက်ချဖို့ ...၊
ဒီစကားလုံးက နည်းနည်း ရက်စက်ပေမယ့် ဘယ်လောက် နက်နည်း သိပ် သည်းသလဲ..၊ ဘယ်လောက် ကြေကွဲ ဆွတ်ပျံ့ ဖို့ ကောင်းသလဲ......။
မောင် .... ဘ၀ဆိုတာမှာ သတိပေး ဆိုင်းဘုတ်ချိတ်မထားတဲ့.. အန္တရာယ်ကွေ့တွေ အများကြီး ပါလားကွယ်..။
ငါတို့အဖြစ်က ဇာတ်မနာနာအောင် ဖြည့်စွက်အရေးခံလိုက်ရတဲ့ ပြဇာတ်တစ်ပုဒ်လိုပါဘဲ..။
ဘာပဲဖြစ်ဖြစ်....မရဏ ဇာတာခွင်နဲ့ မွေးဖွားလာတဲ့ မိန်းမတစ်ယောက်ရဲ့ ဥပဇာမှာ နင်ဟာချွင်းချက်မရှိတဲ့ ရွှေထီးလေးပဲပေါ့..။

+++++++++++++++++++++++++++++++++++++++++++++++

( ၂ )

မောင်..နင်ဒီတစ်ည နှစ်နှစ်ချိုက်ချိုက် အိပ်ပစ်လိုက်ပါတော့....။
ကိုယ့်ရင်ခွင်မှာ ခေါင်းမှီဖြေလျော့လှည့်..၊ ကိုယ့်ရင်ငွေ့နဲ့...မှေးရီနွေးထွေးလှည့်...။
ကိုယ်က အချစ်စစ်ဆိုတဲ့ ပုံပြင် တစ်ပုဒ်ပြောပြလှည့်မယ်လေ...။
မောင် နင်ဟာ ငါ့ချစ်သူ..၊ ငါ့ခင်ပွန်း..၊ ငါ့မိတ်ဆွေ..၊ငါ့အကြီးအမှူး..၊
အားငယ်ရှက်ရွံ့တတ်ပြီး ကိုယ့်ထက် တစ်နှစ်စွန်းစွန်းငယ်တဲ့ မောင်က မောင်ဘွားမရှိတဲ့ ကိုယ့်အတွက် မောင်ငယ်လေးလည်း ဖြစ်လိုက်သေးရဲ့....။
ကြည့် ဘယ်လောက် နူးညံ့နက်ရှိုင်းတဲ့ ဆက်သွယ်မှုမျိုးလဲ..။
ဒီည ငါ့ဂီတတွေမချိုနိုင်စွမ်းပေမဲ့....၊ ငါ့ညည်းနွဲ့သံနဲ့ နင်အိပ်စက်စမ်းပါ့ကွယ်...။
နင်က ငါ့နှလုံးအိမ်ထဲမှာ နှစ်ရှည်လများ...အမြစ်တွယ်ရှင်သန်လာခဲ့တဲ့ သက်ရင့်ပင်လေးပါ..။
ငါ့ သက်တမ်းရဲ့ ခေါက်ချိုးမပြည့်တစ်ပြည့်ဟာ.... နင့် စိတ်ကူးတွေနဲ့ချည်း ပြည့်နင့်ခဲ့ပါကော...။
မောင်..ပြန်လှည့်ကြည့်ပါဦး......၊ ဆယ်တန်းဆိုတာ ခုအချိန်ကပြန်ကြည့်ရင် အရမ်းငယ်နေသလို ရှိပေမယ့်....၊
အဲဒီ့အချိန်တုန်းကတော့...၊ ငါတို့ဟာသူရဲကောင်းကြီးတွေပေါ့။
ကိုယ်ဟာ အချစ်ဆိုတာတစ်ခုတည်းနဲ့ မောင့်ရဲ့မွန်ရည်သားနားတဲ့ရုပ်ရည်လေးမှာ... ပျော်ဝင်သွားလိုက် တာ....။
ဟင့်အင်း မခွဲနိုင်တော့ဘူး၊ အေးငါရောဘဲ...။ အဲဒီ့လို စိတ်တူကိုယ်တူ ။
မိဘတွေစိတ်ဆိုးလည်းခဏပေါ့ဟာ...။ အဲဒီ့လို ရဲရဲဝံ့ဝံ့။
ငါတို့ သိင်္ဂါရမြစ်ထဲ နှစ်ဦးသဘောတူ ခုန်ချလိုက်ကြတာ....၊ ကူးခတ်ခဲ့ရတဲ့ ၀ဲဂရက်ကတော့.... လွှတ် ရက်စက်ပေါ့..။
အမေတွေဟာ သိပ်တူတာဘဲနော်မောင်...၊ စိတ်ဓါတ်ရော အသွင်အပြင်ပါ မတူတဲ့အပြင် မျက်နှာကြောပါ နည်းနည်း မတည့်ချင်တဲ့ မောင့်အမေနဲ့ ကိုယ့် အမေဟာ
ပညာတွေ တစ်ပိုင်းတစ်စနဲ့ဆိုတဲ့ မှတ်ချက်တစ်ခုနဲ့ ငါတို့အတွက် အတူတကွ မျက်ရည်ကျ ခဲ့ကြသတဲ့။
ကိုယ်တို့နှစ်ယောက်ကို လိုက်ရှာ..၊ အကျဉ်းရုံးလေးမင်္ဂလာဆောင်ပေးပြီး ၊
အိမ်လေး တစ်လုံးခြစ်ချုပ် ငှားပေးတာဟာ ကိုယ်တို့နှစ်ယောက်အတွက် အကြီးမားဆုံးမိဘမေတ္တာပါပဲ...။
ဟင့်အင်း..........။
အတူရှိနေရတယ်ဆိုတာတစ်ခုတည်းနဲ့ပျော်နိုင်ခဲ့ကြတယ် ။

++++++++++++++++++++++++++++++++++++++++++++++++++++++++

( ၃ )

ကံ ကံ၏အကျိုးကို မောင်ယုံကြည်နေတာပဲမောင်ရယ်...။
အဲသလိုဆိုလိုက်တော့ အိပ်ယာက အတင်းထူမပြီးဘုရား ၀တ်ပြုခိုင်းရတဲ့ ကိုယ့်ကို မောင်ရယ်မောဦးမှာလား..။
မောင်ပြောသလိုဆို ချစ်မက်စွဲလမ်းရခြင်းဆိုတဲ့ အကုသိုလ်နဲ့ ငါတော့ သံသရာဘယ်လောက် ဆက်ရဦး မယ်မသိပါဘူးကွယ်...။
ဘ၀ဘ၀တွေက ဘယ်နှစ်ကြိမ် ရေစက်ခွက်တွေ အတူကိုင်ခဲ့ကြသလဲ..၊ ငါဟာ မောင့် အတွက်ပဲ ဖြည့်ဆည်း နေ ချင်ခဲ့တယ် ။
မောင်..နင်မေ့နေပြီလား..၊ ထီလှည်းတွန်းတုန်းက မောင်မိုးတွေမိပြီး တိုက်ဖွိုက်ဖြစ်သွား တုန်းကလေ....၊
ငါ အိပ်ယာ ထဲ ဘုန်းဘုန်းလဲတဲ့အထိ မအိပ်နိုင် မစားနိုင် မျက်နှာချင်းအပ်ပြီး စိုးရိမ်ပြုစုပေးခဲ့တာ...။
အေးအတူပူအမျှဆိုတာ.. ဖတ်လို့လှရုံလေး ရေးထားခဲ့တဲ့ စာစုလေးမှ မဟုတ်တာဘဲကွယ်..။
မောင် ဒီအလုပ်ကိုရပြီးတော့ ကိုယ့်ကို အူရားဖါးရား ပြေးပြောခဲ့တုန်းကရယ်...၊ ပထမဆုံးရတဲ့လစာကို ကိုယ့်ကို အကုန်ပေးပြီး ကိုယ့်ဘေးမှာ ကခုန်နေခဲ့တုန်းကရယ်......။
ကိုယ့်တစ်ကိုယ်လုံးကြက်သီးဖျမ်းဖျမ်းထအောင် မြတ်နိုးလိုက်ရတာ....။
မောင် .... ကိုယ်တို့ဟာ နတ်ရေးတဲ့ဖူးစာဖက်ပဲ ၊ သေချာတယ်။
အံမယ်.....ငါလည်းစက်တော်တော်ချုပ်တတ်နေပါပြီနော်....။ဟာ ဒါဆို ငါတို့ဝင်ငွေတွေမနည်းတော့ပါလား...။
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အားပါးတရ ရယ်မောလို့ ။
ပန်းရလူကြမ်း ၀င်လုပ်ခဲ့ရတဲ့နေ့ရက်တွေ၊ တွန်းလှည်းနဲ့ ထီလိုက် ရောင်း ခဲ့ရတဲ့နေ့ရက်တွေ ၊
ဖရဲသီး တွေစိတ် ၊ကြံတွေဆစ်ပြီး ရောင်းခဲ့ရတဲ့နေ့ရက်တွေ ကျန်ရစ်ခဲ့ပြီ သိလား.........။
မောင် ငါတို့မှာ အမောတွေ မရှိနိုင်တော့ဘူး..........။ ကြည်နူးစရာကြီး ပါလား...ကွယ် ။
မိန်းမရေ မောင်တို့ သမီးလေးကိုခေါ်ဖို့ နီးစပ်လာပြီပေါ့နော်တဲ့..။
သမီးလေးဆို မောင့်သမီး ၊သားလေးဆို မ..သား လို့ မောင်က ခုကတည်းက ခွဲခြားနေချင်ခဲ့တာ.....။
အို ငါကတော့ သားသမီးယူနိုင်တဲ့ အင်အားရှိပြီးဆိုရင်-
သားလေးဖြစ်ဖြစ်..
သမီးလေးဖြစ်ဖြစ်
ချစ်မှာပဲ....ကွယ်..။

++++++++++++++++++++++++++++++++++++++++++++++++++++++++
( ၄ )

ဘ၀ ဘ၀ က ဒေါသမောဟတွေကို စုပြီးလိမ်းကျံတားသလိုမျိုး မောင့်သူဌေးမျက်နှာကြီးက
ကြောက်စရာကြီးလို့ ကိုယ်ပြောတော့ မောင်က ကိုယ့်ထိပ်ကိုပုတ်ပြီးရယ်တယ်..။
မောင့်ကိုတော့ အရေးပေးပါတယ်တဲ့ ၊
အဲဒါကိုယ်တို့နှစ်ယောက်အတွက်ငရဲတံခါးဝဆိုတာတို့ဇနီးမောင်နှံနှစ်ဦးစလုံး
နည်းနည်းမှ မတွေးထင်မိခဲ့ကြပါလားကွယ်..။
သိပ်ဒေါသကြီးတာပဲ ၊ ကားတွေ မောင်တို့ကားကို ကျော်သွားရင်ဖြစ်ဖြစ် ၊
လမ်းကြောင်း မှားဝင်လာ ရင်ဖြစ်ဖြစ် တစ်တစ်ခွခွ ဆဲတော့တာပဲကွာ..၊
မောင်တော့ ကားမောင်းတာ သတိကြီးကြီးထားမောင်းနေရတယ်..။
သူက မထင်ရင်မထင်သလို ဆွဲထိုးပစ်တာတဲ့။
အိုး.... ပြန်သာထိုးပစ်ခဲ့ ။
သူရောက်နေတဲ့အဆင့်အတန်းMDဆိုတဲ့ ဂုဏ်ထူးဝိသေသနဲ့များ။
မောင် အဲဒီကတည်း က ဒီလူကြီးရဲ့ အရူးစိတ် ကို တို့ ခန့်မှန်းခဲ့မိဖို့ကောင်းတာနော်..။
ဒါပေမယ့် သိပ်ရက်ရောတာနော် မ... သူ့မန်နေဂျာကို ကားနဲ့ ၊ ဟမ်းဖုန်းပေးထားတာဗျာ...။
အဲဒီ့လိုလေးများ ပေးထားရင်သိပ်ကောင်းမှာပဲလို့ ကိုယ်မိုက်မိုက်မဲမဲ တောင့်တခဲ့ မိသေးရဲ့..။
မောင်သိလား...ဘ၀ဆိုတာသာ ၀တ္ထုစာအုပ်တစ်အုပ်ဆို ဒီစာမျက်နှာတွေကို
ငါ ဆွဲဆုတ်ပြီး မီးတင် ရှို့ပစ်လိုက်မှာ
အဲဒီ့စာရေးဆရာကို ငါ ပက်ပက်စက်စက် ကျိန်ဆဲပစ်လိုက်မှာ.....။
မောင် မန္တလေးကို တစ်ပတ်လောက်လိုက်သွားရမယ်တဲ့လေ။
အပိုကြေးပေးမယ်လို့ပြောတယ်...။
မိန်းမကလည်း ကွာ..၊ ပိုက်ဆံကို ရတုန်းယူထားမှပေါ့..။
မရေ... စက်ကြီးတောက်လျောက်ချုပ်မနေနဲ့နော်...။
နာရီဝက်တစ်ခါလောက် လမ်းထလျောက် ..။ အားဆေး လည်းသောက်ဦး ..။
ညအိပ်ရင် တံခါးတွေ သေချာစစ်ပြီးမှအိပ်၊
မီးပျက်လို့ ဖယောင်းတိုင်ထွန်းရင် ငြှိမ်းဖို့မမေ့နဲ့ဦး...။ ဘုရာမှန်မှန်ရှိခိုးနော်......။
မဆုံးနိုင်တော့တဲ့ မှာတမ်းရှည်ကြီးကို မောင်က အနမ်းနဲ့ အနားသတ်တော့ ၊ ကိုယ် ငိုချင် လိုက်တာမှ ကွယ်.။
ကိုယ့်ဆံနွယ်တွေကို တစ်ချက်ဆွဲမွှပြိး ခပ်လေးလေးထွက်သွားတဲ့ မောင့်ကျောပြင်ကို ငေးပြီး .. ပြေးလိုက် သွား ချင်လိုက်တာ..။
မောင် အဲဒီ့အချိန်ကတည်းက ငါ့ရင်ထဲမှာ လေးလံနင့်နည်းနေခဲ့တာ...။ အဲဒီ့အချိန်ကတည်းက ငါ့စိတ်တွေ ကြပ်တည်းမောဟိုက်နေခဲ့တာ ...။
ဒီလိုတော့ ဘယ်ထင်တတ်ခဲ့မလဲ....။
မောင့်လမ်းခရီး....
ဘုရား..၊ဘုရား....။
မောင် နင်မမှာလည်း ငါ ဘုရားမှန်မှန်ရှိခိုးခဲ့မှာပါကွယ်....။ ။

++++++++++++++++++++++++++++++++++++++++++++++++++++++++
( ၅ )

ဒီအဖြစ်အပျက်သာ လက်ဆောင်တစ်ခုခုဖြစ်ခဲ့ရင် ကိုယ်တံတွေးတောင် လှည့်မထွေးဘူးသိလား..။
ဒီအဖြစ် အပျက် သာ အိမ်မက်တစ်ခုဖြစ်ခဲ့ရင် ကိုယ်အိပ်ယာက ငုတ်တုတ်ထထိုင်
မျက်နှာနာနာသစ်ပြိး တစ်သက်လုံး ပြန်မအိပ်ပဲ နေပစ်လိုက်မှာပဲ..ကွယ်..။
ကံကြမ္မာက ကိုယ်တို့နှစ်ယောက်ကို ပက်ပက်စက်စက် ကြီး စီရင်ပစ်လိုက်တယ်..။
မောင်ရယ်လေ...၊တစ်ပစ်လောက်ကြာမယ်ဆိုပြီး နှစ်ရက်လောက်အကြာမှာပဲအပြေးအလွားပြန်ရောက်လာခဲ့တယ်။
ကိုယ့်ရင်မှာခေါင်းတိုး ကျုကျုပါအောင် ငိုချပစ်လိုက်တာ...။
မောင် နင်ဘာဖြစ်လာတာလည်း.. ပြော ..ပြော ၊ မိန်းမကိုပြောစမ်း..။ နင်ဘာဖြစ်လာခဲ့တာလည်း....။
ကိုယ့်နှလုံးသားဟာ လက်ကြမ်းကြမ်းကြီးနဲ့ ဖျစ်ချေခံထားလိုက်ရသလိုမျိုး...။
သိလားမိန်းမ.၊ မောင်တို့သူဌေးက အခြောက်ကြီး..။ နှစ်ဘက်ချွန်ကြီး
ဟင်..မောင် ဒီလောက်ယောက်ကျားပီပီသသ ကြမ်းကြမ်းတမ်းတမ်းကြီးကို....။
ဟုတ်တယ်သူဟာယောက်ျားစစ်စစ်တွေထက်တောင် ယောက်ျား ပီသနေလိုက်သေးတယ်။
အရက်သောက်တယ် ၊မကောင်းတာလည်းတော်တော်လိုက်စားတယ်..။
လောင်းကစားကိုလည်း နည်းနည်းဝါသနာ ပါသေးတယ်။
အိမ်ထောင်နဲ့ ကလေးနှစ်ယောက်လည်းရှိတယ်တဲ့ ......။
မောင်..ဟုတ်ရဲ့လားဟယ်.....။
ဟာ..ကွာ...။
မောင်ရဲ့အသံဟာ အကြီးအကျယ် ဒါဏ်ရာရလာတဲ့ သားကောင်တစ်ကောင်
မာန်ဖီညည်းညူနေသံလို မာထန်လှုပ်ခတ် နေခဲ့တယ်။
ကိုယ့်ကို ကြည့်နေတဲ့မျက်လုံးတွေမှာတောင် စိမ်းစိမ်းဝင်းဝင်း လက်လို့ ။
တစ်လမ်းလုံး မင်းကတော်တော်ချောတဲ့ကောင်ပဲ..၊ မင်းသားလို့ခေါ်ရမယ်ဆိုပြီး အရောတ၀င် လက်ပွန်းတတီး နေတာကို မောင်ကတော့ အဟုတ်ကြီးမှတ်လို့..။
ရောက်တဲ့ညပဲ သူအရက်သောက်တော့ ဟေ့ကောင် မင်းသားသောက်ဆိုပြီးအတင်းတိုက်တယ် ။
မောင်က မသောက်တတ်ပါဘူးဆိုတော့ မင်းယောက်ကျားမဟုတ်ဘူးလား သောက်၊
ခုသောက် ငါ သောက်ခွက်ဆွဲထိုးပစ်လိုက်လို့နဲ့မူးမူးရူးရူးနဲ့ဆဲဆိုပြီး၊ရိုက်မောင်း၊ပုတ်မောင်းလုပ်လာတော့ မောင်လည်းသောက်လိုက်ရတယ်..။
မိန်းမမောင်သစ္စာဆိုရဲတယ်သိလား..။မောင်တော်တော်ကြီးမူးသွားခဲ့တာလား..၊
မောင်ဘာတွေဖြစ်သွားလည်း၊ သိကိုမသိတော့ဘူး..။
မောင်လည်း အရက်မူးဖူးတာပဲ ၊အဲဒီ့လိုမျိုးလည်းမဟုတ်ဘူး....။
ကိုယ်အသက်မရှုမိဘူးထင်ပါရဲ့ မောင့်လက်ကိုတင်းတင်းကြပ်ကြပ် ဆုတ်ချေထားမိတယ် ။
အဲဒါဆေးဝါးတွေဖြစ်မှာပေါ့..၊ မောင်အဲဒါ ဆန်းကြယ်ရက်စက်တဲ့ ဆေးဝါးတွေနေမှာပေါ့၊
ဆန်းကြယ် ရက်စက်တဲ့ ဆေးဝါးတွေ၊ ဆန်းကြယ်ရက်စက်တဲ့ နည်းပညာတွေ၊
ဆန်းကြယ်ရက်စက်တဲ့ ရူးနှမ်းမှုတွေ..။
ဘ၀တွေ ဘ၀တွေကို ဘယ်လောက် နင်းချေဖျက်စီး ပြီးပြီလည်း....။
မောင်မှတ်မိလိုက်တာ....၊ မောင် သူ့အခန်းထဲမှာ.....၊ သူလေ မိန်းမလျာသံကြီးနဲ့....၊
သူ... သူ လေ မိန်းမကြီးလိုနွဲ့ပြီး.....၊
မောင့်ကို ။
မောင်ကို .......
ငါ မောင့်ကို ဆောင့်တွန်းမိလိုက်တာလား....။
ကိုယ့် ခန္တာတစ်ခုလုံး ပေါက်ကွဲလွင့်စင်ထွက်သွားသလိုမျိုး... ရင်ပြင်က လပ်ခနဲဟာသွားပြီး.နေရမှာတင် ပုံရက်သားကျသွားခဲ့တယ်....။
မောင့်အသံဟာ ရှိုက်သံဝါးဝါးကြားမှာ မကြားရက်စရာ တုန်ယင်ကွဲအက်နေခဲ့တယ်..။
နုနယ်ဖြူစင်တဲ့ မောင်မျက်နှာလေးဟာ သွေးတွေဆမ်းထားသလို နီမြန်းထူအမ်းလို့။
ကြည့်စမ်း ငါသိပ်မြတ်နိုးတဲ့ ၊ သိပ်ကိုရိုးသားပျော့ပျောင်းတဲ့ ယောက်ကျားတစ်ယောက်အတွက်
ဘယ်လောက် ကြေကွဲရှက်ရွံ့လိုက်ရမဲ့ အဖြစ်အပျက်လဲ။
ဘယ်လောက် ဆိုးဝါးနာကျင်စေလိုက်မဲ့ ရက်စက်မှုမျိုးလည်း...။
ဗြုန်းဆို ကိုယ်.. မောင့်ကို ရင်ခွင်ထဲ မှာ ၀ှက်ထား ပစ်လိုက်တယ်..။
မောင်..မောင်လေ..၊ အိပ်ယာကနိုးတော့ အဲဒီ့လူကြီးကို ဆောင့်တွန်းပြီး ပြေးထွက်လာခဲ့တယ်..။
မောင် .. နင် တစ်ခါတည်းသတ်ပစ်ခဲ့ရမှာ သိလား..။
မောင်အခန်းကိုရောက်တော့ မောင်နဲ့တစ်ခန်းထဲငှားပေးထားတဲ့ သူ့မန်နေဂျာက စိတ်မသက်သာတဲ့ပုံစံနဲ့ မောင့်ကို စောင့်နေခဲ့တယ်..။
သူဟာအရာရာကိုသိနှင့်နေပုံပေါ်နေတယ်။ မောင်သူ့ကို ဘာတွေပြောမိမှန်းမသိအောင် အော်ဟစ်ဆဲဆိုပစ် လိုက်မိတယ်..။
သူက မောင်ပြောသမျှကို ငြိမ်ပြီးနားထောင်နေခဲ့ရှာတယ်..။
သွားမယ် ကျုပ်ရန်ကုန်ပြန်မယ်၊ ခင်ဗျားတို့ တဏှာရူးအခြောက် ကြီးပိုင်တဲ့ အလုပ်မှာ တစ်စက္ကန့်တောင် မနေဘူး..။
ဆိုတော့....။
မ မန်နေဂျာက မောင့်ကို ဘာပြောတယ်မှတ်လဲ...၊ မောင့်ကို ဘာတွေပြောလိုက်တယ်မှတ်လဲ...။
အို.. ဒီလောက်စက်ဆုတ်စရာ ရူးသွပ်မှုကို ငါဘယ်လို ဥာဏ်မှီနိုင်မှာလည်းမောင်ရယ်..။
မောင့်အတွက်တဲ့..၊ မောင့်အတွက် လမ်းစရိတ် တဲ့ ၊ ငွေတွေအထုပ်လိုက်ပဲသိလား..။
မောင် အဲဒီ့ လူမျက်နှာကို အဲဒီ့ငွေတွေနဲ့ပိတ်ပေါက်ပစ်ခဲ့မိတယ်....။
မောင်ရွံလွန်းလို့။ အဲဒီ့ငွေတွေကို ရွံလွန်းလို့...။
ဟုတ်တယ်..။ ရွံစရာကြီး မောင်၊ ယူမလာခဲ့နဲ့...။
အဲဒီ့ငွေတွေကိုတွေ့ရင် ငါတော့ အော့အန်ပစ်မိမှာပဲ..။
ကြည့်စမ်း...ငွေတွေဟာတစ်ချို့အခြေအနေမှာအော့အန်ပစ်ချင်လောက်အောင်ရွံစရာလည်းကောင်းတတ်မှန်း အခုမှသိတယ်နော်....။
သူ က ေ လ...
မောင့်ကို
မောင့်ပုခုံးလေး ကိုင်ပြီး....
ညီလေး ဆေးစစ်ကြည့်လိုက်ပါ။ ကိုယ်လည်းဆေးကုနေရတယ်....တဲ့။ ။

++++++++++++++++++++++++++++++++++++++++++++++++++++++++


(၆ )

မောင် .. အိပ်ပျော်ပြီလားကွယ်...။ နှစ်နှစ်ချိုက်ချိုက် ဒီတစ်ည တော့ မောင်.....အိပ်ပစ်လိုက်ပါတော့..။
လမင်းကိုကွယ်ထားတဲ့ နက်ပြာရောင်တိမ်တိုက်ကို လရောင်က ရွေရောင်အနား ကွပ်ပေးထား တယ်ရှာတယ်။
ကောင်းကင်နဲ့တစ်ဝှမ်းတလဲ့လဲ့ထင်နေတဲ့ ကြယ်စင်တွေဟာ ကိုယ်တို့ပရိဒေ၀ကိုများ ညွှန်းဆိုလေရော့ သလား...။
မနက်ဖန်ဆိုတာ နာရီပိုင်းလေးပဲလိုတော့တယ်မောင်ရဲ့...။
တကယ်ဆို ဘ၀ဆိုတာလည်း တစ်အောင့်လေးပါပဲ..။
အဲဒီ့တစ်အောင့်လေးမှာ... ငါတို့ ချွင်းချက်မရှိချစ်ခင်မြတ်နိုးခွင့်ကို ရခဲ့ကြတယ်..။
အကန့်အသတ်မရှိတဲ့ ပေးဆပ်ဖြည့်ဆည်းခွင့် ရခဲ့ကြတယ်...။ အကြားအလပ်မရှိ ယုယ ကြင်နာခဲ့ကြတယ်....။
ဘယ်လောက်များ ကုသိုလ်ကံကောင်း ခဲ့ကြလည်းကွယ်...။
ပြုသူ အသစ် ဖြစ်သူ အဟောင်းတဲ့ ...။
ဘုရား... ဘုရား.. သူ့အတွက် ဘယ်လောက်ကြောက်ရွံ့ ထိတ်လန့်ဖို့ကောင်းလိုက်တဲ့ ၀ဋ်နာကံနာကြီးလဲနော် ...။
ကိုယ်တို့ ၀ဋ်ကျွေးတွေကို တော့ ဒီတစ်ဘ၀မှာပဲ အပြီးပေးဆပ်လိုက်ကြတာပေါ့...။
မောင်ရယ်...နင်ဘာကိုများ အားငယ်ကြေကွဲနေတာလဲ..၊ စိုးရိမ်တုန်လှုပ်နေရတာလဲ..။
လူတွေရဲ့ စွမ်းဆောင်နိုင်အားကိုကျော်သွားရင် အားကိုးစရာ သစ္စာတရားဆိုတာရှိသေးသတဲ့....
ကိုယ့်ရဲ့..သစ္စာ
မောင့်ရဲ့သစ္စာ
ကိုယ်တို့ မေတ္တာတရားရဲ့ သစ္စာ.....
အဲဒီ့ သစ္စာတရားရဲ့ဆေးဖက်ဝင်မှုနဲ့ မောင့်မှာ ဘာ..
အနာတရ...မှ.............။

အို....
မောင်ရေ.. မောင်ဘာမှမဖြစ်ဘူးသိလား.....၊အဖြေက Negative တဲ့ ၊ မောင်စိတ်ချမ်းသာတော့..၊
မောင် ပျော်ပျော်နေတော့..။
အဖြေစာရွက်ကတော့ ကိုယ် ခါးပိုက်နှိုက်ခံ ရတဲ့အထဲပါ သွားတယ်ကွယ် ..... ဆိုတာမျိုးဖြစ်ဖြစ်

.ပြောလိုက်လို့ ..ရတာ...ပဲ....လေ......။


အိန္ဒြာ

11 comments:

Mogok Thar said...

ဘ၀တွေ
ဘ၀တွေ
လောင်ကျွမ်းပြီဟေ့

(၀တ္ထုလေး ဖတ်ပြီး မျိုးကြီး သီချင်းပဲ အသံကုန် ဟစ်ပြီး ပြန်သွားပါပြီ)

;'(

Mogok Thar said...

အမ် ထားထားခြူးခြူး
တစ်ရထားတယ်။
အပေါ်မှာ မေ့ကျန်ခဲ့တာလေးက

ချစ်ခင်လေးစားစွာဖြင့် (ကျန်ခဲ့လို့လေ)



ချစ်ခင်လေးစားစွာဖြင့်

မယ့်ကိုး said...

မရေ စာတစ်ကြောင်းချင်းဆီက လှလို့ ဘယ်တစ်ကြောင်းက အကြိုက်ဆုံးဆိုတာတောင် ရွေးမပြတတ်တော့ဘူး ။

ဇာတ်လမ်းလေးနဲ့ ပက်သက်ပြီး ခံစားရတာကိုတော့ အစ်ကိုမိုးကုတ်သားက မျိုးကြီးသီချင်းဆိုသွားလို့ မယ်လည်း
စိုင်းစိုင်းသီချင်းဆိုချင်တယ်။
“မသိတော့ဘူး
ငါ့ရင်ကို မီးနဲ့ ရှို့ခဲ့သလား =( "

အဆုံးမဲ့ချစ်တဲ့
=)

MANORHARY said...

မျက်ရည်နဲ့ကျစ်တဲ့ကြိုး
ငွေ့ရည်ဖွဲ့စွတ်စိုလို့

သစ္စာတရားရဲ့တိမ်တိုက်
ရွာချပစ်လိုက်တဲ့အခါ
နေရောင်တွေလင်းလက်လာမယ့်နံနက်ခင်း
မယ်ဇလီတစ်ခင်းလိုဆေးဖက်ဝင်နေလိမ့်မယ်။

minn thuka said...

သတ္တိကတော့ တကယ့်ကို လေးစားစရာပဲ
အမျိုးသမီးတစ်ယောက်က တော်ရုံသတ္တိနဲ့ လက်ရှောင်တတ်တဲ့
ဇတ်အိမ်မျိုး....ပြန်လှန်မေးခွန်းတွေတသီကြီး တက်လာနိုင်တဲ့
ဖွဲ့တည်မှု...
အရေးအသားပုံစံကတော့ အိန္ဒြာလက်ကွက်အတိုင်း ဝါကျတွေကို
ပုံပြအားကောင်းကောင်းနဲ့ ...
ဝတ္ထုအရတော့ ..သဘာဝကျမကျက ဖြစ်နိုင်ခြေ တဝက်ဆီမို့ စာရေးဆရာရဲ့ တင်ပြပုံ
ဘက်ကနေပဲ ချဉ်းကပ်တော့မယ်
ဇနီးတစ်ယောက်ရဲ့ ချစ်တတ်ခြင်းက ဇတ်သိမ်းခန်းမှာ အဆုံးထိ တင်ထားတာ
လက်တွေ့ဘဝမှာ ဖြစ်နိုင်ခြေ အရမ်းနဲပေမဲ့ အစပိုင်းမှာ မျက်စေ့မှိတ်တိုးဝင်ခဲ့တဲ့
ဘဝတွေကို ချပြထားတော့ ဒါဟာ ဝတ္ထုတို တစ်ပုဒ်အနေနဲ့ ပြောစရာမလိုလောက်အောင်
ပြည့်စုံသွားစေတာပါ၊
မိန်းမတယောက်ရဲ့ တဖက်မြင် ရပ်တည်ချက်ကနေ တင်ပြထားတဲ့ ဒီဝတ္ထုတိုက
လုံးချင်းအနေနဲ့ ဖန်တီးရင်လဲ အားဖြည့်ရမဲ့စကားလုံးအခက်အခဲကြောင့်
ကောင်းလာနိုင်မယ်မထင်ပါ...
ဇနီးတယောက်ရဲ့ လင်ယောင်္ကျားအပေါ် ချစ်တတ်ပုံကို
သီအိုရမ် တခုလို တဆင့်ခြင်း ဖွဲ့ စာဖတ်သူကို အချစ်တွေနဲ့
အဆင့်ဆင့်ဆွဲခေါ်လာပြီးမှ
နောက်ဆုံးဇတ်သိမ်းမှာ ဖြစ်နိုင်ခြေ အရမ်းနဲတဲ့ လူ့သဘာဝနဲ့ ချစ်ပြလိုက်တာ
ရေးသူရဲ့ ကလောင်နိုင်ခြင်းကြောင့် ဖြစ်နိုင်ခြေထဲရောက်သွားတဲ့ ဝတ္ထုတိုလေးတပုဒ်
အဖြစ်...
ရှေ့ပိုင်းက သက်သေပြချက်တွေက စိတ်ကူးယဉ်အဖြစ်ကနေ သဘာဝဖြစ်နိုင်ခြေနား
ကမ်းကပ်သွားတဲ့ ဝတ္ထုတိုကောင်းလေးအဖြစ်...
လေးစားစွာဖြင့်...

အမည်မဲ့ said...

အနုပညာ အနုပညာ
ဖန်တီးမှု ဖန်တီးမှု.............................................................

ယုတ္တိရှိခြင်းမရှိခြင်း
သဘာဝ ကျခြင်း မကျခြင်း
ယုတ္တိရှိခြင်းက ဘာကိုခေါ်ပါသလဲ ...ယုတ္တိမရှိခြင်းက ဘာကိုခေါ်ပါသလဲ။
သဘာဝကျခြင်းက ဘာကိုခေါ်ပါသလဲ။ သဘာဝမကျခြင်းက ဘာကိုခေါ်ပါသလဲ။
သဘာဝထဲမှာရော ဘာတွေဖြစ်နိုင်ပါသလဲ။
အများလက်ခံထားသောဖြစ်ရပ်များသည် သဘာဝကျသည်ခေါ်ပါသလား
ရုတ်တရက်သည် ရုတ်တရက်ဖြစ်သည်
အချိုးအကွေ့တစ်ခုသည် အချိုးအကွေ့တစ်ခုဖြစ်သည်။
နေ့ရက်များသည် အစားထိုးဝင်ရောက်တတ်သည်။
ဖြစ်ရပ်များသည် နေရာယူတတ်သည်။
လက်ခံခြင်း လက်မခံခြင်းသည် လူတစ်ဦးခြင်း၏ ဆုံးဖြတ်ချက်နဲ့ ဆိုင်ပါသလား၊ လူအများနဲ့ သက်ဆိုင်ပါသလား။
ထင်မြင်ချက်များသည် ထင်မြင်ချက်များသာဖြစ်သည်။
အမြင်များသည် အမြင်များသာဖြစ်သည်။
ဖြစ်ရပ်များအပေါ်တွင် ကောက်ချက်ချခြင်းသည် ပုဂ္ဂိုလ်ရေးဆန်ခြင်းဖြစ်သည်။
သဘာဝတရားသည် ဖြစ်လာပေသည်။
မည်သူမှ ဖန်ဆင်းထားခြင်းမဟုတ်
အရှိတရားဖြစ်သည်။ သို့မဟုတ်
အသိတရားလည်းဖြစ်သည်။
ဘာသာစကားသည် ဖန်တီးမှုတစ်ရပ်ဖြစ်သည်။ တိုက်ဆိုင်မှုလည်းဖြစ်သည်။
တိုက်ဆိုင်မှုများ ကြိမ်ဖန်များလာသောအခါ ယုတ္တိတန်လာကြသည်။
အမှန်တရားအဖြစ် ပြောင်းလဲသွားနိုင်ပေသည်။
အမှန်တရားသည် ဖြစ်ရပ်များ၏ ကျောက်ဖြစ်ရုပ်ကြွင်းဟု ခေါ်ဆိုနိုင်ပါသလား။
ကျွန်တော်တို့ မသိသည်များ ရှိခဲ့ပြီ။
ကျွန်တော်တို့ မရှိသည်များ သိခဲ့ပြီ။
အရာရာသည် ဖြစ်လာ၍ ပျက်သွားသည်။
ပျက်သွား၍ ဖြစ်လာသည်။
အနုပညာသည်လည်း ဖန်တီးမှုဖြစ်သည်။
ဖန်တီးခြင်းသည် တိုက်ဆိုင်မှု မဟုတ်ပါ။ အကွက်ချ၍ ကြံစည်မှုဖြစ်သည်။
ထိုကြောင့် ယုတ္တိတန်ခြင်း မတန်ခြင်း၊ သဘာဝကျခြင်း မကျခြင်းသည် အကွက်ချကြံစည်မှု အောင်မြင်ခြင်း မအောင်မြင်ခြင်းနှင့် သက်ဆိုင်ပါသလား။
အိန္ဒြာသည် အနုပညာတရပ်အား ဖန်တီးခဲ့သည်။ မဖန်ဆင်းခဲ့ပါ။
မြင်အောင်ကြည့်ပါ။ (မြင့်အောင်)မကြည့်ပါနှင့်။ ကြည့်ချင်လျှင်လည်း ကြည့်နိုင်ပါသည်။
ဇာတ်လမ်းများသည် ဖန်တီးမှု သက်သက်ဖြစ်သည်။
ဘ၀ဟုခေါ်သော အသင် ဘယ်ရှု့ထောင့်ကို သင်မြင်ပါသလဲ။ ။

kay said...

အိန္ဒြာ.. ရဲ့ အရင် ဖတ်ဖူးလိုက်တဲ့..ကျန်းမာရေး ပညာပေး ရသ ၀တ္တုလေး နဲ့ တွဲစပ်ဖတ် ကြည့်မိတယ်။
တိုက်တိုက်ဆိုင်ဆိုင်..ဒီစာကို ဖတ်နေတုန်းက..တို့မေးလ် ထဲကို..အိန္ဒြာ့ ကွန်မန့်ကလေး..တုန်- ခနဲ ၀င်လာတာ တွေ့လိုက်ရ။ ကျေးဇူးး)

ကိုရင်နော်ခင်လေးငယ် said...

ဇတ်လမ်းပျိုးလာရကနေ ဆက်ဖတ်ရင်း မထင်မှတ်တဲ့ အလည့်အပြောင်း ရေးချက်က ထူးခြားလိုက်တာနော်.. ကလောင်ရှိန် သပ်သပ်ရပ်ရပ်နဲ့ ရှားပါးတဲ့ ဇတ်ကွက်ကို ခပ်ရဲရဲ ဖော်ပြသွားတာက လေးစားစရာ..
စကားလုံး လှပပုံတွေကတော့ ဘာရေးရေး ဆန်းသစ်နေတာမို့ ကြိုက်ပြီးရင်းကြိုက် ဆိုတာပါပဲ..

စိတ်ဆိုးရမလို၊ ပြုံးရမလို၊ ရှက်ရမလို ဖြစ်ရတာကတော့..
“ကိုရင် နင့်အကြောင်းရေးထားတယ် လာဖတ်” လို့ ပြောတာကိုပဲ.. ဖတ်ကြည့်တော့ ရင်ခုန်ရမလိုလို၊ ထသတ်ရမလိုလို၊ ငိုရမလိုလို၊ ရယ်ရမလိုလို.. ဇာတ်ကောင် နေရာကို တန်းရောက်သွားတာ ဆိုးလိုက်တာ..း((

ချစ်ခင်စွာဖြင့်..

emayarKhin said...

အိုး...ဆိုးလိုက်တာ....
ဖတ်နေရင်းထွက်လိုက်တဲ့
ဒေါသတွေ....
ဘာဘဲပြောပြော..မရေ..
တော်တော်ဟတ်ထိတဲ့တထ္ထုတိုတပုဒ်ပါပဲ....

Julian said...

ဖတ်နေရင်းအသက်ရှုကျပ်လိုက်တာ
တကယ်လက်တွေ့ဘ၀မှာ အဲလောက်ချစ်ပေးနိုင်ပါ့မလား...

အတွေးတွေနဲ့ပြန်သွားပါတယ်


မဂျူ

ဆောင်းယွန်းလ said...

လက်တွေ့ဘဝတွေထဲက အကျည်းတန်အရုပ်ဆိုးလွန်းလှ
တဲ့ အဖြစ်ဆိုးတွေကို သိပ်သည်းနက်နဲပြီး လှပလွန်းတဲ့
အရေးအဖွဲ့နဲ့ စနစ်တကျထုဆစ်ထားတဲ့ ညီမလေးရဲ့ နောက်ထပ်ဝတ္ထုတပုဒ်ကို နှလုံးသားထောင့်စွန်းတနေရာမှာ သိမ်းထုတ်ပြီး ပြန်သွားပြီ ညီမလေးရေ....