June 14, 2009

ဝါသနာပါလွန်းလို့

ဆရာလင်းဦး(စိတ်ပညာ)က ကျွန်မ၀ါသနာပါသည်ဟု စာစီစာကုံး (အဲ)tag ထားတော့
စိတ်ထဲနည်းနည်းတော့ပေါ့ပါးသွားခဲ့ပါတယ်..။ Tag ဆိုရင်အိန္ဒြာတို့က သိပ်ညံ့တတ်လေတော့
ဒီခေါင်းစဉ်ကိုတော့ ဖြောင့်ဖြောင့်တန်းတန်းရေးနိုင်လောက်မှာပါလို့ ကိုယ့်ကိုကိုယ်အားပေးရတာပေါ့...

(၁)။

ဝါသနာဆိုတာ..နှလုံးသွေးတွေပူနွေးစီးဆင်းနိုင်အောင်
လှည့်ပတ်တောက်လောင်ပေးနေတဲ့ တေဇောဓါတ်တစ်မျိုးပါ..
ဝါသနာဆိုတာ..မြတ်နိုးနှစ်သက်ဖွယ်ရာ အထုံအလေ့တစ်ခုအဖြစ် ကိုယ့်ရဲ့လူ့ဖြစ်ခြင်းအတွက် ကံ က ဖန်ဆင်းပေးလိုက်တဲ့အရာတစ်ခုပါ
ဝါသနာဆိုတာ..ဘ၀ကိုမျှော်လင့်ချက်တွေနဲ့ ခုတ်မောင်းပေးနိုင်တဲ့ စွမ်းအားတစ်မျိုးလည်းဖြစ်သေးရဲ့
ဝါသနာဆိုတာကို..စိတ်နဲ့ကိုယ်နဲ့အကောင်အထည်ဖေါ်စွမ်းဆောင်နိုင်ခွင့်ဆိုတာကလည်းရခဲလှတဲ့ လူ့ဘ၀ထဲက ဒုလ္လဘတစ်ခုပါပဲ..။

အိန္ဒြာဘာကိုဝါသနာပါသလဲဆိုတာတော့ ထူးထူးထွေထွေရေးပြနေစရာလိုလိမ့်မယ်မထင်တော့ပါဘူး..
စာတွေကဗျာတွေရေးခြင်း၊ဖတ်ခြင်းဆိုတဲ့ ၀ါသနာဟာ ခန္ဓာကိုယ်ရဲ့ အစိပ်အပိုင်းတစ်ခုလို..
ထမင်းစားသလို ရေသောက်သလို ဘ၀ရှင်သန်ရပ်တည်ဖို့ မရှိမဖြစ်လုပ်ငန်းဆောင်တာတစ်ခုလို
ထွက်ပေါက်လို ၊ ဖျော်ဖြေရေးအစီအစဉ်လို၊ တိုးတိုးဖေါ်မိတ်ဆွေကောင်းတစ်ဦးလို
နောက် ချစ်တဲ့ အမမနော်ဟရီကိုပြောမိတဲ့ ၀ဋ်နာကံနာတစ်ခုလို(သိပ်လှတဲ့ ၀ဋ်နာကံနာမျိုးပေါ့..)

ဂစ်တာတီး၊သီချင်းဆို၊ပန်းချီဆွဲ ဒါတွေကိုလည်းဝါသနာပါတယ်ပဲပြောရမှာပါပဲ..
ဒါပေမယ့် ထူးထူးလည်လည် ကြိုးစားအားယူနေစရာမလိုပဲ စာရေးခြင်းစာဖတ်ခြင်းကိုပဲ တစိုက်မတ်မတ်ဝင်စားဆောင်ရွက်နေမိတော့
အချိန်ကြာလာလေ..ကိုယ်ရဲ့တကယ့်ဝါသနာအစစ်က စာရေးတာကဗျာရေးတာလို့
သတိထားမိလာပါတယ်..
တကယ့်ကိုပါပဲ..
သတိထားမိလိုက်ချိန်မှာတော့ ကဗျာဆရာမဆိုတဲ့ အပေါ်မှာ ကိုယ်က သွက်သွက်ခါနေခဲ့ပါပြီ..။

ဟိုးငယ်ငယ်တုန်းက ကဗျာဆိုတာ ရှင်သန်ခြင်းရဲ့ အဟာရ ၊
နှလုံးသားရဲ့ မန္တန် ရင်ခုန်သံရဲ့စည်းချက်ဆိုတာမျိုးတွေတောင်ရေးမိခဲ့သေးရဲ့
နောက်..ကဗျာဆိုတာ ကဗျာဆရာရဲ့သစ္စာဓိဌာန်..၊
အဲဒီ့သစ္စာဓိဌာန်က ကမ္ဘာဦးတေးသံဖြစ်လိမ့်မယ်ဆိုတာမျိုးတွေ..
နောက်.. ငါတို့ယဉ်ကျေးမှုတစ်ခေတ်ကို အသစ်အတိုင်းရုပ်ကြွင်းဖြစ်စေဖို့..
ကိုယ့်နှလုံးသွေးကိုယ်မင်ရည်လုပ် ကိုယ့်အရေခွံကိုယ်ဆုတ်ပြီးစာစီကြဆိုတာမျိုးတွေ
နောက် ရေကြီးလွှမ်းလွှမ်းမီးကြီးလောင်လောင်ကမ္ဘာတစ်ခုပျက်လို့ နောက်ကမ္ဘာတစ်ခုပြန်စရင်
အဲဒီ့ကမ္ဘာကို ကဗျာဆရာတွေနဲ့ပြန်စမယ်ဆိုတာမျိုးတွေ
နောက်...အနုပညာဆိုတာ ကျွန်တော်မမွေးခင်ကတည်းက
ကျွန်တော့်သန္ဓေစိတ်မှာစွဲထင်နေတာဖြစ်ပြီး
ကျွန်တော်သေရင်တောင်ချန်ထားရစ်မယ့်အရာ ဖေဖေရဲ့ ဆိုတာမျိုးတွေ.....
တော်တော်များများတွေ..ရေးဖြစ်ခဲ့ပါတယ်..။

ဝတ္ထုတစ်ပုဒ်ထဲရေးခဲ့ဖူးသလို

ကျွန်တော်လား..ကဗျာဆရာပေါ့
ကျွန်တော်က ကဗျာဆရာလေ..
ကျွန်တော်ဟာ ကဗျာဆရာပါ
အဲသလိုပြောလိုက်ရတာကိုက တော်တော်ချိုနေခဲ့တယ်ဆိုတာလိုမျိုးပါပဲ..
ဒီနေရာမှာတင် အိန္ဒြာ့ရဲ့ ဒီဂရီကို နည်းနည်းတော့ တီးမိခေါက်မိရှိသွားမိကြမှာပါ..။

(၂)။

Tag ကို အခန်းတွေဘာတွေခွဲတင်နေတော့ မျက်မှောင်ကျုတ်သွားကြမလားပါပဲ..။
ဒီအပိုင်းက ၀ါသနာပါလွန်းလို့ လို့ ကိုယ့်ဘာသာကိုယ်ခေါင်းစဉ်တပ်ပါတယ်...။
အပေါ်မှာက ကြီးကြီးကျယ်ကျယ်တွေလျှောက်ပြောထားပြီးတော့ အခုက
အိန္ဒြာ့ရဲ့ တာဆီးလို့မရနိုင်တဲ့ ၀ါသနာပါခြင်းရဲ့ရလဒ်လေးတွေကို
ဘယ်သူ့မှမပြောပါဘူး..လူစုံတုန်းလေး..blog မှာတင်လိုက်တာ.။
စာရေးတာဘယ်လောက်ဝါသနာပါလဲဆိုရင်..ဘာမှမရေးဖြစ်ရင် ရီးစားစာရေးပေးပါတယ်..။
ကိုယ်ရေးပေးလို့စွံသွားတဲ့ အတွဲတွေအကြောင်းတော့မကြွားတော့ပါဘူး..။
နှစ်ခုထဲပဲပြောပြချင်တာပါ..။
ဆယ်တန်းနှစ်တုန်းက ခုံချင်းရှေ့ဆင့်နောက်ဆင့်ထိုင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်..။
စေတနာ့ဝန်ထမ်းရီးစားစာရေးပေးမှန်းသိလေတော့
ကောင်မလေးအတွက်သူဘယ်လိုတွေ ခံစားနေရတဲ့အကြောင်းတွေပြောပြပါတယ်..။
စိတ်ချ ကြွေစေရမယ်..။ရေးပေးမယ်..။
အမယ်..ငါ တိတ်တိတ်ကြိတ်ပြီးလမင်းလေးလို့ခေါ်နေတာတို့ဘာတို့လဲပါပါတယ်..။
အိုကေပါ..နင်ငါ့အကြာင်းသိတယ်မလား..။ သေသေချာချာ့ကို လက်စွမ်းပြပေးလိုက်ပါတယ်..။
နောက်နေ့ပေးမယ်ဆိုတဲ့နေ့ကျသူ့ကိုအခြေအနေမေးဖို့ရှာပေမယ့်မတွေ့ပဲ ကိုယ့်ခုံထဲမှာစာအိပ်အပြာရောင်လှလှလေးတစ်လုံးပဲတွေ့ပါတယ်..
လမင်းလေး အစချီထားတဲ့ ကိုယ့်ရေးထားတာအတိုင်းတသွေမတိမ်းကူးထားတဲ့ လက်ရေးလှလှ စာတစ်စောင်ပါ..။
(မလှလှအောင်တော်တော်လေးအားထုတ်ထားရမှန်းကို သိသာနေတာပါ)
ဟမ်...။ပထမတော့နားမလည်သေးပါဘူး..နောက်မှ...နောက်နေ့ ကွန်ပါဘူးပျံတွေ စာအုပ်ပျံတွေ ဖြစ်သွားတဲ့အထိတိုက်ပွဲပြင်းထန်သွားပါတယ်..
ငါ မှမရေးတတ်တာ...။
ငါ ခံစားနေရတာ...
((((((((((တော်..)))))))))))))။ @#$#%$#%^$^&%&^&$%#^& ပေါ့.။
အမယ်..သူ့ကြည့်ရတာ..လုပ်ကောင်းတဲ့အရာတစ်ခုကိုပဲလုပ်ရိုးလုပ်စဉ်လုပ်နေသလိုလို
တော်တော့်ကို ကသိကအောက်နိုင်တဲ့ ဒေါသထွက်ရခြင်းပါပဲ...။
ခုပြန်တွေးမိရင်တော့ ကျိတ်ရယ်နေမိပါတယ်..။
အော်..၀ါသနာကိုး.....
အမှတ်မရှိပါဘူး....၀ါသနာက ဘယ်နေလိမ့်မလဲ...
နောက် ဟင်္သာတမှာGTI (၃)နှစ် တက်ဖြစ်ပါတယ်..။
ဝါသနာ..အရှိန်ငြီးငြီးတောက်လောင်ခဲ့တဲ့ ကာလတွေပေါ့လေ..။
ဖောရှောပါ ။ သက်နိုင်ဦးလို့ခေါ်ပါတယ်..။ နေရပ်ဇာတိတော့မပြောတော့ပါဘူး..။
ကိုယ်တွေနောက်ဆုံးနှစ်မှာ..ပထမနှစ်ကကောင်မလေးကိုမရရင်သေပါတော့မယ်ဖြစ်ပါလေရော..။
ကိုယ့်၇ှိပြီးသားနာမည်လေးလုံးကို "မ"တစ်လုံးထပ်တပ်ပြီးမမောနိုင်မပမ်းနိုင်ခေါ်ပြီး..
ရီးစားစာရေးပေးဖို့ပူဆာပါတော့တယ်..။
ရှိသည့်ဝါသနာမနေသာမို့ သေသေချာချာရေးပေးလိုက်ပါတယ်.။
သူကအလျင်စလိုမို့ drawing paper အကြမ်းကိုဖြဲပြီး B2 ခဲသားနက်နက်နဲ့ကိုရေးပေးလိုက်ပါတယ်..။
(အင်း..ပြောရရင်ကိုယ်အဖို့ကရီးစားစာလောက်က လက်တမ်းလေ..)
သူကတော့ သွားပေးပါတယ် သေသေချာချာကိုပေးတာပါ..။
၏ သည်တောင်လွဲမှာစိုးလို့ စာရွက်အကောင်းနဲ့တောင်မကူးပဲ ဒီ့အတိုင်း..ကြီးကို သွားပေးလိုက်တာပါ..။(မူးနေတယ်လေ..သိတယ်မလား..နာမည်ကိုက ဖောရှောပါဆို..)
ဖြစ်ချင်တော့ကောင်မလေးက ကိုယ်နဲ့အဆောင်မှာတစ်ခန်းထဲ ကိုယ့်လက်ရေးလဲသိနေသူ..။
စိတ်တွေဆိုးပါရောလား..၊ မခေါ်နိုင်မပြောနိုင်တွေကိုဖြစ်ရော....ကဲ..
ကိုယ့်မလည်း တောင်းပန်ရလဲ ခက်..။ အတင်းနှုတ်တွေလိုက်ဆက်ပေါ့..။ .ပြုံးရမလိုမဲ့ရမလို လူကြီးလုပ်နေပြီး..အဆောင်မှာတော့ခန့်ခန့်ငြားငြားကြီး..။
ဒင်းကိုပဲ အမှုန့်ကြိတ်ချင်နေတော့တာပါ..။
ဒီလို ဒီလိုတွေပါ.၀ါသနာက...။

နောက်တော့ ၀ါသနာအရ ဘယ်လိုမှနေလို့မရတော့
Civil တစ်ခန်းလုံးရှိသမျှ အမျိုးသားများအားလုံးအတွက်
ဂန္တ၀င်မြောက်ကဗျာတွေရေးဖွဲ့ပေးလိုက်ပါတယ်..။
ရေးပေးတာက လက်ရေးသိပ်လှတဲ့ စုစုလွင်ပါ..။
ကပ်ပေးတာက အဲဒီ့တုန်းက ပထမနှစ်ကျောင်းသူ မျိုးစန္ဒာထွန်းပါ..။
A1 Drawing Paper ကြီးနဲ့ကို လှလှပပရေးပြီး...
အင်မတန်ခံ့ငြားလှတဲ့ကျောင်းနံရံမှာကပ်ပေးလိုက်တာပါ..။

အသက်အကြီးဆုံး ဖြစ်တဲ့ ကိုကျော်အောင်ဌေး(ကိုဖိုးညောင်)အတွက်က
လေးလေးစားစားနဲ့
လူကြီးသလောက်
ပေါက်တောက်တောက်နဲ့
ဖိုးညောင်မည်ပေး ကျော်အောင်ဌေး ဆိုတာမျိုး
အမြဲတမ်းစာရှုင်းပြခိုင်းရပြီးဂစ်တာတီးရင်ကြွက်လျောက်သလိုတီးတတ်တဲ့ စိုးမိုးအောင်အတွက်ကကျေးဇူးတင်တဲ့အနေနဲ့
ကောင်မလေးဆို
စာရှင်းလိုတယ်
ကြွက်ဘိ ဖွန်ကြောင် စိုးမိုးအောင် ဆိုတာမျိုး
နောက်
နဖူးပြောင်ပြောင်ရူးကြောင်ကြောင်နဲ့
သောက်တော့ကြွက်တွင်း ထွန်းထွန်းလင်းတို့
နောက်
လူမြင်ငွေချေး မပေးဂျစ်ကန်
ဖဲရိုက်ရန်တော် ဇော်လတ်နော်တို့..
နောက်
လမ်းလျှောက်ရင်တွန့်
အလွန့်ရစ်သူ
မိုးဆန်း ဟူဘိ...မြုံစိစိ တို့
စသဖြင့်..စဖြင့် တစ်ခန်းလုံးရှိသမျှ အကုန်အကြားအလပ်မရှိစေရအောင် မျှမျှတတချယ်မှုန်းရေးဖွဲ့ပေးလိုက်ပါတယ်..။
သူတို့ကလည်းသူတို့နာမည်ခေါင်းစဉ်အောက်က
သူတို့အတွက်ရေးဖွဲ့ပေးထားတဲ့
ကဗျာတွေကို အလုအယက်ရင်ခုန်ဖတ်ရှုကြဆိုပဲ..။

အဲ အဲ..
နောက်နေ့ကစပြီး..
၎ပေ ဂ လက်မလောက်ပဲရှိတဲ့ မော်ရည်ကျော်ကို
လူကပုပု ထိုင်ခုံခုလည်း
သုံးပေ မကျော် မော်ရည်ကျော် တို့
မျက်လုံးပြူးပြူးနဲ့လမ်းသလားနေတတ်တဲ့ တင်မိုးခိုင်အတွက်
လက်ကားခြေကား ဟိုဒီသွားသည်
မျက်လုံးပြူးပြူး မျက်နှာရူးတို့
နောက် အခု PHD ဘွဲ့ယူဖို့ဂျပန်မှာကျောင်းတက်နေတဲ့ သင်းသင်းထွဋ်အတွက်
်(သူက မီးရထားရုံပိုင်ကြီးရဲ့သမီးပါ)
ရုံပိုင်သမီးခေါင်းတွဲစီးလည်း
ဒီနှစ်ဂါတ်ဗိုလ် လူလိုနေတယ်
အလံပြပေး ၂ကျပ်ပေးမယ်..ဆိုတာမျိုး....
စသဖြင့်တွေ..ပလူပျံအောင်ထွက်လာပါတော့တယ်..။
အဲ...ဦးဆောင်သူကတော့ ကိုဖိုးညောင်ကြီးပါ..။
ညောင်ကျိုးသား ဂေါ်မစွံကြီး..ပေါ့
သူက ကာလီဖိုးနီးယားရောက် ကဗျာဆရာကိုလံဘတ်နဲ့ တစ်ခန်းထဲနေခဲ့သူဆိုတော့
ဘယ်ခေလိမ့်မလည်း...
အိန္ဒြာကို ဦးတည်ပြီးရေးလိုက်ဖွဲ့လိုက်တဲ့ ကဗျာတွေ......ကဗျာတွေ...
ပြောင်မြောက်ပေ့ဆိုတဲ့ စကားလုံးတွေနဲ့...လေ
ဘာတွေရေးလဲ ဆိုတာတော့ကာ....
ဟင်း..ဟင်း.......
ပြောမပြဘူး...။ ။

အိန္ဒြာ(၁၄.၆.၂၀၀၉)

###########################################################

မှတ်ချက်..။ ။ တော်တော်များများက ရေးပြီးနေကြပြီဆိုတော့
မတွေ့ချင်သူ ငါးဦးစလုံးနှင့် တွေ့ချင်သူထဲက ကိုမင်းသုခ ကို ဆက် Tag ပါတယ်.။

(ဒီပိုစ့်ကိုရေးဖြစ်အောင် သတိတရ Tag စာရင်းထဲထည့်ပေးတဲ့ဆရာလင်းဦး(စိတ်ပညာ)ကို ကျေးဇူးတင်ပါတယ်..။
ရေးရင်းရပ်မရပဲ စိတ်ကူးပေါက်လာလို့ နည်းနည်းရှည်သွားပါတယ်..။
ဖတ်ပြီးပြုံးပြန်သွားရင်ပဲ ရေးရကျိုးနပ်ပါပြီ..။)

(ပြာဖို့တစ်ခုကျန်သွားပါတယ်..အိန္ဒြာက အမြင်မတော်ရင် ကဗျာကောက်ရေးပစ်တတ်တယ်ဆိုတာပါ..။)

24 comments:

မယ့်ကိုး said...

ဖတ်ပြီး ပြုံးရုံတင်မကဘူး ရယ်ပါ ရယ်သွားပါတယ် မ...
အခုကော ဘယ်သူတွေကို ရည်းစားစာ ရေးပေးနေရသေးလဲဟင်...:P

Moe Myint Tane said...

ဟား ဟား ဟား မကြီးရေ ကိုယ်ရေးပေးတဲ့ ရည်းစားစာနဲ့ ကိုယ့်ပြန်ပေးခံရတာတော့ တော်တော်အောင့်သက်သက်နိုင်မှာနော်။ မကြီးကိုရော ဘယ်လိုပြန်ဖွဲ့လဲ။ ဟဲ ဟဲ ကိုဖိုးညောင်ကြီးနဲ့ တွေ့မှ မေးကြည့်ရမယ်။ ဘုရား တက်မယ့်တက်တော့လည်း မတွေ့ချင်သူ ငါးယောက်လုံးနဲ့ တွေ့ချင်သူထဲက ကိုကြီးသုတဲ့။ မကြီးကတော့ လုပ်ချလိုက်ပြန်ပြီ။ တက်ဂ်ပို့စ်တွေနဲ့ ကင်းလွတ်နေလို့ ကြိတ်ပျော်နေတာ။ မကြီးနဲ့ ကျမှဘဲ ပြေးမလွတ်တော့ဘူး။ ၀ါသနာတွေကများတော့ စဉ်းစားပြီးဖြည်းဖြည်းရေးပေးမယ်နော် မကြီးရေ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

MANORHARY said...

ဖြစ်ရလေနော်
တစ်ခါမှမတွေ့ဖူးဘူး
ကိုယ့်ပေးမယ့်စာကိုယ်ပြန်ရေးပေးတာတဲ့း)
တူတာကတော့ တက်ဂ်ပို့စ်တွေရေးရာမှာညံ့တာချင်းပါပဲ
း)

လင်းဦး(စိတ်ပညာ) said...

အဟားးး.. တကယ်ပါဗျ... ဟာသလေးနဲ့ စွက်တတ်သားပဲ.. အင်းလေ ဖြတ်သန်းခဲ့တာလည်း ဒီလိုကိုး..ကျေးဇူးပါ...

ကဗျာပိုးတွေချင်း တူပါတယ်... စီဆင်းဆဲ.. ဆက်လက်စီးဆင်းနေဆဲ၊ စီးဆင်းနိုင်ပါစေလို့...

ခင်းမင်လျက်

လင်းဦး(စိတ်ပညာ)

Unknown said...

ပြုံးရုံတင်မကဘူး..။ ၀ါးလုံးကွဲပါရယ်သွားတယ်..။ ရည်းစားစာပေးစရာရှိရင် အပူကပ်စရာ လူတစ်ယောက် ရသွားပြီ..။ ဟေ ဟေ့..။

ကျွန်တော်လည်း ၀ါသနာပါတယ်..။ ဘာဝါသနာပါတာ လဲဆိုတော့ "၀ါသနာပါရတာ" ကို ၀ါသနာပါတယ်..။ :P

သင်း said...

ဟင်္သာတကိုလွမ်းလိုက်တာဟာ
ကဗျာဆရာမကြီးရဲ့စစ်ကြေငြာစာတမ်းအတွက်
ငြိမ်းချမ်းဧကရီမှာ Pentagon လောက်နီးနီး အလုပ်ရှုပ်ခဲ့ကြတဲ့ ညတစ်ညကိုသတိရမိတယ်
၁၂နာရီလောက်မှာစခဲ့ကြပြီး အတိမ်းအစောင်းမခံနိုင်တဲ့
Operation ကြီးတစ်ခုလိုပဲ
ကုတင် ကိုအပိုင်စီးခံထားရလို့...
အိပ်လို့လဲမရ၊ စိတ်လည်းမကောက်ရဲနဲ့
မရှိတဲ့မျက်လုံးလေးအတင်းပြူးပြီး
စုစု ရေးနေသမျှ ဘုမသိဘမသိ ငေးနေခဲ့ရတာ
“အေး..နင်အိပ်ချင်ရင်အိပ်တော့၊ မနက်ကျရင် မျိုးသန္တာထွန်းကို ကင်းလိုက်စောင့်ပေးရမယ်” ဆိုတဲ့
စုစု စကားက တော်တော်ကိုနားဝင်ချိုတာ.....
စာရွက်ကြီး လိပ်ပြီး ကုတင် ပေါ်ကနေ စူပုပ်ပုပ်နဲ့ဆင်းသွားတဲ့ စုစု ကလည်း တော်တော်လှနေသလိုပဲ....
လွမ်းလိုက်တာဟာ...
အစ်မကြီးတစ်ယောက်လို ရှေ့ကနေမားမားမတ်မတ်ရပ်ပေး
သြဇာတွေးလည်းပေးတတ်တဲ့ စုစု ကိုလည်းသတိရလိုက်တာ...
ငါတို့တစ်ခန်းလုံး တစ်ယောက်မကျန် ကျောင်းပြေးပြီး
နတ်မော် ကို ထန်းရည် သွားသောက်ခဲ့ကြတာလည်းရေးပါဦး

Eaindra said...

သင်းသင်းမ

ရေးမယ်..Nagaoka တက္ကသိုလ်မှာပါ ပျံ့နှံသွားအောင် ဂျပန်လိုပါ ဘာသာပြန်ပစ်မယ်..
နင်တော်တော် ဖွပါလား မိန်းမကြီး.ဟင်..
တော်ကြာအိန္ဒြာ ထန်းရည်သမ ထင်နေမယ်..
ထင်လည်းနင်တို့ပါပါတယ်..

အေး နင့်ကွန်းမန့်ဖတ်ပြီးပိုပြီးလွမ်းသွားတယ်..
ကိုဖိုးညောင်ကြီးသနားတယ်ကွယ်..သူ
ဘယ်လိုပြန်ရေးရမယ်မှန်းမသိရှာဘူး..

Mhu Darye said...

ဝါးလုံးကွဲအောင်ကို ရယ် ဖြစ်သွားတယ်!
မရေးတတ်ဘူးလို့ ခြေဆင်းခံထားပေလို့ပေါ့... ခြေဆင်းများ မခံထားရင်...:P

ရယ်မောခြင်းရဲ့ လက်တွေ့ အကျိုးကြောင့် ဒီတနေ့ တော့ အသက်ရှည်သွားပြီ။
ရယ်မောစေသူ မကြီးရေ...
သာဓု သာဓု... ဟီးး

သင်း said...

ဥမ္မာသောင်းတင်(ခ)အိန္ဒြာ

နဖူးကမောက် တင်ကကောက်၍
ပြားခြောက်ကော့လန် ရှုမဟန်သည်
ပုံမလာပဲများ ဥမ္မာပဲလား

ဒီကဗျာလေးကိုသူငယ်ချင်းMZTO ဆီကရပါတယ်

Eaindra said...

ဟားဟား..

အိန္ဒြာ ချောတာလူတိုင်းသိတယ်...
ဟုတ်တယ်နော်..မမ(မနော်ဟရီ)

မနာလိုသူများရေးထားခြင်းသာ..
စာဖတ်ပရိတ်သတ်များချင်းယုံကြရန်

MTZO တွေ့မယ်...သူကဗျာငါမေ့နေလို့
ပြန်ရှာပြီးပိုစ့်သတ်သတ်ကိုတင်ပစ်မယ်...

MTZO said...

သားသားတိဝူးနော်.. သားသား 8 နေတာ..ရုံပိုင်ကြီး သမီး လုပ်တာ..... :P

MTZO said...
This comment has been removed by the author.
ဆောင်းယွန်းလ said...

နောက် ရေကြီးလွှမ်းလွှမ်းမီးကြီးလောင်လောင်ကမ္ဘာတစ်ခုပျက်လို့ နောက်ကမ္ဘာတစ်ခုပြန်စရင်
အဲဒီ့ကမ္ဘာကို ကဗျာဆရာတွေနဲ့ပြန်စမယ်ဆိုတာမျိုးတွေ
နောက်...အနုပညာဆိုတာ ကျွန်တော်မမွေးခင်ကတည်းက
ကျွန်တော့်သန္ဓေစိတ်မှာစွဲထင်နေတာဖြစ်ပြီး
ကျွန်တော်သေရင်တောင်ချန်ထားရစ်မယ့်အရာ ဖေဖေရဲ့ ဆိုတာမျိုးတွေ.....
တော်တော်များများတွေ..ရေးဖြစ်ခဲ့ပါတယ်..။

မိုက်မိုက်မဲမဲကို ရူးသွပ်ခဲ့တယ်ဆိုပါတော့း ဒါကြောင့်လည်း ငါ့ညီမရဲ့စာတွေကဗျာတွေက အရောင်တဖိတ်ဖိတ်လက်နေတာနေမှာ...

အိုင်လွယ်ပန် said...

နောက်ဆို ကျွန်တော့်ရည်းစားစာ
အစ်မရေးခိုင်းမယ် ...
(ကြိုက်နေတာ ၇နှစ်လောက်ရှိနေတာတောင် ရည်းစားစာ
တောင်းတောင်းနေသေးတဲ့ တစ်ယောက်ရှိလို့ :))

ဇေဇော် said...

အစ်မရေ... ဘလော့ဂါတွေကို စာဖွဲ့ပါဦး...။ အဲဒါဆို တော်တော် ပျော်ဖို့ကောင်းမယ်ဗျ...။

Mogok Thar said...

အမြင်မတော်
ကဗျာပေါ်တက်ဟစ်
အိန္ဒြာ မကစ်တာ
ဘယ်သူ ကျန်ပါသေးသလဲ။
(ခင်လို့စတာ.. ရေးထားတာလေးတွေ တွေးတွေးပီး ရယ်မိလို့ပါ)

လင်းဒီပ said...

အစ်မရေ...
ကိုအိပ်မက်ရှင်
ကိုမိုးမြင့်တိမ်
ကိုမိုးမောင်တို့အကြောင်းလည်း ထိထိမိမိ ကဗျာလေးဘာလေး ဖတ်ချင်တယ်ဗျ...
:P

thitkaungeain said...

ဒေါ်ကြီးဥမ္မာသောင်တင်ရေ
ကိုယ်တို့ကတော့ ၀ါသနာထက် ၀ါဝါ့ကိုပဲ စိတ်ဝင်စားတယ် ကိုယ်စိတ်ဝင်စားတဲ့ ကြောင်မလေးနာမည်က ၀ါဝါတဲ့

MANORHARY said...

တော်သေးတယ် အိန္ဒြာရေ
ဒီတစ်ခါတော့ ကြောင်ကယ်သွားလို့း)

Eaindra said...

မမရေ...

ကလောင်နာမည်နောက် တစ်မျိုးတိုးတာပေါ့...

သစ်ကြောင်ဝါတို့..ဘာတို့ မိုက်တယ်

သူများနာမည်ကို ၀စ္စပေါက်ကျန်အောင်ခေါ်တယ်

မသက်ဇင် said...

အိန္ဒြာ ရေ
"၀ါသနာပါလွန်းလို့"
ဖတ်သွားပါတယ်
သတိတရလာလည်ပါတယ်
ချစ်ခင်လျက်

အရုပ်ကလေး said...

မကြီး ...

အရင်ပို့စ်လေးတွေနဲ့ မတူတဲ့ပို့စ်ကို ဖတ်ရတာ စိတ်ထဲ
ခံစားမှု အပြောင်းအလဲလေး ရရှိစေတယ် ..။

အတော်ပဲ ...
အရမ်းချစ်နေရတဲ့ သူတစ်ယောက် တွေ့ထားတယ် ..
မကြီးရေးပေးလို့ ကြွေမယ်ဆိုရင် ဂွတ် .. ဟိဟိ
ရေးပေးရမယ်နော် ... ကိုယ့်မောင်လေးကို ..။

အရုပ်ကလေး said...

မကြီး ...

အရင်နဲ့ မတူတဲ့ ပို့စ်လေး တစ်ပုဒ်မို့ ခံစားမှု အပြောင်းအလဲလေး ဖြစ်စေသလို ရယ်မောခြင်းကို
ဆောင်ကျဉ်းသွားတယ် ..။

အတော်ပဲ ..
ချစ်နေရသူ တစ်ယောက် တွေ့ထားတယ် ..
မကြီး ရေးပေးလို့ ကြွေမယ်ဆို .. ဂွတ် ..

ရေးပေးမှာလား .. ကိုယ့်မောင်လေးကို ..

အရုပ်ကလေး said...

မကြီး ...

အရင်နဲ့ မတူတဲ့ ပို့စ်လေး တစ်ပုဒ်မို့ ခံစားမှု အပြောင်းအလဲလေး ဖြစ်စေသလို ရယ်မောခြင်းကို
ဆောင်ကျဉ်းသွားတယ် ..။

အတော်ပဲ ..
ချစ်နေရသူ တစ်ယောက် တွေ့ထားတယ် ..
မကြီး ရေးပေးလို့ ကြွေမယ်ဆို .. ဂွတ် ..

ရေးပေးမှာလား .. ကိုယ့်မောင်လေးကို ..